Wednesday, June 1, 2011

အသံလွှင့်သတင်း (နိဂုံးပိုင်း)

“သတင်းစာရဲ့ အသက်ဟာ အရေးအသားဖြစ်သလို အသံလွှင့်လုပ်ငန်းရဲ့ အသက်ဟာ ‘အသံ’ ဖြစ်တယ်။ ကြည်တဲ့၊ မြည်တဲ့၊ ပီတဲ့ အသံဖြစ်မှ နားထဲကို ‘ရှောခနဲ’ ဝင်သွားပါတယ်။ အသံပြာကြီးနဲ့၊ ဒါမှမဟုတ် နှာခေါင်းသံနဲ့ ပြောတဲ့အသံဆိုရင် နားထဲမှာ ‘ဗလုံးဗထွေး’ ကြီး ဝင်သွားတော့ ဘာပြောလိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိတော့ဘူးပေါ့ …”

(၂) အသံလွှင့်လုပ်ငန်း ဆိုတာ ‘လတ်တလောကိစ္စ’ ဖြစ်တယ်

အသံလွှင့်လုပ်ငန်းအနေနဲ့ သတင်းစာအပေါ် အသာစီးရတာက လတ်တလောဖြစ်ပျက်တဲ့ သတင်းတွေကို ချက်ချင်းလက်ငင်း ပူပူနွေးနွေး တင်ဆက်နိုင်တယ် ဆိုတဲ့ အချက်ဖြစ်တယ်။

သတင်းကြေညာတဲ့ပုံစံဟာ လောလောလတ်လတ် ဖြစ်ပွားတဲ့ကိစ္စကို ပူပူနွေးနွေး ဖောက်သည်ချတဲ့ ပုံစံမျိုးဖြစ်ရပါမယ်။

“တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်ခဲ့ပါတယ်လို့ ဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်” လို့ပြောမယ့်အစား -


“တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်နေတယ်လို့ ဝန်ကြီးက ပြောကြားသွားပါတယ်” လို့ပြောမှ ပူပူနွေးနွေး လောလောလတ်လတ်ဖြစ်တဲ့ သတင်းရယ်လို့ နားထောင်သူက ယူဆပါမယ်။ အဲဒီလို ယူဆမှ သတင်းတန်ဖိုး ပိုရှိပါတယ်။

(၃) ကိုယ့်အတွက် ပြောပြနေတာလို့ ယူဆရမယ်

သတင်းကို နားထောင်ရင်းနဲ့ သတင်းကြေညာနေသူဟာ ကိုယ့်အတွက် ပြောပြနေတာပါလားလို့ စိတ်ထဲမှာ စွဲထင်သွားစေမှ သတင်းကြေညာရကျိုးနပ်ပါတယ်။ အဲဒီလို စွဲထင်သွားစေဖို့အတွက် သတင်းကြေညာပုံဟာ လူတယောက်က တခြားလူတယောက်ကို ပြောပြနေတဲ့ ပုံစံမျိုး မဖြစ်စေရပါဘူး။ စကားပြောပုံစံ ဖြစ်ရပါမယ်။ စကားပြောပုံစံ ပီပြင်လေ သတင်းဟာ နားထောင်လို့ကောင်းလေ ဖြစ်ပါတယ်။

(၄) တကြိမ်သာ ကြားလိုက်ရတာဖြစ်တယ်

အသံလွှင့်ကြေညာတာဟာ တကြိမ်တခါသာ ကြားလိုက်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ သတင်းစာလို မရှင်းလို့ နောက်တခေါက် ပြန်ကြည့်လို့ရတာမျိုး မဟုတ်ပါဘူး။ အဲဒါကြောင့် ကြေညာရာမှာ ရှင်းလင်းပြတ်သားဖို့ သိပ်အရေးကြီးပါတယ်။

ဝါကျရှည်ကြီးတွေအစား တတ်နိုင်သမျှ အတိုဆုံး ဝါကျတွေ ဖြစ်စေရပါမယ်။ ဝါကျတခုမှာ အကြောင်းအရာတခုသာ ပါစေသင့်ပါတယ်။ အကြောင်းအရာ နှစ်ခုသုံးခုကို တစ်ဆက်တည်းပြောသွားရင် နားထောင်သူရဲ့ ခေါင်းထဲမှာ ရှုတ်ထွေးသွားစေပါတယ်။

(၅) အသံလွှင့်လုပ်ငန်းရဲ့ ‘အသက်’ ဟာ အသံဖြစ်တယ်

သတင်းစာရဲ့ အသက်ဟာ အရေးအသားဖြစ်သလို အသံလွှင့်လုပ်ငန်းရဲ့ အသက်ဟာ ‘အသံ’ ဖြစ်တယ်။ ကြည်တဲ့၊ မြည်တဲ့၊ ပီတဲ့ အသံဖြစ်မှ နားထဲကို ‘ရှောခနဲ’ ဝင်သွားပါတယ်။ အသံပြာကြီးနဲ့၊ ဒါမှမဟုတ် နှာခေါင်းသံနဲ့ ပြောတဲ့အသံ ဆိုရင် နားထဲမှာ ‘ဗလုံးဗထွေး’ ကြီး ဝင်သွားတော့ ဘာပြောလိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိတော့ဘူးပေါ့။

အသံတူစကားလုံးတွေကို ထပ်မသုံးမိအောင် သတိထားဖို့လည်း အရေးကြီးပါတယ်။

“အဆောက်အဦကို ဆောက်လုပ်မယ့် ဆောက်လုပ်ရေးကုမ္ပဏီက တနှစ်အတွင်း အပြီးဆောက်လုပ်မယ်လို့ ပြောကြားသွားပါတယ်” လို့ ပြောမယ့်အစား -

“တနှစ်အတွင်း အပြီးတည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးကုမ္ပဏီက ပြောကြားသွားပါတယ်” လို့ ပြောရင် ပိုသင့်တော်ပါတယ်။

“ကလေးကောလိပ် ဖွင့်လှစ်ခြင်း” လို့ ပြောလိုက်ရင် နားထောင်သူက ကလေးတွေအတွက် ကောလိပ်ကျောင်း ဖွင့်တာလို့ ယူဆသွားနိုင်ပါတယ်။ “ကလေးမြို့ ကောလိပ်ဖွင့်လှစ်ခြင်း” လို့ ပြောလိုက်ရင် ပိုပြီး ရှင်းသွားစေတာပေါ့။

နားထဲကို ‘ရှောခနဲ’ ဝင်သွား-မသွား၊ အဓိပ္ပာယ်ရှင်း-မရှင်း သိဖို့ရာအတွက် အသံလွှင့်သတင်း ရေးသားကတည်းက ပါးစပ်က အသံထွက်ရွတ်ဆိုပြီး ရေးတာဟာ အကောင်းဆုံးပါ။

ကိုယ့်ပါးစပ်က အသံထွက် ရွတ်ဆိုလိုက်တဲ့ အသံဟာ ကိုယ့်နားထဲမှာ –

ထိုးထိုးထောင်ထောင်ကြီး ဖြစ်နေရင် –

ထူးထူးဆန်းဆန်းကြီး ဖြစ်နေရင် –

မရှင်းမလင်း ဗလုံးဗထွေး ဖြစ်နေရင် –

ဟိတ်ကြီးဟန်ကြီး ဖြစ်နေရင် –

ရှုတ်ထွေးရှည်လျားနေရင် –

အဲဒီသတင်းကို မလွှင့်ပါနဲ့၊ အသစ် ပြန်ရေးလိုက်ပါ။

(သင့်ဘဝမဂ္ဂဇင်း သတင်းစာပညာ သောင်းပြောင်းထွေလာ အခန်းဆက်ဆောင်းပါးမှ အဖြုတ်ခံရ)
(မြန်မာသတင်းသမဂ္ဂ၏ ၂ဝဝ၄ မေလ ဥဒါန်းမဂ္ဂဇင်း အမှတ် ၁ မှ ကောက်နုတ်ဖော်ပြပါတယ်)

No comments: