Sunday, May 1, 2011

လေမဟုတ် အလုပ်နဲ့ ပြဖို့လို (လူထုစိန်ဝင်း)

ခွင့်မပန်ဘဲ ရုတ်တရက် တလလုံးလုံး စာရေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် စာဖတ်ပရိသတ်များကို တောင်းပန်ပါရစေ။ စိတ်စေတနာနဲ့ တနယ်တကျေးက၊ နိုင်ငံရပ်ခြားက ဖုန်းဆက်ကြ စာရေးကြပြီး စုံစမ်း မေးမြန်းကြသူများနဲ့ အိမ်အရောက်လာပြီး ကြည့်ရှုကြသူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဦးစွာပထမ ပြောကြားလိုက်ရပါစေ။

ပူလိုက်အေးလိုက်

အားလုံး စိတ်ပူကြတဲ့အတိုင်း နည်းနည်း နေထိုင်မကောင်း ဖြစ်သွားလို့ပါ။ ဒီနှစ် မတ်လက ရာသီဥတု တော်တော် ဖောက်ပြန်တယ်။ ပူလိုက် မိုးရွာချလိုက်၊ အေးချင်အေးလာလိုက်နဲ့ ခုတမျိုး တော်ကြာတမျိုး အစိုးမရ ဖြစ်ချင်တိုင်း ဖြစ်နေတာ။ အိန္ဒိယ သမုဒ္ဒရာထဲ မုန်တိုင်း ဖြစ်ပြီး မြန်မာပြည်ထဲ ဝင်မလိုလို သတင်းတွေကလည်း ဖြစ်နေသေးတယ်။ နောက်တော့ မတ်လထဲမှာ မြန်မာပြည်ကို မုန်တိုင်းဝင်တဲ့ ထုံးစံမရှိဘူးလို့ ရဲရဲပြောခဲ့တဲ့ မိုးလေဝသ ဦးထွန်းလွင်ရဲ့ စကားမှန်လို့ တော်သွားတာပေါ့။


ဒါတောင် အယ်လ်နီညိုနဲ့ လာနီညာ ကလိတဲ့ ဒဏ်ကတော့ မလွတ်ဘူး။ လမ်းပေါ်မှာ တံလျပ်ငွေ့တွေ တလူလူပျံပြီး ကျောကော့အောင် ပူနွေးနေရာက ရုတ်တရက် လေတွေတိုက်ပြီး မိုးတွေ ရွာချင်ရွာချပြန်ရော၊ အပူသက်သာသွားလို့ ဝမ်းသာမလိုဖြစ်ခါရှိသေး နောက်နေ့ မိုးလင်းတော့ ခြစ်ခြစ်တောက်လာပြန်ရော၊ အစိုးရတာ တခုမှမရှိဘူး။ ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်နေတော့တာပဲ။

ရောဂါသည်က သိတယ်

မတ်လကုန်ခါနီး တရက်ကတော့ တသက်မှာ တခါမှမကြုံဖူးတဲ့ ရာသီဥတု ဖောက်ပြန်မှုတခုကို တွေ့ရတယ်။ ထူးဆန်းအံ့သြဖွယ်လို့ ပြောရမလား၊ ပြောမယုံ ကြုံဖူးမှသိလို့ ပြောရမလား ဆိုတာတောင် မဝေခွဲတတ်တော့ဘူး။ ထူးဆန်းတာတော့ ထူးဆန်းတယ်။ အဲဒီနေ့ကို လူကောင်းတွေကတော့ သတိပြုမိချင်မှ ပြုမိကြမယ်။ ရောဂါသည်ကတော့ ကောင်းကောင်း မှတ်မိနေတယ်။ အဲဒီနေ့က မိုးလင်းကတည်းက ပူတာ လူကို ဟောဟဲလိုက်နေတယ်။

နည်းနည်းလေး လှုပ်မိတာနဲ့ ငါးလိုပါးစပ် ဟပြီး ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှုနေရတယ်။ ထမင်းဝါးရတာတောင် မောတယ်။ ညနေစောင်းတော့ လေပြင်းတိုက်ပြီး မိုးတွေရွာချလိုက်တယ်။ မိုးကသိပ်များတာတော့ မဟုတ်ဘူး။ ဒါပေမယ့် တော်တော်အေးသွားလို့ ညဖက် စောင်ခြုံအိပ်ရတယ်။
နွေမိုးဆောင်း တပေါင်းတည်းမနက်ကျတော့ မိုးမရွာဘူး။ အုံ့ရုံပဲ အုံ့တယ်။ ဒါပေမယ့် ဆောင်းလိုချမ်းနေတယ်။ တနေ့လုံး မိုးအုံ့လိုက်၊ လေပြင်းတိုက်လိုက်နဲ့ စောင်ခွာလို့ မရဘူး။

မတ်လနွေခေါင်ခေါင် နေ့လယ်ခင်းကြီးမှာ စောင်ခြုံပြီး ကွေးနေရတယ်ဆိုတာ ယုံနိုင်စရာ မရှိဘူး။ အညာသားတယောက်အနေနဲ့ ရန်ကုန် ဆောင်းရာသီမှာတောင် နေ့လယ်ကြီး တခါမှ စောင်ခြုံ မကွေးခဲ့ဖူးဘူး။ အခုမှ ကြုံဖူးရတယ်။ သဘာဝတရားရဲ့ ဆန်းကြယ်မှုတွေ အမျိုးမျိုး ကြားဖူး၊ ကြုံဖူးပါရဲ့။

နေ့ရဲ့သင်္ကေတ နေမင်းကြီးနဲ့ ညရဲ့သင်္ကေတ လမင်းကြီးတို့ ကောင်းကင်ထက်မှာ နှစ်ပါးဆိုင်ပြီး အပြိုင်ထွက်နေတာ မြင်ဖူးပါတယ်။ နွေခေါင်ခေါင် မိုးကြိုးပစ်တာ ကြားဖူးသလို၊ ဆောင်းတွင်းကြီး မိုးရွာတာလည်း ကြုံဖူးတယ်။ ဒါပေမယ့် မနေ့ကလို တနေ့တည်းမှာ နွေမိုးဆောင်း သုံးရာသီ တပြိုင်တည်းကျရောက်တာမျိုးတော့ တသက်နဲ့တကိုယ် တခါမှ မကြုံဖူးဘူး။ ကြားလည်း မကြားဖူးဘူး။

တင်စားတာမဟုတ်

ဥတုသုံးမျိုး တပေါင်းတည်းကျတယ် ဆိုတာက သဘောလောက်သာ မဟုတ်ဘူး။ တင်စားပြောတာ မဟုတ်ဘူး။ တကယ်ပီပြင်တာ။ နွေကနွေလို ခြစ်ခြစ်တောက် ပူသလို၊ မိုးကလည်း မိုးပီပီသသ အုံ့ဆိုင်းမှုန်မှိုင်းပြီး ရွာချတာ။ မိုးရပ်သွားတာတောင် အုံ့မှိုင်းနေတုန်းပဲ။ ချမ်းတဲ့နေရာကျတော့လည်း ရန်ကုန်ဆောင်းနဲ့မတူဘဲ အညာဆောင်းလို စောင်ခြုံထဲက မထွက်နိုင်တဲ့ အချမ်းမျိုး။
ထူးထွေတည့်အံ့ရာသောဝ်လို့ ဆိုရမယ့် အခြေအနေပဲ။

နောက်နေ့ရောက်တော့ ချမ်းတယ်ဆိုတာ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ချက်ချင်းပဲ ပူလာလိုက်တာ ကိုယ့်အသား ကိုယ်ထိရင်တောင် အငွေ့ထွက်လာသလို ခံစားရတယ်။ ရာသီဥတုက လူတွေကို ကျီစားနေသလို အောက်မေ့မိတယ်။

ကျေးဇူးတင်ကြောင်းပြောချင်လို့

နွေမိုးဆောင်း တပေါင်းတည်းကျတဲ့ဒဏ်ကို မကျန်းမာတဲ့ ခန္ဓာကိုယ်က မခံနိုင်ဘူး။ အသက်ရှုကြပ်ပြီး မောလာတယ်။ ခါတိုင်းလို ရှုဆေးရှုလိုက်တာနဲ့ သက်သာမသွားဘူး။ ဗင်တိုလင်ရှုဆေးကို စက်နဲ့မှုတ်သွင်းပြီး ရှုလည်း ခဏပဲ သက်သာသွားတယ်။ ပြီးတော့ ကြပ်မြဲကြပ်ပြီး မောမြဲမောနေတော့တယ်။ နည်းနည်းလေးမှ အလှုပ်မခံတော့ ဆေးရုံလည်း မသွားနိုင်ဘူး။

အနီးကပ် စောင့်ရှောက်ပေးနေတဲ့ ဆရာလေးကိုပဲ အကြောင်းကြားရတယ်။ ဆရာလေးရဲ့ ဂရုစိုက်မှုကြောင့် သေကောင်ပေါင်းလဲတော့ မဖြစ်လိုက်ဘူး။ ခံတော့ တော်တော် ခံလိုက်ရတယ်။ တလလုံး စာမရေးဘဲ နားလိုက်တယ်။ အခုတော့ သက်သာလာပြီ ဖြစ်တာက တကြောင်း၊ စိတ်ပူကြတဲ့ စာဖတ်ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောချင်တာက တကြောင်းကြောင့် ဒီစာကို ရေးလိုက်ရတာ ဖြစ်တယ်။

ကွန်ကရစ် ဖုန်းဆိုးတောကြီး

ရှိတုန်းက တန်ဖိုးမထားဘဲ မရှိတော့မှ အဖိုးတန်မှန်းသိတာ လူ့သဘာဝပဲ။ အညာသားဖြစ်လို့ တော်ရုံ အပူလောက်ကို မမှုပါဘူး။ အခု ရောဂါရတော့မှ အပူကိုကြောက်ပြီး သစ်ရိပ်ဝါးရိပ်တွေကို တမ်းတမိတယ်။ ဒါပေမယ့် အချိန်က အများကြီးနှောင်းသွားပြီ။

ကျောင်းသားဘဝက နေပြောက်မတိုးတဲ့ ရန်ကုန်-မန္တလေး မီးရထားနဲ့ ကားလမ်းတလျှောက်က ကျွန်းတောကြီးတွေ မရှိတော့ဘူး။ ဝါဆိုပန်းခူး ထွက်ကြတဲ့၊ မင်္ဂလာဒုံနဲ့ ထောက်ကြန့်ဘက်က တောအုပ်တွေ ပျောက်ကွယ်သွားပြီ။ ည ၉ နာရီခွဲပွဲ ရုပ်ရှင်ကြည့်ပြီးအပြန် ပန်းဆိုးတန်းတလျှောက်မှာ ကလေးတွေနဲ့ အလုအယက် ပန်းကောက်ခဲ့ကြတဲ့ ခရေပင်ကြီးတွေ မရှိတော့ဘူး။ စိမ်းညို့နေတဲ့ ခရေပင်ကြီးတွေ၊ မန်ကျည်းပင်ကြီးတွေနဲ့ ကုက္ကိုပင်ကြီးတွေနေရာမှာ ခုတော့ ကွန်ကရစ် ဖုန်းဆိုးတောကြီးပဲ ရှိတော့တယ်။

တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု

ဒါကိုပဲ မြို့ပြဖွံ့ဖြိုးတိုးတက်မှုလို့ ခေါ်နေကြသေးတယ်။ တိုးတက်မှုနဲ့ ဆုတ်ယုတ်ပျက်စီးမှုကို လူတွေ ခွဲခြားမသိကြဘူး။ ရောဂါရမှ သိကြရတယ်ဆိုရင် ဘယ်ကောင်းမှာလဲ။ အခု ဆယ်စုနှစ်တခုလောက်အတွင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေး လှုံ့ဆော်မှုတွေ တော်တော်လေး လုပ်ကိုင်လာကြတာ တွေ့ရလို့ စိတ်သက်သာ ရသေးတယ်။

အနယ်နယ် အရပ်ရပ်မှာ သစ်ပင်စိုက်တဲ့ သတင်းတွေလည်း ကြားသိ တွေ့မြင်နေရတယ်။ အခုစိုက်တဲ့အပင်တွေ သစ်ပင်ကြီး ဖြစ်လာဖို့က ကိုးနှစ်၊ ဆယ်နှစ် အချိန်ယူရဦးမယ်။ လောလောဆယ် သက်တမ်းလေးငါးဆယ် ရှိနေတဲ့ သစ်ပင်ကြီးတွေကို ခုတ်လှဲခြင်း မပြုလုပ်ဖို့လည်း တားဆီးကာကွယ်ဖို့ လိုပါတယ်။ လမ်းဖောက်လို့ အဆောက်အဦဆောက်လို့ ဆိုပြီး သက်တမ်းရင့် သစ်ပင်ကြီးတွေကို လက်လွတ်စပယ် ခုတ်လှဲခြင်း မပြုဖို့ လိုပါတယ်။

သက်သေပြပါ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးတို့၊ သစ်ပင်စိုက်ရေးတို့ လှုံ့ဆော် ဟောပြောနေကြတာ အလွန်ကောင်းတယ်။ လက်တွေ့ များများစိုက်ကြရင် ပိုကောင်းတယ်။ အခုတော့ အစိုက်နဲ့အခုတ် တဖက်စောင်းနင်း ဖြစ်နေတယ်လို့ ထင်တယ်။ များများစိုက်ပြီး နည်းနည်းပဲ ခုတ်ကြပါလို့ တောင်းပန်ချင်တယ်။

ဖုန်းဆိုးတောဖြစ်ပြီးမှ အိုအေစစ် ပြန်ဖြစ်အောင်လုပ်ဖို့ မလွယ်ပါဘူး။ Action speak louder than word အပြောထက် လက်တွေ့က ပို အရေးကြီးတယ် ဆိုတဲ့ စကားအတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စကို လေမဟုတ် အလုပ်နဲ့ သက်သေပြကြပါလို့ နှိုးဆော်လိုက်ရပါတယ်။

http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။



  

No comments: