Sunday, May 1, 2011

ကာလနဂါး (မင်းခိုက်စိုးစံ)

အရေးတကြီး နိုးထစရာ မလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ …။

‘ဘဝ’ဆိုတာနဲ့ ဘာလို့ ‘ရှင်သန်ခြင်း’ … လို့
အဓိပ္ပာယ်ဖွင့်ဆိုရတာလဲ?!
ငါကတော့ အိပ်နေရတာကိုပဲ … ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျောက်ကြီး မကောင်းနိုင်ဘူးပေါ့ …
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။



လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး၊
ကျေးဇူးပြုပြီး ငါ့ကို
‘အရူး’ လို့ ခေါ်ပါ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေး နှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော … ငါ ဘယ်လောက် လိမ္မာတဲ့ကောင်လဲကွယ် …၊
ဟောဒီ အရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ်။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့အုတ်ဂူမှာလည်း ဘာကမ္ဗည်းမှ ထိုးပေးဖို့
အကြောင်းမရှိပေဘူး။

အို … မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ …
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီး လိုက်ရှာကြ၊

ငါကတော့ …
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့်ကိုယ်ချင့် … ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို … သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမဝခဲ့ကြပါဘူး။

သရုပ်ဖော် - အောင်ထက်


 

No comments: