“ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း ၁၀ နှစ်သက်တမ်း နေထိုင်ခွင့်လက်မှတ်တွေကို ၂၀၁၁ ခု ဇန်နဝါရီလမှ စတင်ပြီး မတ်လ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာမြို့နယ်တွေမှာ ပြန်လည်စိစစ်ဖို့ ညွှန်ကြားချက် ထွက်လာပြီးနောက်ပိုင်း မိမိတို့လက်မှတ်လုပ်ကိုင်ခဲ့တဲ့ မြို့နယ်တွေကိုပြန်သွားပြီး စိစစ်ခံတဲ့အခါမှာ လက်မှတ်ကိုင်ဆောင်ထားတဲ့ လူဦးရေ ၅ သောင်းနီးပါးရဲ့ ၆၅ ရာခိုင်နှုန်း ၃ သောင်းကျော် ပယ်ဖျက်ခံရပါတယ်။ အကြောင်းကြောင်းတွေကြောင့်လို့ပဲ ဆိုရမှာပါ …”
အာအက်ဖ်အေ သောတရှင်များ ခင်ဗျား
အရင်အပတ်က တာ့ခ်ခရိုင် မဲဆောက်ဒေသက ဆယ်နှစ်ခံ လက်မှတ်တွေပြုလုပ်ကြတာတွေနဲ့ ပတ်သက်လို့ လေ့လာရမိသလောက် တင်ပြခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ဒီဥပဒေကို ပြဌာန်း အကောင်အထည်ဖော် ဆောင်ရွက်ပေမယ့် တနေရာနဲ့တနေရာ တရွာ တပုဒ်ဆန်း၊ တကျောင်းတဂါထာ ဆိုသလို မတူညီတာကို တွေ့ရပြန်ပါတယ်။
ဆိုလိုချင်တာကတော့ ဥပမာ မဲဆောက်ဒေသနဲ့ ချင်းမိုင်ဒေသဆိုပါတော့၊ ဒေသ ၂ ခုဟာ ဥပဒေပြဌာန်းချက် အခြေခံတူညီကြပေမယ့် လုပ်ကိုင် ဆောင်ရွက်ကြပုံတွေက မတူပြန်ပါဘူး။ သို့ပေမယ့် ပွဲစားခတွေ၊ သူကြီးကို လာဘ်ထိုးရတာတွေကတော့ ဆင်တူကြပါတယ်။ ဈေးကတော့ ဒေသပေါက်ဈေးလို့ ပြောရမှာပေါ့။
မဲဆောက်ဒေသမှာက အသစ်ပြုလုပ်ပေးဖို့ စိစစ်မှုတွေလုပ်နေပေမယ့် ချင်းမိုင်ဒေသဘက်က ရှိပြီးကိုင်ဆောင်ထားတဲ့ လက်မှတ်တွေကို ပြန်စိစစ်တာဆိုတော့ ကိုင်ဆောင်ထားကြတဲ့ မြန်မာပြည်သားတွေအတွက်တော့ နားလည်ရခက်တယ်လို့ ညည်းတွားကြပါတယ်။
ချင်းမိုင်ခရိုင်အတွင်းမှာရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေ ဖြစ်တဲ့ မယ်ဆိုင်၊ ဖန်၊ ဝင်ဟယ်မြို့နယ်တွေမှာ ၁၀ နှစ်ခံ လက်မှတ်ကိုင်ဆောင်နေထိုင်ကြသူ အများစုက မြန်မာနိုင်ငံသား တိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်း၊ လားဟူ၊ ပလောင်လူမျိုးတွေပါ။ အများစုက စစ်ပြေး ဒုက္ခသည်တွေပါ။ ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် ခိုလှုံနေထိုင်လာကြတာ နှစ် ၂၀ ကျော် ၃၀ နီးပါး ရှိကြတဲ့ သူတွေလည်း ပါဝင်ပါတယ်။
ခန့်မှန်းပြောဆိုချက်တွေအရ လူဦးရေ ၅ သောင်းနီးပါး ၁၀ နှစ်ခံလက်မှတ် လုပ်ခဲ့ကြတာပါ။ ဒီလက်မှတ်ကို လွန်ခဲ့တဲ့ ၄ နှစ် ၂၀၀၇ ခုနှစ်ကမှ ထိုင်းအာဏာပိုင်တွေက စိစစ်ပြုလုပ်ပေးခဲ့တယ် ဆိုပါတော့။
၁၀ နှစ်ခံလက်မှတ် ကိုင်ဆောင်သူတွေဟာ ပညာသင်ကြားခွင့်၊ သတ်မှတ်ထားတဲ့ နေရပ်တွေမှာ ယာယီအခြေချ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်၊ ဆေးကုသခွင့်နဲ့ ခရီးသွားလာခွင့်တွေရရှိတဲ့ အတွက်ကြောင့်လည်း လူတိုင်းနီးပါး လုပ်ကိုင်လိုကြပါတယ်။ ချင်းမိုင် ခရိုင်ရဲ့ထူးခြားချက်က အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် ချင်းမိုင်မြို့တော် အပါအဝင် ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ သွားရောက် အလုပ်လုပ်ကိုင်ချင်ရင် လုပ်ငန်းရှင်ရဲ့  ထောက်ခံချက်၊ ၁၀ နှစ်ခံ လက်မှတ်လုပ်စဉ်က ထောက်ခံပေးသူရဲ့  ထောက်ခံချက်တွေ ပြည့်စုံရင်၊ အလုပ်လုပ်ခွင့် လက်မှတ် (ဝပ်ပါမစ်) လည်းရှိမယ်ဆိုရင် ခရီးသွားလာ အလုပ်လုပ်ကိုင်ခွင့်ကို ၆ လ သက်တမ်းအထိ ပေးတာကြောင့် လူတိုင်းလိုလို ကိုင်ဆောင်ချင်ကြတာပါ။
ဒါပေမယ့် ချင်းမိုင်ခရိုင်ထဲမှာ လုပ်ပေးတဲ့ မြို့နယ် ၃ မြို့နယ်မှာတောင် လက်မှတ်လုပ်ဖို့ စုစုလျားလျားစရိတ်ငွေကြေးက ထိုင်းဘတ်ငွေ တသောင်းကနေ လေးသောင်း ဝန်းကျင်အထိ ကုန်ကျတာကြောင့် လူတိုင်းလုပ်ကိုင်နိုင်ဖို့ အတော်ခဲယဉ်းတဲ့ ငွေကြေးပမာဏ ဆိုပါတော့။ သို့ပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့  ကြံဖန်လုပ်ကိုင်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း ၁၀ နှစ်သက်တမ်း နေထိုင်ခွင့်လက်မှတ်တွေကို ၂၀၁၁ ခု ဇန်နဝါရီလမှစတင်ပြီး မတ်လ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာမြို့နယ်တွေမှာ ပြန်လည်စိစစ်ဖို့ ညွှန်ကြားချက် ထွက်လာပြီးနောက်ပိုင်း မိမိတို့လက်မှတ်လုပ်ကိုင်ခဲ့တဲ့ မြို့နယ်တွေကိုပြန်သွားပြီး စိစစ်ခံတဲ့အခါမှာ လက်မှတ်ကိုင်ဆောင်ထားတဲ့ လူဦးရေ ၅ သောင်းနီးပါးရဲ့ ၆၅ ရာခိုင်နှုန်း ၃ သောင်းကျော် ပယ်ဖျက်ခံရပါတယ်။ အကြောင်းကြောင်းတွေကြောင့်လို့ပဲ ဆိုရမှာပါ။
တချို့က မြို့နယ်၊ ရပ်ကွက် အိမ်နံပါတ်တခုတည်းဖြစ်တဲ့ အိမ်ထောင်စုတခုတည်းမှာပဲ မိသားစုဝင် ၁၀၀ ကျော် ၂၀၀ ဖြစ်နေတာ။ ဒေသခံ သူကြီးဖြစ်သူနဲ့ ထောက်ခံခဲ့တဲ့သူတွေ၊ ပွဲစားလုပ်ပေးခဲ့တဲ့သူတွေက သေဆုံးသွားတာ၊ နယ်ပြောင်းသွားတာ၊ ဆက်သွယ်လို့မရတာ၊ ကတ်တွေကို ပြန်စိစစ်တဲ့အခါ ထောက်ခံခဲ့တဲ့ လူအမည်နဲ့ ကိုယ့်အမည် လွဲမှားနေတာ စတဲ့ အချက်တွေအပြင် ထိုင်းဘာသာစကား၊ ထိုင်းစာနဲ့ ထိုင်းနိုင်ငံဥပဒေကို ရှင်းရှင်းလင်းလင်း သဘောမပေါက်တဲ့အချက်တွေ ပါဝင်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်ရုံးက မှန်ကန်တယ်လို့ စိစစ်ထောက်ခံချက်ရရှိဖို့အတွက်ကလည်း သူကြီး၊ ပွဲစားနဲ့ ရုံးပြင်ကနား နှီးနွယ်ပတ်သတ်တဲ့ အရာကိစ္စတွေ အတွက် ငွေတံတားခင်းရပြန်တာပါပဲ။
တရားမဝင် ပယ်ဖျက်ခံရတဲ့သူတွေရဲ့ ရှေ့ရေးကတော့ အတော်ရင်လေးစရာပါ။ ဘာဆက်လုပ်ရမှန်း မသိအောင်ကို အတိဒုက္ခ ဖြစ်ကြရတာဆိုပါတော့။ ကိုယ့်မြို့နယ်က ဆွေမျိုးသားချင်းအိမ်မှာပဲ ယာယီတည်းခို နေထိုင်ပြီး ရနိုင်တဲ့နည်းလမ်းကို ထပ်ရှာရမလို၊ ရတဲ့နည်းနဲ့ ချင်းမိုင်ကိုပဲ ပြန်တက်ရမလို ဇဝေဇဝါ ဖြစ်နေကြရတာပါ။ တချို့က မိသားစုလိုက် ပယ်ဖျက်ခံရတဲ့သူတွေလည်း ပါတယ်လေ။ စာရင်း ပယ်ဖျက်ခံရသူတွေကြားမှာလည်း သတင်းစကားနဲ့ ကောလဟလတွေကလည်း မှိုလိုပေါက်နေတယ်လို့ ပြောရမှာပါ။
တခြားမြို့နယ်မှာ သွားလုပ်ရင်ရတယ်။ ငွေတောင် ဒီလောက်မကုန်ဘူးတို့။ ငွေသောင်းချီကုန်လို့လည်း မသေချာဘူး။ အထက်က ထပ်စိစစ်စစ်ဆေးနေရင် နှစ်နဲ့ချီ ကြာအုန်းမှာတို့။ ဒီနိုင်ငံမှာ ငွေသာအဓိကပါ။ ပေးနိုင်ရင် ရပါတယ်တို့။ သူကြီးက နောက်မှပါ။ ခု ထောက်ခံပေးမဲ့သူကို အရင်ရှာ ဘတ်လေး ငါးရာနဲ့ အဆင်ပြေမှာတို့။ သူကြီးက စာရင်းသစ်တင်ပေးမယ် ၃၀၀ ပဲတို့။ မြန်မာနိုင်ငံသား တိုင်းရင်သားတွေ ဆွေလိုက်မျိုးလိုက်၊ အုံလိုက်ကျင်းလိုက်၊ ရပ်လိုက်ရွာလိုက် လုပ်ကိုင်နေကြတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ ငြုပ်ခင်း၊ ကြက်သွန်ခင်းနဲ့ တောင်ယာခင်းထဲတွေမှာတော့ ဘယ်စကားက အမှန်ဆိုတာ ဝေခွဲရခက်နေကြပါတယ်။
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မောင်လွမ်းဏီ
၉ - ၃ - ၂၀၁၁
မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese
သရုပ်ဖော် - မောင်မောင်တင်
No comments:
Post a Comment