- ဂျိုးဆက်ဖ် ယွန်း တွေ့ခဲ့ရတဲ့ မြန်မာ့အခြေအနေ အားတက်ဖွယ် မရှိ
- ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေး စီမံကိန်း စတင်
- အာရှ ပါမောက္ခများ NLD တွင် သင်တန်းပေးမည်
- စစ်တပ်က ကြံစိုက်မြေ ဧကရာချီသိမ်းယူသည့်အတွက် တောင်သူများ စားဝတ်နေရေး အကြပ်အတည်းဖြစ်နေ
- ကျောက်ဖြူမီးလောင်၊ ကျပ်သိန်း ၃၀ ဖိုးဆုံးရှုံး
- တောင်ကြီးမြို့ လိုင်စင်မဲ့ကား ထောင်ကျော်အား နေပြည်တော် ဖမ်းမိန့်ပေး
- ဥရောပ-တရုတ် ဆည်စီမံကိန်းကြောင့် ဒေသခံလူထု ၈ ထောင်ကျော် ပြောင်းရွှေ့ရန် အမိန့်ပေးခံရဟု KNGY ထုတ်ပြန်
- ရန်ကုန် လေကြောင်းလိုင်း ဦးဇော်ဇော် ဝယ်ယူ
- ပြည်သူ့စစ်တွေကိုပါ KIO အသင့်ပြင်ထား
- ဒေါ်လာဈေးကျသဖြင့် ပို့ကုန်လုပ်ငန်းထိခိုက်
- ဘတ် သန်း ၁၅၀ တန် မူးယစ်ဆေးများ ဖမ်းမိ
- တာ့ဆန်းရေကာတာ တရုတ်အင်ဂျင်နီယာ ပျောက်ဆုံးမှု ဗျူဟာမှူးရာထူးပြုတ်ဖွယ်ရှိ
- ဘန်ကောက်ပို့စ်နှင့် နေရှင်း မြန်မာတွင် စတင်ဖြန့်ချိ
NLD နဲ့နီးစပ်လာတဲ့ မြန်မာ ပညာရှင်တွေ
BBC News။ 1-6-2011NLD က ဇွန်လထဲမှာဖွင့်လှစ်မယ့် နိုင်ငံရေးသင်တန်းမှာ အရင်က အတိုက်အခံနဲ့ ကင်းကင်းနေခဲ့တဲ့ ပညာတတ် ပုဂ္ဂိုလ်တွေကလည်း သင်တန်းပို့ချမှာ ဖြစ်ပါတယ်။
အဲဒီ နိုင်ငံရေး သင်တန်းမှာ ဟောင်ကောင်ရှိ စီးတီး တက္ကသိုလ်က အာရှ နှင့်နိုင်ငံတကာ လေ့လာရေးဌာန လက်ထောက်ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင်နဲ့အတူ စင်ကာပူအခြေစိုက် တက္ကသိုလ်တွေက မြန်မာပညာရှင်တွေနဲ့ အခြား နိုင်ငံခြားသားပညာရှင်တွေလည်း ပါဝင်ကြမယ်လို့ သိရပါတယ်။
သင်တန်းနည်းပြတွေအဖြစ်လုပ်ပေးဖို့ ဒေါက်တာ ကျော်ရင်လှိုင်တို့ဘက်က စတင်ကမ်းလှမ်းခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်ပိုင်းက သဘောတူကြတဲ့အတွက် အခု သင်တန်း အစီအစဉ်ကို လုပ်ခဲ့ကြတာလို့ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးလည်း ဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်တဦးလည်းဖြစ်တဲ့ ဦးအုန်းကြိုင်က ဘီဘီစီ ကို ပြောပါတယ်။
အခု နိုင်ငံရေးသင်တန်းမှာပေးမယ့် အကြောင်းအရာ ခေါင်းစဉ်တွေကို NLD နဲ့ ပညာရှင်တွေ ၂ ဘက် ညှိနှိုင်းခဲ့တာဖြစ်ပြီး အသွင်ကူးပြောင်းရေးဆိုင်ရာ သီအိုရီများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဥပဒေရေးဆိုင်ရာ စဉ်းစားပုံ စတဲ့ ခေါင်းစဉ်တွေလည်း ပါဝင်ကြောင်း ဦးအုန်းကြိုင် က ပြောပါတယ်။
အရင်က အတိုက်အခံ နဲ့ မနီးစပ်ခဲ့တဲ့ အဆိုပါ ပညာတတ်ပုဂ္ဂိုလ်များ NLD သင်တန်းကို လာပေးတာနဲ့ပတ်သက်လို့ ထူးခြား မနေဘူးလား လို့ ဦးအုန်းကြိုင်ကို ဘီဘီစီကမေးရမှာတော့ NLD အနေနဲ့ ချထားတဲ့ ပေါ်လစီအတိုင်း ကျယ်ပြန့်တဲ့ ကွန်ယက် တည်ဆောက်ရေးဆိုတဲ့အောက်မှာ ကိုယ်နဲ့ နိုင်ငံရေးတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လက်တွဲလုပ်ဆောင်သွားမယ် လို့ သူက ပြန်ဖြေပါတယ်။
NLD ရုံးချုပ်မှာလုပ်မယ့် အဲဒီ နိုင်ငံရေးသင်တန်းကို ဇွန်လ ၂၀ ရက် နေ့ကနေ ၂၉ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး NLD အဖွဲ့ဝင် ၈၀ ဦးခန့် တက်ရောက်မယ်လို့ သိရပါတယ်။
မက်ကိန်းသည် အားသစ်တခုဟု ဦးဝင်းတင်ပြော
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၂ မိနစ်နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်း John McCain မြန်မာ့အရေး လာရောက်ဆွေးနွေးသည်မှာ အင်အားသစ်တခု တိုးလာခြင်းဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။
“မြန်မာပြည်အရေးကို သံတမန်ချင်း လက်ဝါးရိုက်ပြီး ဗမာပြည်ကိုလည်း ပြန်မပြော၊ အဲလိုလုပ်မယ့်အစား ဂျွန်မက်ကိန်းလို ပွင့်ပွင့်လင်းလင်းပြောတဲ့ ပုဂ္ဂိုလ်မျိုးဟာ သူဆွေးနွေးသမျှကို လူသိရှင်ကြား ပြန်ပြောမှာပဲ၊ ဖွင့်ချမှာပဲလို့ ယူဆပါတယ်။ တခြားသော သံတမန်တွေထက် ပိုပြီး ပွင့်လင်းမှု ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါကြောင့် မက်ကိန်းလာခြင်းဟာ ဘာပဲပြောပြော အင်အားသစ်တခု တိုးလာတယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တွင် စတင်လိုက်ကာ ဂျွန်မက်ကိန်းသည် ကြာသပတေးနေ့ နေ့လည် ၂ နာရီတွင် NLD ရုံးချုပ်၌ CEC အဖွဲ့နှင့် ဆွေးနွေးမည်ဖြစ်ပြီး၊ ဦးဝင်းတင်မှာမူ ကျန်းမာရေးအခြေအနေအရ တက်ရောက်နိုင်မည် မဟုတ်ပေ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်လာရန်အတွက် ကြိုးပမ်းပေးရန် မစ္စတာဂျွန်မက်ကိန်းကို NLD ဘက်က ပြောဆိုရန် စီစဉ်ထားသည်။
“ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟိုဘက်က ဦးသိန်းစိန်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းပေးပါလို့ ပြောရမှာပေါ့။ နောက် ကျနော်တို့အဖွဲ့ချုပ် ဆက်လက်ရပ်တည်ရေး ကြိုးပမ်းနေတဲ့ ကိစ္စတွေ ရှင်းပြမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရေးဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ အခြေခံဖြစ်တယ်။ ဒါကို ကူညီဆောင်ရွက်ပေးပါလို့ ပြောမယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
တနေ့တည်းတွင် မစ္စတာမက်ကိန်းက ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန် အပါအဝင် လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP နှင့်ပါ တွေ့ဆုံဦးမှာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေအိမ်သို့ သွားရောက်တွေ့ဆုံမည်။
မေလ ၁၈ ရက်နေ့တွင် အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Y Yun မြန်မာနိုင်ငံသို့ ၄ ရက်ကြာ လာရောက်ခဲ့အပြီး သီတင်းပတ်နှစ်ပတ်အကြာ ဆီးနိတ်အမတ်တဦး ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။
“ခက်တာက အမေရိကန်က ဒီမိုကရေစီနိုင်ငံဗျ။ လွှတ်တော်ကလည်း ၂ ရပ်၊ ကဏ္ဍ ကဏ္ဍအလိုက် check and balance လုပ်နေရတော့၊ လွှတ်တော်အမတ်ကလည်း လွှတ်တော်အမတ်တာဝန် လုပ်ရတာရှိတော့ သူ့ကဏ္ဍနဲ့သူ ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
မစ္စတာကိန်းသည် ကြာသပတေးနေ့ နေ့လည် ၁၂ နာရီတွင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီအင်အားစု NDF ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်များအပြင် ကချင်ဘာသာရေး ခေါင်းဆောင်တဦးနှင့်လည်း တွေ့ဆုံဖို့ရှိကြောင်း NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
“သူ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ဆက်ထားဖို့သင့်တယ်ဆိုရင် ကျနော်တို့က မေးစရာ ရှိတာပေါ့ဗျာ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးအတွက် ပိတ်ဆို့ထားတယ်။ ဒီနှစ် ၂ဝ မှာ မရခဲ့ဘူး။ အခု ဆက်ပိတ်ထားမယ်ဆိုရင်ရော ရနိုင်မယ်လို့ ဘယ်သူက အာမခံချက်ရှိလို့လဲ။ ဘယ်အာမခံချက်နဲ့ ဆက်ပိတ်မှာလဲဆိုတာ ကျနော်တို့ မေးကောင်း မေးရဖို့ အကြောင်းရှိမှာပါ။ ကျနော်တို့နိုင်ငံမှာ စီးပွားရေးပိတ်ဆို့ထားမှုက နံပါတ်တစ် ဖြစ်နေတာကိုး” ဟု သူက ဆိုသည်။
မစ္စတာကိန်းအနေနှင့် အစိုးရ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံမည်ဖြစ်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး အကျဉ်းသားများအရေးနှင့် ဒုက္ခသည်များအရေးကို ဆွေးနွေးသွားမည်ဟု အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ အမေရိကန်ခေါင်းဆောင်များ တလအတွင်း ၂ ကြိမ် လာရောက်ခဲ့သလို၊ အိမ်နီးချင်း တရုတ်နိုင်ငံမှ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ကျာချင့်လင်လည်း ဧပြီလဆန်းပိုင်းတွင် လာရောက်ခဲ့ပြီး၊ မြန်မာသမ္မတ ဦးသိန်းစိန်လည်း တရုတ်နိုင်ငံသို့ မေလ ၂၆ ရက်နေ့တွင် သွားရောက်ခဲ့သေးသည်။
“အမေရိကန်အစိုးရနဲ့ တရုတ်နဲ့ ဗမာပြည်ပြင်ပမှာ ဆွေးနွေးစေချင်တယ်။ ဒီစစ်အစိုးရကို မဏ္ဍိုင်ပြုပြီးတော့ တရုတ်က ဆွေးနွေးလိုက်၊ အမေရိကန်က ဆွေးနွေးလိုက် လုပ်နေရင် အရပ်စကားနဲ့ ပြောရရင် လူရာသွင်းပြီး လုပ်နေသလို ဖြစ်နေတယ်။ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အာရှမြောက်ပိုင်း၊ အာရှ အရှေ့မြောက်ပိုင်းဒေသပေါ့။ အဲလိုနေရာမျိုးမှာ ခိုင်ခိုင်မာမာ ဆွေးနွေးသင့်တယ်လို့ ယူဆတယ်ဗျ” ဟု ဦးဝင်းတင်က ဆိုသည်။
အမေရိကန် ခေါင်းဆောင်များအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်တိုင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလေ့ရှိသည်။
ရန်ကုန်မြို့ရှိ တရုတ်သံရုံးသည် ၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပအပြီး NLD ထံ လာရောက်တွေ့ဆုံသည့် ပထမဆုံးသော နိုင်ငံခြားသံရုံး ဖြစ်ခဲ့သော်လည်း ယခုအခါ NLD နှင့် တရားဝင် ဆက်ဆံရေး မရှိတော့ကြောင်း သိရသည်။
ဂျိုးဆက်ဖ် ယွန်း တွေ့ခဲ့ရတဲ့ မြန်မာ့အခြေအနေ အားတက်ဖွယ် မရှိ
By ဦးဝင်းမင်း အင်္ဂါ, 31 မေ 2011မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။
အခြေအနေတွေ တိုးတက်လာဖို့အတွက် စိတ်ရှည်ရှည်ထားပါလို့ မြန်မာအစိုးရက ပြောခဲ့ပေမဲ့ စောင့်လာတဲ့ အချိန်တွေသာ ကြာလာပေမဲ့ တိုးတက်မှု ရှိမလာဘူးလို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြောလိုက်တာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ အခုလို ပြောသွားခဲ့တဲ့အကြောင်း အပြည့်အစုံကို ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။
ဒီနေ့ ၀ါရှင်တန်မြို့တော်က CSIS ခေါ် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့မှာ လုပ်တဲ့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဆက်ဆံရေး ဆွေးနွေးပွဲမှာ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းပ်ဘဲလ်က မကြာသေးခင်က မြန်မာနိုင်ငံက ပြန်လာခဲ့တဲ့ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းရဲ့ တင်ပြချက်တွေကို သုံးသပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလို သုံးသပ်ရာမှာ ယေဘုယျအားဖြင့်တော့ စိတ်ပျက်ဖို့ ကောင်းတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ဆိုပါတယ်။
“ကျနော်ထင်ပါတယ်၊ ကျနော်တို့ မြင်ခဲ့ရတဲ့ တိုးတက်မှု အနေအထားက ယေဘုယျအားဖြင့်တော့ စိတ်ပျက်ဖို့ကောင်းပြီး အထင်ကြီးစရာ မရှိဘူးလို့ လုံးဝ ပြောနိုင်ပါတယ်။”
မစ္စတာ ကမ့်ပ်ဘဲလ်ဟာ နှစ်ပေါင်း ၁၄ နှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိအဖြစ် ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံကို သွားလည်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်မှာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကမ့်ပ်ဘဲလ်ကပဲ မြန်မာနိုင်ငံမှာ မနှစ်က ရွေးကောက်ပွဲတွေ အပြီးမှာ အမေရိကန်နိုင်ငံ အနေနဲ့ စိတ်ပျက်ခဲ့ရပေမဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်ပြီး ကြိုးစားခဲ့ရာမှာ အတိုက်အခံပါတီ အားလုံးနဲ့တော့ ပွင့်ပွင့်လင်းလင်း အတွင်းကျကျ ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ရွေးကောက်ပွဲတွေကို ကျနော်တို့က စိတ်ပျက်ခဲ့ရပေမဲ့ ဒီနေရာမှာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အလားအလာတွေ ရှိတယ်လို့ ကျနော်တို့ ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်ထဲက အရေးပါတဲ့ တခြားပါတီတွေနဲ့ ကျနော်တို့ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီနဲ့ နက်နက်ရှိုင်းရှိုင်း အပြန်အလှန် ဆွေးနွေးခဲ့တယ်၊ အလားတူပဲ တခြားအဖွဲ့တွေဖြစ်တဲ့ ပါလီမန်ထဲက တိုင်းရင်းသား အုပ်စုတွေ၊ တခြားအုပ်စုတွေနဲ့လည်း အတွင်းကျကျ ဆွေးနွေးခဲ့ပါတယ်။”
သူကပဲ မြန်မာအစိုးရနဲ့လည်း အခုလို တိုက်ရိုက် ညှိနှိုင်းဆွေးနွေးနိုင်ပြီး မြန်မာဘက်က တိုးတက်မှုတွေ စလုပ်ပြလာရင် အပြုသဘော ပြန်တုံ့ပြန်ပေးဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တက်လာအပြီးမှာ လနဲ့ချီ အချိန်ယူပြီး ဖိအားပေးတာအပြင် ဆက်ဆံ ဆွေးနွေးတာတွေ လုပ်ဖို့ လမ်းစဉ်သစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုတက်လာတဲ့ မြန်မာအစိုးရသစ် အနေနဲ့လည်း သင့်တော်တဲ့ အပြောင်းအလဲတွေ လုပ်လာရင် အခုလို အပြုသဘော ပြန်တုံ့ပြန်ဖို့ အမေရိကန်ဘက်က အသင့်ပြင်ထားတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ဆက်ပြောပါတယ်။
“ကျနော်ထင်ပါတယ်၊ ကျနော်တို့ ပေါ်လစီ ပြန်သုံးသပ်မှုတွေ လုပ်ခဲ့ရာမှာ နေပြည်တော်ဘက်ကနေ သင့်တော်တဲ့ တိုးတက်မှုတွေ လုပ်ပြလာမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း မြန်မာအစိုးရသစ်နဲ့ အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပြီးသားပါ။”
ဒါပေမဲ့လည်း အခုလို တိုက်ရိုက် ဆက်ဆံမှုတွေ လုပ်ရာမှာ အမေရိကန်ဘက်ကပဲ လမ်းဖွင့်ပေးလို့ မရဘဲ မြန်မာအစိုးရဘက်ကလည်း တိုးတက်မှုတွေ စပြဖို့ လိုမယ်လို့ သူက ဆိုပါတယ်။ အထူးသဖြင့်တော့ မြန်မာအစိုးရသစ်ဘက်က တိုးတက်မှုတွေ မပြဘဲ စောင့်ပါဦး၊ တဖြည်းဖြည်းတော့ ဖြစ်လာမှာပါ ဆိုတာမျိုးနဲ့တော့ မရဘူးလို့ မစ္စတာ ကမ့်ပ်ဘဲလ်က သတိပေးလိုက်ပါတယ်။
“သည်းခံပါ၊ ကျနော်တို့ကို အချိန်ပေးပါဦးလို့ ပြောရုံနဲ့တော့ မလုံလောက်နိုင်ဘူးဗျ။ စောင့်ခဲ့တဲ့ အချိန်ကလည်း အများကြီး ကြာခဲ့ပြီးပြီ။ သည်းခံခဲ့ရတာကလည်း မနည်းတော့ဘူးလေ။ ပထမအနေနဲ့ အာဆီယံမှာပါတဲ့ ကျနော်တို့ မိတ်ဆွေတွေ အနေနဲ့ ဒီလို တိုးတက်မှုတွေ မြင်ရဖို့ မျှော်လင့်ချက်တွေနဲ့ စောင့်ခဲ့တာ နှစ်ပေါင်းများစွာပဲလေ။ ဒါပေမဲ့ ထူးထူးခြားခြား တိုးတက်မှုတွေ ရှိမလာခဲ့ပါဘူး။”
အမေရိကန် အစိုးရ အရာရှိတွေ အနေနဲ့ ဖိအားရော ဆက်သွယ် ဆောင်ရွက်မှုတွေကိုပါ နည်း ၂ ခုလုံးကိုသုံးပြီး ဆောင်ရွက်ခဲ့ရာမှာ ထူးခြားမှုတွေ မရှိသေးပေမဲ့ ဒီပေါ်လစီ ၂ ခုလုံးကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ဆိုကြပါတယ်။
အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းရဲ့ ပြီးခဲ့တဲ့ ၂ ပတ်က ခရီးစဉ်ထဲမှာလည်း အမေရိကန်ဘက်က ပိတ်ဆို့မှုတွေ လျှော့ပေးနိုင်ဖို့ဆိုရင် မြန်မာဘက်ကလည်း သိသာတဲ့ တိုးတက်မှုတွေ လုပ်ပေးရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
ဒီအပတ်ထဲမှာလည်း အမေရိကန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်တုန်းက လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားနဲ့ ယှဉ်ပြိုင် အရွေးခံခဲ့တဲ့ လက်ရှိ ရီပတ်ဘလီကန်ပါတီ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာလည်း မြန်မာနိုင်ငံကိုသွားပြီး အကျဉ်းသားတွေ လွတ်မြောက်မှု အပါအ၀င် တိုးတက်မှုတွေ ရှိလာရေး ကြိုးစားဖို့ ရှိပါတယ်။
တချိန်တည်းမှာပဲ CSIS ခေါ် အမေရိကန်နိုင်ငံက သုတေသနအဖွဲ့ရဲ့ ဆွေးနွေးပွဲထဲမှာ မစ္စတာ ကမ့်ပ်ဘဲလ်ကပဲ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံ အားလုံးနဲ့ ပိုမို ထဲထဲဝင်ဝင် ဆက်ဆံရာမှာ ဒေသတွင်း တည်ငြိမ်ရေးအတွက် အင်အား ကြီးမားလာတဲ့ တရုတ်နဲ့လည်း နီးနီးကပ်ကပ် လက်တွဲဖော်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေး စီမံကိန်း စတင်
BBC News .။ 1-6-2011မြန်မာ နိုင်ငံမှာ HIV / AIDS ခုခံ စွမ်းအား ကျဆင်းမှု ရောဂါ တိုက်ဖျက်ရေး အတွက် အစိုးရ ထိပ်တန်း အရာရှိတွေနဲ့ ကုလသမဂ္ဂ အရာရှိတွေ ပါဝင်တဲ့ အမျိုးသား မဟာဗျူဟာ စီမံကိန်း ဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
စီမံကိန်းကာလကို ၂၀၁၁ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ လေးနှစ်ကာလ သတ်မှတ်ထားပါတယ်။
အမျိုးသား မဟာ ဗျူဟာ စီမံကိန်း အစီအစဉ် အရ လာမယ့် ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး မြန်မာ တစ်နိုင်ငံလုံးမှာ HIV ဗိုင်းရပ် ကူးစက်နေသူ အားလုံး ဆေးကုသခွင့်ရရှိ စေဖို့ ရည်မှန်းချက် ပြည်မှီအောင် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
AIDS ရောဂါ တိုက်ဖျက်ရေး အတွက် ရန်ပုံငွေ ရရှိမှု မှာ အကန့် အသတ်တွေ ရှိနေတဲ့ကြားကပဲ မြန်မာ နိုင်ငံဟာ ရောဂါ တိုက်ဖျက်ရေး မှာ တိုးတက်အောင်မြင်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ရှေ့ဆက် လုပ်ဆောင်စရာတွေ တော့ အများကြီး ရှိသေးတယ်လို့ ဇွန်လ ၁ ရက်နေ့ နေ့စွဲနဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
၂၀၁၀ ခုနှစ် စာရင်း ဇယားတွေ အရ မြန်မာ နိုင်ငံမှာ HIV ဗိုင်းရပ်စ် ကူးစက်သူ နှစ်သိန်း သုံးသောင်း ခြောက်ထောင်ကျော် ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။
ရောဂါ ထိန်းချုပ် နိုင်ရေး အတွက် ARV ဆေးဝါး လိုအပ်သူ လူပေါင်း ၇ သောင်း ခြောက်ထောင်မှာ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း အထိ ကလေး၊လူကြီး သုံးသောင်း နီးပါးသာ ဆေးဝါး ပံ့ပိုးမှု ရကြ ပါတယ်။
အာရှ ပါမောက္ခများ NLD တွင် သင်တန်းပေးမည်
လင်းသန့် Wednesday, 01 June 2011 19:44အရှေ့တောင်အာရှ တက္ကသိုလ်များရှိ နိုင်ငံရေး သိပ္ပံပညာရှင်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် အဖွဲ့ဝင်များကို တပတ်ကြာ သင်တန်းပေးမည်ဟု NLD က ပြောသည်။
ရန်ကုန်မြို့ NLD ရုံးတွင် ဇွန်လ ၂၀ ရက်နေ့၌ အစပြုမည့် ထိုသင်တန်းကို ပါတီဝင် ၈၀ ကျော် တက်ရောက် လေ့လာကြမည်ဟု NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီကို ပြောသည်။
သင်တန်းဆရာ ၈ ဦးမှာ ဟောင်ကောင်၊ စင်္ကာပူတို့ရှိ တက္ကသိုလ်များတွင် တာဝန် ထမ်းဆောင်နေသော ပါမောက္ခများ ဖြစ်သည်ဟု ဆိုသည်။
NLD က ပြည်ပ ပညာရှင်များ ပို့ချသည့် သင်တန်းကို ပါတီသက်တမ်း ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။
သင်တန်းဆရာတဦးဖြစ်သူ ဒေါက်တာကျော်ရင်လှိုင်က ဧပြီလ ၂၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဤသင်တန်း အစီအစဉ်ကို အကောင်အထည် ဖော်ခြင်းဖြစ်သည်ဟု သိရသည်။
ရန်ကုန် အခြေစိုက် NGO တခု ဖြစ်သော မြန်မာအီးဂရက်စ် (Myanmar Egress)၏ ဒါရိုက်တာ အဖွဲ့ဝင် ဒေါက်တာကျော်ရင်လှိုင်သည် ၂၀၀၈ အခြေခံ ဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသူ ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတို့ ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုကို အစဉ်တစိုက် ကန့်ကွက်လာသူ ဖြစ်သည်။
ဒေါက်တာကျော်ရင်လှိုင် တာဝန်ထမ်းနေသော ဟောင်ကောင်တက္ကသိုလ်မှ မြန်မာကျောင်းသားတဦးက “အခုဟာက အစလည်း အစ၊ ရက်ကလည်း တိုတယ်။ မိတ်ဆက်တဲ့ အဆင့်လောက်ပဲ ဖြစ်မယ် ထင်တယ်။ ဖြစ်နိုင်ရင်တော့ မြန်မာနိုင်ငံမှာ လူငယ်တိုင်းအတွက် လက်မှတ်ထုတ်ပေးနိုင်တဲ့ နိုင်ငံရေးသိပ္ပံကျောင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ဖွင့်နိုင်ရင် ပိုကောင်းမယ်”ဟု ဧရာဝတီကို ပြောသည်။
ရန်ကုန်မှ NLD လူငယ်တဦးကလည်း “အခုသင်တန်းက NLD လူငယ်တွေရဲ့ နိုင်ငံရေး အတွေးအမြင် ပိုကောင်းစေဖို့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်) က လမ်းညွှန်တာဖြစ်လို့ အများကြီး အကျိုးရှိမယ်လို့ ယုံကြည်တယ်”ဟု ပြောသည်။
သင်တန်းတွင် သုတေသန ပြုလုပ်နည်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဘာသာရပ်၊ ဘာသာရပ်ဆိုင်ရာ တွေးခေါ်ပုံများ၊ အရှေ့တောင်အာရှ နိုင်ငံများ၏ နိုင်ငံ တကာဆက်ဆံရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ ဓလေ့ထုံးတမ်းဆိုင်ရာ မနုဿဗေဒ ဟူသည့် ဘာသာရပ်များ ပါဝင်မည်ဟု ဆိုသည်။
ဤအတောအတွင်း NLD က လူငယ် နှီးနှောဖလှယ်ပွဲ တခုကို ပြုလုပ်လျက်ရှိသည်။ ရန်ကုန်တွင် ပြုလုပ်သည့် နှီးနှောဖလှယ်ပွဲသို့ အနယ်နယ်မှ ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်နေသည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လာသည့် နောက်ပိုင်း တနိုင်ငံလုံးရှိ NLD လူငယ်များ ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
စစ်တပ်က ကြံစိုက်မြေ ဧကရာချီသိမ်းယူသည့်အတွက် တောင်သူများ စားဝတ်နေရေး အကြပ်အတည်းဖြစ်နေ
June 1st, 2011 | စာရေးသူ - ရိုးမ ၃နေပြည်တော်တိုင်းဒေသကြီး၊ လယ်ဝေးမြို့နယ်အတွင်း စစ်တပ်က လယ်မြေဧက ရာချီပြီးသိမ်းယူသွားသည့်အတွက် ဒေသခံတောင်သူများ စားဝတ်နေရေးအကြပ်အတည်းများ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူတဦးက ပြောသည်။
ယခုနှစ်(၁)လပိုင်းမှ စတင်ကာ (၅)လပိုင်း (၁) ရက်နေ့အထိ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စုများမှ လယ်ဧက (၂၀၀)ကျော်ကို နယ်မြေခံ ခမရ (၆၀၅) တပ်မှ ဗိုလ်ကြီးသန်းဝင်းအောင်က ဦးဆောင်သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း တောင်သူတဦးက ပြောသည်။
“ဗိုလ်ကြီးသန်းဝင်းအောင်နဲ့ မြို့နယ် မြေစာရင်းတို့ ပူးပေါင်းပြီးတော့ ဗိုလ်ချုပ် စိုးရှိန်အမိန့်နဲ့ တောင်သူတွေ နှစ်နှစ်ဆယ်ကျော် လုပ်ကိုင်လာတဲ့ မြေယာကို သိမ်းယူခဲ့တာ၊ ပိုင်ဆိုင်မှု မပြနိုင်တဲ့အကြောင်းပြချက်နဲ့ ဗိုလ်ကြီးသန်းဝင်းအောင် ဦးဆောင်ပြီး ခြံစည်းရိုးကာခဲ့တာ၊ အဲဒါတွေကို သိမ်းလိုက်တော့ တော်တော်နစ်နာတယ်၊ သိမ်းပြီးတော့ ဘာပြန်စိုက်မှာလဲဆိုတော့ ဗိုလ်ချုပ်တွေက သရက်ပင် ပြန်စိုက်မှာတဲ့” ဟု ဒေသခံ တောင်သူက ပြောသည်။
ယင်းလယ်မြေများ၏ ကာလပေါက်ဈေးမှာ တဧကလျှင် ကျပ်နှစ်သိန်းဝန်းကျင်ရှိပြီး စစ်တပ်မှ သိမ်းယူပြီး ထိုက်တန်သည့် လျော်ကြေးပေးဆောင်ခြင်း မရှိကြောင်း ဒေသခံတောင်သူက ဆက်ပြောသည်။
“မြေက တဧက ကာလပေါက်ဈေး နှစ်သိန်းကျော်တယ်၊ လျော်ကြေးက လေးသောင်းခွဲလောက်ဘဲ ရကြတယ် ဗိုလ်ကြီးသန်းဝင်းအောင်နဲ့ မြေစာရင်းက အာဏာပိုင်တွေက လျော်ကြေးငွေကို ပွဲစားလုပ်တော့ ရတဝက် မရတဝက်ဖြစ်နေတယ်၊ လောလောဆယ် တောင်သူတွေက မြေယာမဲ့ ဘဝရောက်ပြီး စားဝတ်နေရေး ပြဿနာဖြစ်နေတယ်” ဟု ဆက်ပြောသည်။
ဒေသခံတောင်သူများအနေဖြင့် ယခင်က အဆိုပါ မြေယာများတွင် ကြံများစိုက်ပျိုးကြပြီး တဧကလျှင် ကြံတန်ချိန်(၃၀) ထွက်ရှိခဲ့သဖြင့် စားဝတ်နေရေး အဆင်ပြေခဲ့သော်လည်း ယခုအခါ မြေယာမဲ့ဘဝရောက်နေကြောင်း အဆိုပါတောင်သူက ဆက်ပြောသည်။
ထို့အပြင် ဗိုလ်ကြီးသန်းဝင်းအောင်သည် လယ်ဝေးမြို့နယ်အတွင်းမှ ပေါက်မြိုင်အုပ်စု၊ သစ်ကြိမ်း၊ သဲကြီးကုန်းအုပ်စုများတွင် ကျောက်ထုတ်လုပ်ခွင့် ဂရမ်များကို မြို့နယ်မြေစာရင်းတို့ဖြင့် ပူးပေါင်းကာ ရောင်းစားနေလျှက်ရှိပြီး မြေကွက်များရိုက်ကာ ရောင်းချနေလျှက်ရှိသည်။
ကျောက်ဖြူမီးလောင်၊ ကျပ်သိန်း ၃၀ ဖိုးဆုံးရှုံး
Date:6/1/2011 နိရဉ္ဖရာ သတင်းဌာနရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့က မီးလောင်မူ ဖြစ်ပွားရာ အိမ်တစ်လုံး မီးထဲပါသွားပြီ စုစုပေါင်း ကျပ်သိန်း ၃၀ ဖိုး ဆုံးရှုံးသွားကြောင်း သတင်း ရရှိသည်။
ကျောက်ဖြူမြို့ခံ တစ်ဦးက " မီးလောင်တာ စေတီယျရပ်ကွက်က ကိုအောင်ဆန်းဌေး အိမ်ကို လောင်တာပါ။ မီးပေးနေတဲ့ မီးစက်က အင်ဂျင်ပူပြီး စလောင်တာပါ။ အိမ်က မီးထဲပါသွားပါတယ်" ဟု ပြောသည်။
မီးမှာ ညနေ ၈ နာရီ ၃၀ ခန့်တွင် စတင် လောင်ကျွမ်းခဲ့သည်ဟု သိရသည်။
"မီးသတ်ကားက မီးလောင်ပြီးမှ ရောက်လာပါတယ်။ ကျေးရွာလူတွေ ၀ိုင်းဝန်းမီးသတ်ပြီးမှ ရောက်လာတာ ဖြစ်ပါတယ်။ စိတ်ပျက်ဖို့ ကောင်းပါတယ်" ဟု သူက ဆက်ပြောသည်။
ယခုအခါ ဦးအောင်ဆန်းဌေးအား ရဲက မီးလောင်မူဖြင့် အရေးယူထားသည်ဟု သိရသည်။
တောင်ကြီးမြို့ လိုင်စင်မဲ့ကား ထောင်ကျော်အား နေပြည်တော် ဖမ်းမိန့်ပေး
Wednesday, 01 June 2011 16:59 သျှမ်းသံတော်ဆင့်E-mail Printနေပြည်တော်ဝန်ထမ်းများအသုံးပြုရေးအတွက်ဟု ဆိုကာ သျှမ်းပြည်မြို့တော် တောင်ကြီးရှိ လိုင်စင်မဲ့ ကားများ ဖမ်းရန် နေပြည်တော်မှ ညွှန်ကြားထား ကြောင်း စုံစမ်းသိရှိရပါသည်။
“တောင်ကြီးက ဝှစ်သောက်ကား အစီးပေါင်း ၁၅၀ဝ ဖမ်းပေးရမယ်လို့ အစိုးရသစ် အာဏာပိုင်တွေက အမိန့် ချလာတယ်တဲ့။ နေပြည်တော်ဝန်ထမ်းတွေ သုံးဖို့ဆိုဘဲ” - ဟု အာဏာပိုင်များနှင့် နီးစပ်သည့် တောင်ကြီးမြို့ခံ တဦးကပြောပါသည်။
မေလဆန်းပိုင်းမှစ၍ လိုင်စင်မဲ့ကားများစဖမ်းလာသဖြင့် တောင်ကြီးမြို့တွင် အခွန်မဆောင် ဝှစ်သောက် ကားများ သွားလာခြင်းမရှိတော့သလောက်ဖြစ်နေကြောင်း၊ ယာဉ်ထိန်းရဲ ပလိပ်များ၊ ဌာန ဆိုင်ရာများက လည်း မိမိတို့ရင်းနှီးသည့် ပုဂ္ဂိုလ်များအား လျှို့ဝှက်သတင်းပို့ထားသောကြောင့် ထိရောက်စွာဖမ်းဆီးနိုင်ခြင်း မရှိ ကြောင်း တောင်ကြီးမြို့ခံတဦးက ဤကဲ့သို့ပြောပြပါသည်။
“ဖမ်းမယ်လို့ သတင်းကြားတာနဲ့ ဘယ်သူမှ ဝှစ်သောက်ကား ထုတ်မသုံးတော့ဘူး။ တကယ်တော့ အဲ့လိုင် စင်မဲ့ကားတွေ - ဈေးပေါပေါနဲ့ဝယ် ထားတဲ့ ပုံစံတူ လိုင်စင်ရှိကားနဲ့ ပုံတူရိုက်လဲယူဖို့ဘဲ။ ရှောင်တိမ်း လို့ မရရင်တော့ ဘုန်းကြီးကျောင်းကို လှူလိုက်တာတွေလုပ်တယ်။ အစိုးရကိုတော့ ဘယ်သူမှ အလကား မပေး ချင်ဘူး”လူထုကလည်း မိမိနှင့်သက်ဆိုင်သည့် အဆက်အသွယ်များအား လိုင်စင်မဲ့ကားထုတ် မသုံးရန်အဆင့်ဆင့် အကြောင်းကြားခဲ့ကြသဖြင့် မေလမှစ၍ နေပြည်တော်၏ လိုင်စင်မဲ့ကားဖမ်းဆီးရေးစီမံချက်မှာ ယခုဂျွန်လ ဆန်းပိုင်းအထိ ၁၀ ဂဏန်းသာ ဖမ်းဆည်းရမိသေးသည်ဟုဆို၏။
၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း နအဖ စစ် အုပ်စုက ဝစ်သောက်ကားများ ၃ ကြိမ်ထက်မနည်း ဖမ်းဆီးသိမ်း ယူခဲ့ ပုံကို မြန်မာစစ်တပ် အရာရှိများနှင့် ရင်းနှီးသည့် ကျိုင်းတုံသားတဦးက ၂၀ဝ၅ ၊ ၂၀ဝ၇ က ဖြစ်ရပ်မှန် အား ဤကဲ့သို့ပြောဆို၏။“အဲဒီတုန်းက ကျိုင်းတုံတိုင်းမှူးက တာချီလိတ်က ဖမ်းပို့တဲ့ လဲန်ခရူဆာ၊ ဖော့တ်ကားကောင်းတွေကို သူ့ရဲ့ ပါဂျဲရိုးဟောင်း ကြီးနဲ့ လဲယူလိုက်တယ်၊
ကျိုင်းတုံရောက်သွားတဲ့ ပါဂျဲရိုးဟောင်းတွေကျတော့ ဗျူဟာမှူးတွေ ကသူတို့ရဲ့ တိုက်ဂါးပျက်ကြီးတွနဲ့ထပ်လဲယူပြန်တယ်။ တောင်ကြီး၊ သာစည်၊ ပျဉ်းမနား ရောက်တော့ အဲဒီက စစ်တပ် အရာရှိ တွေက သူတို့ရဲ့ ဖွတ်ချပ်ကားတွေနဲ့ ထပ်ဆင့်လဲယူလိုက်တော့ နေပြည်တော်ရောက်တော့ သုံးလို့မရတဲ့ ကားစုတ်တွေပဲရောက်သွားတယ်”ဖမ်းဆည်းရမိ ဝှစ်သောက်ကားများအား နအဖ ထိပ်ပိုင်းအာဏာပိုင်တို့ခွဲယူအသုံးပြုသကဲ့သို့ ကားလေလံပစ်ပွဲ လည်း မကြာခဏ ပြုလုပ်လေ့ရှိသည်။
ဥရောပ-တရုတ် ဆည်စီမံကိန်းကြောင့် ဒေသခံလူထု ၈ ထောင်ကျော် ပြောင်းရွှေ့ရန် အမိန့်ပေးခံရဟု KNGY ထုတ်ပြန်
မေလ ၃၁ရက်။ စောခါးစူးညား (ကေအိုင်စီ)ရှမ်းပြည်နယ်၊ ပေါင်းလောင်းမြစ်အထက်ပိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် ဥရောပ-တရုတ် ပူးပေါင်းတည်ဆောက် မည့် ဆည်စီမံကိန်းကြောင့် ကျေးရွာပေါင်း ၂၃ရွာမှ ဒေသခံလူထု ၈ထောင်ကျော် အိုးအိမ်ပြောင်းရွှေ့ရန် နှင်ထုတ်အမိန့်ပေးခံရ သည်ဟု ကယန်းမျိုးဆက်သစ်လူငယ်(KNGY)က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။
အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေသည့် “ပြောင်းစေအမိန့်ဖြင့် နှင်ထုတ်ခံရခြင်း”အမည်ရှိ အဆိုပါ အစီရင်စာတွင် မြန်မာ အာဏာပိုင်တို့က ရှမ်းပြည်နယ်အနောက်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းမှ ကယန်း၊ ပအို့ဝ်နှင့် မြန်မာလူမျိုးများ အခြေ ချ နေထိုင်သည့် ထိပ်ပင်ကျေးရွာအုပ်စုရှိ ရွာ ၁၂ရွာနှင့် သပြေကုန်းကျေးရွာအုပ်စုရှိ ရွာ ၁၁ရွာတို့ကို ယခုနှစ် အောက်တိုဘာလ ကုန် နောက်ဆုံးထား၍ အားလုံး ပြောင်းရွှေ့ရမည်ဟု ဖော်ပြထားသည်။
“ကျနော်တို့ကို ခြိမ်းခြောက်မှုတွေနဲ့ အမိန့်ပေးနှင်ထုတ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်သွားနေရမှန်း မသိသလို၊ ဘယ် လို ဆက်လက်ရှင်သန်ရမယ်ဆိုတာလည်း မသိတော့ပါဘူး။”ဟု ဒေသခံကျေးရွာသားတစ်ဦးက ထိုကြေညာချက်၌ ပြောဆို ထားသည်။
အစီရင်ခံစာ၏ ပြောရေးဆိုခွင့်ရှိသူ KNGY မှ မူမိုးလေးက “လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကျမတို့ဒေသက ကယန်း အပါ အ၀င် လူထုတွေရဲ့ အဖြစ်အပျက်အမှန်တွေကို နိုင်ငံတကာကသော်လည်းကောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီတွေ သော်လည်းကောင်း ဒီကိစ္စကို ရပ်တန့်ဖို့ ရည်ရွယ်ချက်နဲ့ ဒီစာကို ထုတ်တာပါ။ မြန်မာအစိုးရက အခုလုပ်တာက လူထုအကျိုး မပါဘဲ သူတို့ကိုယ်ကျိုးအတွက်သာ ဖြစ်တယ်ဆိုတာ နိုင်ငံတကာက အဖြစ်မှန်ကို သိပြီး ဒီလုပ်ရပ်တွေကို ရပ်တန့်စေဖို့၊ ဖိအား ပေးသွားဖို့ မျှော်လင့်တယ်။”ဟု ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလက အရှေ့ပိုင်းတိုင်းဌာနချုပ်-ရပခ တိုင်းမှူး ဗိုလ်ချုပ်ရန်ပြည့်သည် အဆိုပါ ဒေသရှိ ကျေးရွာများဆီကို လာရောက်၍ ပေါင်းလောင်းမြစ်အထက် ရေလှောင်တမံကြောင့် လူထုများနေထိုင်သည့် နေရာများတွင် ရေလွှမ်းမိုးနိုင်သည့်အတွက် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးပြောင်းရွှေ့ရမည်ဖြစ်ပြီး အိမ်ပြန်လည် တည်ဆောက် ရန် တအိမ်ထောင်လျှင် နစ်နာကြေး ၅၀,၀၀၀ကျပ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ထိုမျှငွေနှုန်းဖြင့် ၎င်းတို့အတွက် ဘာမျှထိ ရောက်မှု မရှိကြောင်း ဒေသခံများက ဆိုသည်။
မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်၏ အရှေ့တောင်ဖက် ၅၀ ကီလိုမီတာအကွာ၌ တည်ရှိသည့် အဆိုပါ ဆည်စီမံကိန်း တည်ဆောက်ရေးတွင် ဆွစ်ဇာလန်နိုင်ငံမှ Af Colenco ကုမ္ပဏီ၊ လန်ဒန်အခြေစိုက် Malcom Dustan Associates (မဲလ်ကွမ် နှင့် လုပ်ဖော်ကိုင်ဖက်များ)နှင့် တရုတ်နိုင်ငံမှ ယူနန်အကြီးစား စက်ပစ္စည်းများ ပြည်ပတင်ပို့ရေး ကုမ္ပဏီ (Yunnan Machinery and Export Company)တို့က ပါဝင်လျှက်ရှိပြီး နေပြည်တော်သို့ ထောက်ပံ့ပေးရန် ရည်ရွယ်ထားသည်ဟု ကြေညာချက်အရ သိရသည်။
ထိုဒေသတွင် ဆည်လုံခြုံရေးအတွက် ၂၀၀၄ခုနှစ်မှစ၍ ရောက်ရှိနေခဲ့သည့် စစ်တပ်၏ တပ်ရင်းများက ဒေသခံများအား အဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ ဒေသခံလူထုများ၏ လှုပ်ရှားသွားလာမှုများကို ချုပ်ချယ်ကန့်သတ်လာခြင်းနှင့် ဆည်တည်ဆောက် ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် လုပ်သားများအား တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀မျှသာပေး၍ ခိုင်းစေနေသည်ဟု ဆိုသည်။
ထို့အပြင် ဆည်တည်ဆောက်ရေးစီမံကိန်းကြောင့် ဒေသခံများ၏ အဓိကကျသော မြေနိမ့်ပိုင်း စပါးစိုက်မြေဧက ၂,၀၀၀ကျော် နှင့် ကုန်းမြင့်ပိုင်းရှိသည်ထက် ပိုများသော ဥယျာဉ်မြေဧကပေါင်းများစွာ ရေလွှမ်းမိုးနိုင်ကြောင်း၊ ကျေးရွာသားများအတွက် ပတ်ဝန်းကျင်ရှိ တောင်ကုန်းများပေါ်တွင် မြေသစ်ယာသစ် တည်ဆောက်ခြင်းအားဖြင့် အသက်ဆက်ရေးအတွက် ကြိုးပမ်းရ တော့မည်ဖြစ်ကြောင်းနှင့် နေရာသစ်၌ ပြန်လည်အခြေချနေထိုင်မှုကြောင့် သစ်တောပြုန်းတီးမှု များလာနိုင်ကြောင်း KNGY ထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။
၂၀၀၄ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် အထက်ပေါင်းလောင်းဆည်သည် ၂၀၀၉ခုနှစ်တွင် အပြီးသတ်ရန် သတ်မှတ်ထား သော်လည်း လက်ရှိအချိန်အထိ ၆၀ရာခိုင်နှုန်းသာ ပြီးစီးသေးသည့်အတွက် လာမည့် ၂၀၁၂ခုနှစ်မှသာ အပြီးသတ်နိုင်လိမ့်မည် ဟု မျှော်လင့်ကြောင်း KNGY က ပြောသည်။
ကယန်းမျိုးဆက်သစ်လူငယ်(KNYG)ကို ၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြေညာချက်ထုတ်ပြန်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။
ရန်ကုန် လေကြောင်းလိုင်း ဦးဇော်ဇော် ဝယ်ယူ
ရန်ပိုင် Wednesday, 01 June 2011 11:34ပြည်တွင်း ပုဂ္ဂိလက လေကြောင်းလိုင်း တခုဖြစ်သော ရန်ကုန် အဲဝေး(Yangon Airways)လေကြောင်းလိုင်းကို အစိုးရနှင့် နီးစပ် သူဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် ၀ယ်ယူလိုက်သည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ပြောသည်။
ရန်ကုန် အဲဝေး လေကြောင်းလိုင်းသည် ယမန်နှစ် နိုဝင်ဘာလ အတွင်းက လေယာဉ်ပျံသန်း ပြေးဆွဲခွင့် လက်မှတ် (Aircraft Operator Certificate) မရှိဟူသော အကြောင်းပြချက်ဖြင့် အာဏာပိုင်များ၏ ပြေးဆွဲခွင့်ရပ်ဆိုင်း ခံထားရသည်။
ပြီးခဲ့သည့်လအတွင်းက ရန်ကုန် အဲဝေးကို မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်အား ၀ယ်ယူခွင့် ပြုခဲ့ခြင်း ဖြစ်သည်ဟု ထိုကုမ္ပဏီနှင့် နီးစပ်သည့် လုပ်ငန်းရှင်တဦးက ပြောသည်။
“ဦးဇော်ဇော်က ဧရာဝတီဘဏ် အတွက် ဦးအိုက်ဟော့ ပိုင်တဲ့ မေဖလားဝါးဘဏ် အဟောင်းတွေကို ၀ယ်ဖို့ ဆက်သွယ်ရင်းကနေ လေကြောင်းလိုင်း ၀ယ်ဖို့ ပြောဖြစ်တာ၊ ဒါနဲ့ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို တင်ပြတော့ ၀ယ်ခွင့်ရလိုက်တာ” ဟု ၎င်းက ဆိုသည်။
လာမည့်ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်မည်ဟု မျှော်လင့်ထားပြီး နောင်တွင် ဒေသတွင်း နိုင်ငံများသို့ ပြေးဆွဲရန် ရည်ရွယ်ထားကြောင်း၊ ယခုလောလောဆယ်တွင် ရပ်နားထားရသည့် လေယာဉ်များ ပြန်လည်
ပြင်ဆင်ရန်နှင့် လေယာဉ်ဝန်ထမ်းများ ခေါ်ယူရန် စီစဉ်ရဦးမည် ဖြစ်ကြောင်းလည်း သူက ပြောပြသည်။
မည်သည့် ပမာဏဖြင့် အရောင်းအ၀ယ် ဖြစ်သွားသည်ကို အသေးစိတ် မသိရသေးပေ။ ရန်ကုန် အဲဝေး လေကြောင်းလိုင်း သတင်းနှင့် ပတ်သက်၍ မက်စ်မြန်မာ ကုမ္ပဏီအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုသည်။
ဦးဇော်ဇော်သည် ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦးနှင့် ရင်းနှီးသူတဦးဖြစ်ပြီး မော်တော်ယာဉ် တင်သွင်းခြင်း၊ ဧရာဝတီ ဘဏ်လုပ်ငန်း၊ ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး၊ ၂၀၁၃ ခုနှစ် ဆီးဂိမ်း အားကစားပွဲအတွက် နေပြည်တော်တွင် တည်ဆောက်နေသည့် အဆင့်မြင့် အားကစားကွင်း တည်ဆောက်ရေး၊ ရန်ကုန်မြို့၊ ရန်ကင်း မြို့နယ်ရှိ ယခင် သတ္တုတွင်း ၀န်ကြီးဌာန ရုံးချုပ်အား ကလေးဆေးရုံအဖြစ် ပြောင်းလဲတည်ဆောက်ရေးနှင့် လောင်စာဆီ ဖြန့်ဖြူးရေး၊ ကျောက်မျက်တူးဖော်ရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။
ရန်ကုန် အဲဝေး လေကြောင်းလိုင်း၏ မူလပိုင်ရှင်ဖြစ်သော ဦးအိုက်ဟော့သည် ၂၀၀၃ ခုနှစ်က တရားမ၀င် ငွေကြေး ခ၀ါချမှု ပြုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖျက်သိမ်းခံခဲ့ရသည့် မြန်မာမေဖလားဝါးဘဏ်ကိုလည်း ပိုင်ဆိုင်ခဲ့သူ တဦးဖြစ်သည်။
ရန်ကုန် အဲဝေး လေကြောင်းလိုင်းကို ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇ နှင့် ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ၀ယ်ယူ ရန် ကြိုးစားသော်လည်း အစိုးရက ခွင့်မပြုခဲ့ကြောင်း မက်စ်မြန်မာနှင့် နီးစပ်သည့် လုပ်ငန်းရှင်က ဆက်လက်ပြောသည်။
ယခုအခါ မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများကို ယခင် စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသော စီးပွားရေးသမားကြီးများက ပိုင်ဆိုင်ထားသည်ကို တွေ့ရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သည်ဟု အများ ပြောဆိုနေသည့် ဦးတေဇသည် ပြည်တွင်း ပြည်ပ ပြေးဆွဲနေသည့် အဲပုဂံ(Air Bagan) နှင့် ပြည်တွင်းပြေးဆွဲနေသည့် Asia Wing လေကြောင်းလိုင်းကို ပိုင်ဆိုင်ထားပြီး ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သည်ဟု လူသိများသည် ဦးအောင်ကိုဝင်းက ပြည်ပ ခရီးစဉ်များ ပြေးဆွဲသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) နှင့် ပြည်တွင်း ပြေးဆွဲသည့် ကမ္ဘောဇ လေကြောင်းလိုင်း များကို ပိုင်ဆိုင်ထားသည်။
ပြည်သူ့စစ်တွေကိုပါ KIO အသင့်ပြင်ထား
Wednesday, 01 June 2011 17:12 သျှမ်းသံတော်ဆင့်မြန်မာစစ်တပ်နှင့်စစ်မက်ဖြစ်ပွားလာပါက တုန့်ပြန် တိုက်ခိုက်နိုင်ရန်အတွက်ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO မှ အရံ အ ရပ်သား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော ပြည်သူ့စစ်တပ်ဖွဲ့ များကိုပါအသင့်ပြင်ထား ကြောင်း သိရသည်။
ယခုအခါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များ တပ်ဆင်၍ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင် စေကာ အချို့ကို ရှေ့တန်းနယ်မြေများသို့ စေလွှတ်ထားကြောင်း ကေအိုင်အိုသတင်းရပ်ကွက်တစ်ခုမှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။“ဒီနေ့အထိ တပ်အသင့်အနေအထား ပြင်ထားသေးတယ်၊
နှစ်နေရာခွဲပြီး စစ်သင်တန်းပေးတယ်၊ ပြည်သူ့စစ် သင်တန်း က တစ်လတစ်ကြိမ် ပုံမှန်ပေးနေတာပေါ့၊ သဘောတရားအနေနဲ့ လေ့ကျင့်ဖို့ ရှေ့တန်းကို တစ်ပတ် ၁၀ ရက်ပို့တာ မျိုးရှိတယ်၊ အဓိကကတော့ နယ်မြေလုံခြုံရေးတာဝန်ယူခိုင်းတယ် ” ဟုကေအိုင်အိုနှင့်နီးစပ်သူ က ဆိုသည်။ကချင်ပြည်နယ်အတွင်း ကေအိုင်အို ထိန်းချုပ်နယ်မြေ ကျေးရွာများမှ သာမန်အရပ်သားများအားဆင့်ခေါ်၍ စစ်သင်တန်းပို့ ချခြင်း ဖြစ်ပြီး ယခုအခါ ပြည်သူ့စစ်အင်အား တစ်သောင်းဝန်းကျင်ခန့်နှင့်အမြဲတမ်းစစ်သည် အင်အား ၈ ထောင်ဝန်း ကျင်ခန့် ရှိကြောင်း ခန့်မှန်းပြောဆိုကြသည်။
လွန်ခဲ့သည့်လ ၁၈ ရက်နေ့က မြန်မာစစ်တပ်က ကေအိုင်အိုလက်အောက်ခံကေအိုင်အေတပ်စခန်းများအားဝင် ရောက် ပစ် ခတ်ခဲ့အပြီး ကေအိုင်အေတပ်ဖွဲ့များ တပ်လှန့်ထားကြောင်းသိရသည်။မိုးညှင်းမြို့နယ်အတွင်းရှိ ကေအိုင်အို တပ်ရင်း ၅ ဋ္ဌဌာနချုပ်အနီး ချဉ်းကပ်လာသော မြန်မာစစ်တပ်များ မေလ ၂၅ ရက် နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် သတိပေးစာတစ်စောင်ကို ကေအိုင်အိုက မပခစစ်တိုင်းဋ္ဌဌာနချုပ် သို့ ယခုလ ၁၉ ရက်နေ့က ပေးပို့ခဲ့သေးသည် ။
အဆိုပါစာပေးပို့အပြီး ပြီးခဲ့သည့်အပတ်သောကြာနေ့က မန်စီမြို့နယ်အတွင်း နှစ်ဘက်ပစ်ခတ်မှု ပြန်လည် ဖြစ်ပွားခဲ့ သေးသည်။“ကေအိုင်အိုက တကယ်ချတော့မယ်ဆိုတော့ နဲနဲရှောင်သွားတယ်၊ အခုလည်း ဗမာစစ်တပ်က တပ်တွေအကုန် ဆုတ်သွားတာ မဟုတ်ဘူး၊ အခုလိုပဲရန်စ၊ သွေးတိုးစမ်းနေမဲ့ အနေအထားရှိတယ် ” ဟု စောစောက နီးစပ်သူက ဆိုသည်။ယခုအခါ ကေအိုင်အိုဋ္ဌဌာနချုပ် လိုင်ဇာမြို့အခြေအနေမှာ ပုံမှန်အနေအထားရှိကြောင်း ဒေသခံများက ဆိုသည်။
ဒေါ်လာဈေးကျသဖြင့် ပို့ကုန်လုပ်ငန်းထိခိုက်
ဧရာဝတီ Wednesday, 01 June 2011 16:45မြန်မာပြည်ဈေးကွက်တွင် အမေရိကန် ဒေါ်လာ တန်ဖိုး အလွန် နိမ့်ကျလာသောကြောင့် ပို့ကုန်လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်းများ အရှုံးပေါ်စေပြီး ထိုလုပ်ငန်းများကို အမှီပြုနေရသော တောင်သူလယ်သမား၊ အလုပ်သမားများ အခက်တွေ့ဖွယ်ရှိသည်ဟု ရန်ကုန်မှ လုပ်ငန်းရှင်များက ပြောသည်။
အမေရိကန် ဒေါ်လာသည် နှစ်ပေါင်းများစွာ အတွင်း ကျပ် ၈၀၀ အောက်သို့ ပထမဆုံးအကြိမ် ရောက်ရှိသွားပြီး ယနေ့ နံနက်ပိုင်း ဈေးကွက်အတွင်း ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ကျပ် ၇၈၀ ဖြစ်နေသည်။
အထိနာနေသည့်ပို့ကုန်ကဏ္ဍသည် ဤအခြေအနေကြောင့် နာလန်ထူရန် ခက်ခဲလိမ့်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးက ပြောသည်။
“ဒီအတိုင်းသာ ဆိုရင် ဆန်စပါး၊ ပဲမျိုးစုံ ပို့ကုန်တွေ ရပ်သွားမယ်၊ ငါး၊ ပုဇွန် လုပ်ငန်းတွေက ၂၀၀၈ စီးပွားပျက်ကပ်လောက်ကတည်းက စပြီး ရှုံးခဲ့ကြတာဖြစ်တော့ အခြေအနေ ပိုဆိုးလာမယ်” ဟု သူက ခန့်မှန်း ပြောကြားသည်။
ဤအတောအတွင်း ထိန်းချုပ်ကုန်ဖြစ်သော ဆန်စပါးကို အစိုးရက လစဉ် တန်ချိန် သုံးသောင်း ပြည်ပပို့ခွင့် ပြုမည် ဖြစ်ကြောင်း၊ သို့သော်လည်း ကုန်သည်များက ဆန်တင်ပို့ရန် စိတ်ဝင်စားတော့မည် မဟုတ်ဟု ယူဆကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဆန်လုပ်ငန်းရှင် တဦးက ပြောသည်။
“ရေရှည်မှာ ဒီလို မတည်ငြိမ်တဲ့ ငွေလဲနှုန်း၊ တိတိကျကျ ပြောရရင် ကျနေတဲ့ ငွေလဲနှုန်း ဆက်တိုက် ကျနေမယ် ဆိုရင်တော့ ဆန်ပို့ကုန်က သေချာပေါက်ကို ရပ်သွားနိုင်တယ်” ဟု သူက ပြောသည်။
ဆန်တင်ပို့မှု မရှိလျှင် ပြည်တွင်းတွင် ဆန်ပိုလျှံပြီး ဈေးနှုန်းများ ကျဆင်းကာ တောင်သူ လယ်သမားများ ထိခိုက် နစ်နာမည်ဟု သူက သုံးသပ်ပြသည်။
“ဈေးကွက်သဘောက ပြည်ပ ၀ယ်လိုအား ရှိနေတယ်၊ ပြည်တွင်းကလည်း ပို့နေနိုင်တယ် ဆိုတဲ့ အနေအထားဆိုရင် ဆန်ဈေးက သိပ်မကျဘူး။ ပို့တဲ့ ပမာဏ များတာ၊ နည်းတာ အဓိက မကျဘူး။ ပုံမှန်လေး ပို့နိုင်တဲ့ ဈေးကွက် ဖြစ်နေဖို့ လိုတယ်” ဟု ထိုဘုရင့်နောင် ဆန်ကုန်သည်က ဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ထုတ်ပြန်သော စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် နှစ်စဉ် စပါး တင်းပေါင်း သန်း ၁၅၀၀ နီးပါး ထွက်ရှိကြောင်း၊ မြန်မာပြည် လူဦးရေ သန်း ၅၀ ကျော် အတွက် စပါးတင်း သန်း ၁၀၀၀ လိုအပ်ကြောင်း သိရှိရသည်။
ပဲကုန်သည်များကလည်း ယခု ဖြစ်ပေါ်လာသော ငွေလဲနှုန်းကြောင့် ပဲမျိုးစုံ တင်ပို့မှု လုံးဝ ရပ်ဆိုင်း နိုင်သည်ဟု သုံးသပ်နေကြသည်။
“ငွေလဲနှုန်းက ပဲတင်ပို့မှုမှာ အခရာပဲ။ ငွေလဲနှုန်း ကျရင်တော့ ဘယ်လိုမှ ဆက်ပို့နိုင်မှာ မဟုတ်ဘူး။ ပဲတင်ပို့မှု ရပ်ရင်တော့ သေချာပေါက်ကို ပဲစိုက်တောင်သူတွေကို ထိမှာ” ဟု ရန်ကုန် ပဲကုန်သည်ကြီးတဦးက ပြောသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယသို့ ပဲမျိုးစုံ တန်ချိန် ၀.၉ သန်းသာ တင်ပို့နိုင်ခဲ့ပြီး တန်ချိန် လေးသိန်းကျော် ကျဆင်း သွားကြောင်း၊ ကနေဒါနှင့် သြစတေးလျနိုင်ငံများက ဈေးကွက် လုလာခြင်းကြောင့် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က မေလအတွင်း ပြုလုပ်ခဲ့သော UMFCCI နှစ်ပတ်လည် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
စက်ရုံ ၂၉၃ ရုံ၊ အလုပ်သမား အရေအတွက် ခုနစ်သောင်း နှင့် ကိုးသောင်း အကြား ရှိသည့် အထည်ချုပ် လုပ်ငန်းသည်လည်း ငွေလဲနှုန်း ကျဆင်းမှုကို တောင့်ခံနိုင်မည် မဟုတ်ဟု ရွှေပြည်သာ စက်မှုဇုန်မှ လုပ်ငန်းရှင် တဦးက ပြောသည်။
“အထည်ချုပ်တွေက စီးပွားရေး ပိတ်ဆို့မှု ကြုံကတည်းက မနည်း ရုန်းနေရတယ်။ ပိတ်ဆို့မှုဒဏ်ကြောင့် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား၊ ထိုင်း နိုင်ငံတွေမှာ ရှိတဲ့ အထည်ချုပ် လုပ်ငန်းတွေထက် ချုပ်ခကို ဈေးလျှော့ယူ ချုပ်ပေးရတယ်။ ဒီငွေလဲနှုန်း အခြေအနေနဲ့ လုပ်ငန်း ရပ်ရမယ့် အခြေအနေပဲ။ အမြတ် ကျန်ဖို့ထက် မရှုံးဖို့၊ လုပ်ငန်း လည်ပတ်ဖို့ မနည်း ရုန်းသွားရမယ့်ပုံပဲ” ဟု ထိုလုပ်ငန်းရှင်က ရှင်းပြသည်။
ပြီးခဲ့သည့်နှစ် နှစ်ဆန်းပိုင်းတွင် တဒေါ်လာ ပေါက်ဈေး ကျပ် ၁၀၀၀ အထက် ရှိခဲ့သော်လည်း နှစ်ကုန်ပိုင်းတွင် ၉၀၀ အောက်သို့ ရောက်သွားသည်။
ဒေါ်လာ ဈေးနှုန်း ကျဆင်းလာမှုသည် ပြည်တွင်း ၀ယ်လိုအား ကျဆင်းမှု၊ နယ်စပ်ဒေသ မူးယစ်ဆေးလုပ်ငန်းမှ ဒေါ်လာ အမြောက်အမြား ဈေးကွက်တွင်းသို့ ၀င်ရောက်လာမှု စသည်တို့နှင့် ဆက်နွယ်နေကြောင်း ရန်ကုန်မှ လုပ်ငန်းရှင် အများအပြားက ယူဆနေကြသည်။
ဘတ် သန်း ၁၅၀ တန် မူးယစ်ဆေးများ ဖမ်းမိ
ဧရာဝတီ Wednesday, 01 June 2011 18:41 သတင်းတိုများစိတ်ကြွဆေးပြား ၉ သိန်း နှင့် ICE မူးယစ်ဆေးဝါး ၂၅ ကီလိုဂရမ်ကို ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် အင်္ဂါနေ့ညက ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များက ယနေ့ ပြောလိုက်သည်။
ထိုမူးယစ်ဆေး သယ်ဆောင်လာသူ ၆ ဦးသည် တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ ချောင်းအနီး ကင်းလှည့်နေသော ထိုင်းစစ်သားများနှင့် ရင်ဆိုင်တိုးစဉ် မူးယစ်ဆေးများကို စွန့်ပစ်ပြီး တာချီလိတ်မြို့ဘက်သို့ ထွက်ပြေးသွားကြောင်း၊ ဖမ်းမိသည့် မူးယစ်ဆေးများ၏ တန်ဖိုးမှာ ဘတ် သန်း ၁၅၀ ခန့် ရှိနိုင်ကြောင်း သိရသည်။
တာ့ဆန်းရေကာတာ တရုတ်အင်ဂျင်နီယာ ပျောက်ဆုံးမှု ဗျူဟာမှူးရာထူးပြုတ်ဖွယ်ရှိ
Wednesday, 01 June 2011 17:10 သျှမ်းသံတော်ဆင့်မေလဆန်းပိုင်းကတာ့ဆန်းရေကာတာတည်ဆောက် ရေးစီမံကိန်းမှ တရုတ်အင်ဂျင် နီယာ ၄ ဦးယနေ့ တိုင် ပျောက်ဆုံး နေသည့်အတွက် ဒေသ အာဏာပိုင် ဗျူဟာမှူးကြီးရာထူးမှ ပြုတ်ဖွယ်ရှိကြောင်းနီးစပ်သည့် မိုင်းတုံသားတဦးက ပြောပါသည်။
“ရေကာတာဆောက်လုပ်ရေးဂွင်ကနေ သံလွင်မြစ်အထက်ပိုင်းပျောက်ဆုံးနေတဲ့ အဲဒီတရုတ် ၄ ယောက် အခုထိ မတွေ့ဘူးဗျာ့၊ ဗမာတပ်ကတော့ ကျိုင်း တောင်းဘက်အခြေချလှုပ်ရှားတဲ့သျှမ်းသူပုန်တွေ ဖမ်းသွားတယ်လို့ ပြောတယ်။ အခုထိ ဘယ်သူ ဖမ်းတယ်ဆိုတာ တိတိကျကျမသိသေးဘူး” - ဟု နားကောင်းမူး ဒေသခံတဦးက ပြောပါသည်။
မေလဆန်းပိုင်း၌ တရုတ်အင်ဂျင်နီယာ ၄ ဦး၊ တာ့ဆာလားဒေသခံ လမ်းပြ စကားပြန် စိုင်းဘောဂနှင့်အတူ စက်လှေငှား ပြီး တာ့ဆန်းရေကာတာ တည်ဆောက်ရေးဂွင်မှ အထက်ဘက် နမ့်ဆင်မ်ချောင်းဝ၊ နမ့်ပန် ချောင်း ဝအထိ ဆန်တက်သွားစဉ် အမည်မသိလက်နက်ကိုင်လူတစု သေနတ်ပစ်ဖေါက် ခြိမ်းခြောက်ခေါ်ယူသွားကြောင်း တာဝန်ကျ မြန်မာစစ် တပ်နှင့် ရင်းနှီးသည့် ပုဂ္ဂိုလ်တဦးက ဤကဲ့သို့ပြောပြပါသည်။
“သူတို့အဖမ်းခံရတာက မေ ၉ ရက်၊ ၁၂ ရက်မှ ဗျူဟာမှူးသိတာ၊ အဲအချိန်တုန်းက တရုတ်တွေက ဂြိုလ်တုဖုန်းနဲ့ (တရုတ်ပြည်)သူတို့ကုမ္ပဏီဆီ ဆက်သွယ်တယ်၊ အဲဒီကနေ ဘေဂျင်းအစိုးရက နေပြည်တော်ကိုအကြောင်းကြား တော့မှ ဗျူဟာမှူး သိရတာ။ ဗျူဟာမှူးကိုယ်တိုင်ကလဲ ပြန်လွတ်လာတဲ့လူနဲ့ မတွေ့ခဲ့ရဘူး။ တည်ဆောက်ရေး ဂွင်က ကုမ္မဏီ အကြီးအကဲတွေနဲ့ဘဲတွေ့ရတယ်”
ပုံပါကျင်အခြေစိုက် မိုင်းတုံဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းရွှေက ဒေသခံ ရပ်ရွာအကြီးအကဲ များအား၊ မေ ၁၇ ရက် တကြိမ်၊ မေ ၃၁ ရက်နေ့ တကြိမ်ဆင့်ခေါ်ပြီး အဆိုပါပျောက်ဆုံးနေသည့် တရုတ်ကိစ္စအား အချိန်မှီသတင်း စုံစမ်း ထောက် လှမ်းပေးပို့ပေးရန်ပြောကြားခဲ့သည်။
ပုံပါကျင်နှင့် မိုင်းတုံဒေသခံရပ်မိရပ်ဖ တဦးက - ၂၀၁၀ ဇန္နဝါရီလပိုင်းက တောင်ပိုင်း ဝ တပ်မှူးတဦး၏ကား တစ်စီး အား သိမ်းပိုက်ရောင်းချပြီး ဖီုးဝှီးကားတစ်စီး ဝယ်ယူ၍ ရေကာတာ တရုတ် အင်ဂျင်နီယာများထံ တလ ကျပ်ငွေ ၃ ငှါး ရမ်းပေးခဲ့ကြောင်း၊ နှစ်ဦးပိုင်း၌လည်း မိုင်းဆတ်မှထိုင်းနယ်စပ် သို့ ဆင်းသည့်စစ်ယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရပြီး နအဖ အရာရှိ ၃ ဦးသေဆုံးမှုအပါအဝင် ယခု တရုတ်အင်ဂျင်နီယာများပျောက်ဆုံးမှုများ ကြောင့် ဗျူဟာမှူးဗိုလ်မှူးကြီး ထွန်းထွန်းရွှေ ပစ်ဒဏ်ကျခံရဖွယ်ရှိကြောင်း၊ ရာထူးမှ ဖြုတ်ချ ခံရဖွယ်ရှိ ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
တရုတ်အင်ဂျင်နီယာပျောက်ဆုံးမှုနှင့်ပတ်သက်၍ ကွန်ဟိန်းမြို့အခြေစိုက် ဗျူဟာမှူးကလည်း စစ်အင်အား ၃-၄ ရင်း စေ လွတ်၍ ကွန်ဟိန်း (တာ့ကော့ ကျိုင်းတုံ ) ကားလမ်းတောင်ဘက်ခြမ်းနှင့်သံလွင်မြစ်အနောက်ခြမ်း ကျိုင်းလုံး၊ ကျိုင်း ခမ်း ဘက် လှည့်လည်မွေနောက် ရှာဖွေခိုင်း ကြောင်း၊ ရပ်ရွာအကြီးအကဲများလည်း ၁၂၊၅၊၂၀၁၁ ၌ဆင့်ခေါ်ပြီး သတင်း ထောက်လှမ်း ပေးပို့ ခိုင်းကြောင်း နီးစပ်သည့် ကွန်ဟိန်းမြို့ခံတဦးက ပြောပြပါသည်။
ဘန်ကောက်ပို့စ်နှင့် နေရှင်း မြန်မာတွင် စတင်ဖြန့်ချိ
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၉ မိနစ်ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ နေ့စဉ်ထုတ် အင်္ဂလိပ်သတင်းစာ နှစ်စောင်ဖြစ်သည့် ဘန်ကောက်ပို့စ်နှင့် နေးရှင်း သတင်းစာများကို ဗုဒ္ဓဟူးနေ့က စတင်၍ မြန်မာနိုင်ငံတွင် ပြန်လည် ဖြန့်ချိခွင့် ပြုလိုက်သည်။
တမျိုးလျှင် စောင်ရေ ၂ဝ စီအနက် နေပြည်တော်ရှိ ဝန်ကြီးဌာန ၆ ခု၊ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးများနှင့် ကုလသမဂ္ဂ ရုံးများသို့ ဖြန့်ချိသည့် စောင်ရေများအတွက် စာပေဆင်ဆာဘုတ်ကို မဖြတ်ဘဲ ဖြန့်ချိခွင့်ရခြင်း ဖြစ်သော်လည်း ကျန်စောင်ရေများအတွက် ဆင်ဆာဘုတ်တွင် တနာရီကြာ စိစစ်မှုခံရသည်။
“ဒီနေ့က ပြပြီး ဆင်းနေတုန်း။ တခြား ဟိုတယ်တွေ ဖြန့်မယ်။ ဟိုတယ်တွေအားလုံးကို Marketing လုပ်ထားတယ်။ မန္တလေးမှာရှိတဲ့ ဟိုတယ် ၂ ခုကိုတော့ မလုပ်ရသေးဘူး” ဟု တင်သွင်းဖြန့်ဝေခွင့် လိုင်စင်ရ Success International Publisher's Distributor ကုမ္ပဏီပိုင်ရှင် ဦးမျိုးအောင်က ပြောသည်။
သတင်းစာများကို ထိုင်းအဲယားဝေး လေကြောင်းလိုင်းဖြင့် သယ်ဆောင်လာခဲ့ပြီး၊ မင်္ဂလာဒုံလေဆိပ်သို့ မနက် ၈ နာရီခွဲတွင် ရောက်ရှိလာသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ သတင်းစာ တင်သွင်းကုန်ခွင့် လိုင်စင် ထုတ်ပေးရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ သဘောထား မှတ်ချက် လိုအပ်သဖြင့် လျှောက်လဲတင်သွင်းလိုက်ရာ ၅ ရက်အကြာ ဖြန့်ဝေခွင့်ရခဲ့ခြင်း ဖြစ်သည်ဟု ဦးမျိုးအောင်က ဆိုသည်။
တစောင်လျှင် ၂၁ဝဝ ကျပ်ဖြင့် ရောင်းချမည့် သတင်းစာများကို နေပြည်တော် ဝန်ကြီးဌာနများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဟိုတယ်ကြီးများ အပါအဝင် အနည်းဆုံး ဝယ်ယူမည့် သူ ၁ဝ ဦးရှိပြီဟု ဆိုသည်။
“မြန်မာနိုင်ငံပေါ်မှာ သိပ်ဆိုးဆိုးဝါးဝါး ဝေဖန်တာဆိုရင် ဒီသတင်းကို ဖြတ်ပေးပါဆိုရင် ဗမာသတင်းပါတဲ့ စာရွက်ကို ဖြုတ်ထားလိုက်တယ်။ ကျန်တဲ့စာရွက်ပဲ ဝေတယ်” ဟု ၁၉၉၄ ခုနှစ်ကတည်းက နိုင်ငံခြားသတင်းစာအချို့ကို အနည်းငယ်စီ တင်သွင်းခဲ့သော ဦးမျိုးအောင်က ပြောသည်။
မည်သို့သော သတင်း၊ အသုံးအနှုန်းများကို စာပေစိစစ်ရေးက ခွင့်မပြုဟု အတိအကျ မပြောနိုင်သော်လည်း အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်သည့်သတင်း၊ ၂ဝဝ၇ ခုနှစ် သံဃာတော်များ ဦးဆောင်သော လမ်းပေါ် ဆန္ဒပြမှု သတင်းများကို ဖယ်ရှားခံခဲ့ရသည်ဟု သူက ဆိုသည်။
သူသည် စင်္ကာပူနိုင်ငံထုတ် Straits Times နှင့် Business Time အပါအဝင် ဂျပန်နိုင်ငံထုတ် အဆာဟိ၊ နစ်ကေး စသည့် သတင်းစာပေါင်း ၁ဝ ခုခန့်ကိုလည်း ဖြန့်ဝေပေးနေသည်။
“ဒီဘန်ကောက်ပို့စ်နဲ့ နေးရှင်းမှာ ပါတဲ့ contents (အကြောင်းအရာ) တချို့က ဘယ်လိုမဆို၊ ကျနော်တို့ နိုင်ငံမှာ ရှိနေတဲ့ ဥပဒေတွေနဲ့ ငြိစွန်းနိုင်တယ်။ ဆင်ဆာမှာ ပြဿနာရှိရင် ကျနော် ကုန်သည်ပဲ။ အဲဒီတုန်းက မလုပ်ရဲခဲ့ဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ စီးပွားရေးသမား တယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ ပွင့်လင်းလာပြီး လုပ်လို့ကိုင်လို့ ရလာပြီ။ အရင်လောက် ဆင်ဆာမူကလည်း သိပ်ပြီးတော့ တင်းကျပ်မှု မရှိတော့ဘူး ဆိုတာကို လေ့လာတွေ့ရှိရလို့ လက်တွေ့လုပ်တာ” ဟု ဦးမျိုးအောင်က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အင်္ဂလိပ်သတင်းစာများ ဖတ်သည့် လူဦးရေ အလွန်နည်းပါးပြီး၊ စာဖတ်ရေးကို အဓိက မထားဘဲ မိမိ၏ စားဝတ်နေရေးကို အဓိကထား ရုန်းကန်နေရခြင်းများကြောင့် ဈေးကွက်အရ သေးလှသည်ဟု ဆိုသည်။
ဘန်ကောက်ပို့စ်နှင့် နေးရှင်း သတင်းစာများအား ရောင်းချခွင့်ပြုသည့် ဆုံးဖြတ်ချက်က မြန်မာမီဒီယာလောကမှာ တိုးတက်မှု တခုအတွက် ကြိုဆိုစရာ ခြေလှမ်းတခု ဖြစ်သော်လည်း မည်မျှအတိုင်းအတာအထိ ခွင့်ပြုမည်ကို စောင့်ကြည့်ရမည်ဟု အရှေ့တောင်အာရှ သတင်းမဟာမိတ်အဖွဲ့ SEAPA က တာဝန်ရှိသူ တဦးက ပြောသည်။
“နိုင်ငံခြား သတင်းစာတွေကို အစိုးရက ရေရှည်မှာ ဘယ်လို သဘောထား ဆက်ဆံမလဲဆိုတာ
စောင့်ကြည့်ရပါဦးမယ်။ အဲဒီနိုင်ငံခြား သတင်းစာတွေကိုရော ဆင်ဆာဖြတ်တဲ့ ဥပဒေတွေ နောက်ဆက်တွဲ ကန့်သတ်ချက်တွေနဲ့ အပြစ်ပေးတာမျိုးတွေရော ရှိမရှိ မသိနိုင်သေးပါဘူး။ တကယ်လို့ အဲဒီသတင်းစာတွေက အခု လက်ရှိ အာဏာရနေတဲ့ မြန်မာအစိုးရကို ထိခိုက်တဲ့ အထင်အမြင်မျိုးတွေ ပါလာခဲ့ရင်ကော အစိုးရက ဘယ်လို သဘောထားမလဲဆိုတဲ့ ကိစ္စလည်း ရှိပါသေးတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
စစ်တပ်နောက်ခံ အစိုးရသစ်လက်ထက် စာပေစိစစ်ရေးမူများကို တဖြည်းဖြည်း လျှော့ကျပေးသွားမည်ဟု ပြီးခဲ့သည့် မတ်ကုန်ပိုင်းက ပြည်တွင်းမှ ဂျာနယ်အချို့အား စာပေစိစစ်ရေးဌာနသို့ ကြိုတင် တင်သွင်းရန် မလိုဘဲ တိုက်ရိုက် ထုတ်ဝေနိုင်မည်ဟု တာဝန်ရှိသူ ဦးတင်ဆွေက ပြောဆိုခဲ့သော်လည်း ယနေ့ထိ စာပေစိစစ်ရေးထံ တင်ပြရဆဲ ဖြစ်သည်။
No comments:
Post a Comment