Tuesday, April 19, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၁၉

ဒီအချိန် ရဲဘော် ၂ ယောက်က နမ့်တင်းစခန်းကို ရောက်နေပါပြီ။ သူတို့က အဲဒီမှာ ၁ဝ ရက်လောက် နေခဲ့ရတယ်ဆိုပဲ။ သူတို့ကိုမပို့ခင်တရက်မှာ ဗိုလ်မှူးကြီး (ဦး)ဇော်မိုင်းက ကျနော့်ကို ခေါ်တွေ့တယ်။ ဖော်ဖော်ရွေရွေပါပဲ။ မေးတာမြန်းတာ နည်းနည်းပဲလုပ်ပြီး ပါတီနဲ့ဆက်ဆံရေးတွေ ပြောပါတယ်။ စောစောပိုင်း အချင်းချင်းတိုက်ခဲ့ရတာတွေလည်း ပြောပါတယ်။

ပါတီခေါင်းဆောင် တဦးချင်းအကြောင်းလည်း မိတ်ဆက်ပေးတယ်။ (နောင်လည်းတွေ့ရတဲ့ သူ့စရိုက်အတိုင်း) ကြိုက်တာတွေရော မကြိုက်တာတွေရော ဟောဟောဒိုင်းဒိုင်း ပြောပါတယ်။ ကျနော့်မှာ ပြုံးလိုက် မဲ့လိုက် နားထောင်နေရပါတယ်။

“ရဲဘော်ထွန်းက ကျနော့်ထက်တောင် အရပ်ရှည်တယ်” ပြောလို့ တအံ့တသြဖြစ်သွားပြီး သဘောကျခဲ့တာ မှတ်မိနေတယ်။


နောက်တရက် RSM ဖြစ် သူက ကျနော့်ကို “ခင်ဗျားရဲဘော်တွေ ဒီနေ့လာလိမ့်မယ်။ ပထမဆုံး ရုံးခန်းကို ခေါ်သွားမယ်။ ခင်ဗျားက ကြားဖြတ်ပြီး နှုတ်ဆက်တာ။ အသိပေးတာ မလုပ်ပါနဲ့” လို့ သတိပေးထားပါတယ်။

ညနေစောင်းမှ (ကျနော် တက်လာခဲ့သလိုပဲ) KIA (ကျား-မ)တချို့နဲ့တက်လာတာ လှမ်းမြင်ရတယ်။ သူတို့ ၂ ယောက်က ဘော်လီဘောကွင်းကို (ကျနော်များရှိမလားလို့) လှမ်းကြည့်ပြီး မျက်နှာတွေညှိုးသွားတာ တွေ့လိုက်ရတယ်။

ဦးဇော်မိုင်းက သူတို့နဲ့ စကားပြော … ကျနော်ကြိုပြောထားတာတွေနဲ့ ကိုက်ညီမကိုက်ညီ စစ်ဆေးကြည့်ပြီး ...

“ခင်ဗျားတို့ ရဲဘော်ကြီး ဟောဟိုအိမ်မှာရှိလေရဲ့။ သွားတွေ့လို့ရပြီ” ပြောလိုက်မှ ကျနော့်အိမ်ဘက်ဆီ ဝမ်းသာအားရ ပြေးလာကြပါတယ်။

ကျနော်စိုးရိမ်သလို လမ်းမှာ သူတို့ ဒုက္ခအတော်တွေ့ခဲ့ကြရတယ်။ ကာမိုင်း မရောက်ခင် ပေါ်တာဆွဲနေတာနဲ့ကြုံလို့ ကားပေါ်ပါသူအကုန်လုံး တောထဲဆင်းပြီး ပြေးကြရပြီး ကိုယ့်ဘာသာ လမ်းဖောက်ကာ နမ့်တင်းစခန်းအရောက် လာခဲ့ကြရတာပါ။ တောထဲမှာ ထမင်းငတ်ခဲ့ကြရတယ်။ လမ်းမှာတင် ၂ ညအိပ်ခဲ့ကြရတယ်။ ခရီးကြုံတွေကောင်းလွန်းလို့ ကူညီကြလို့ ရောက်လာရခြင်းဖြစ်တယ်။
ကျနော် တပ်ရင်း ၆ ဌာနချုပ်မှာ ကြာကြာမနေလိုက်ရပါ။

တပ်ထွက်ကြဖို့ ပြင်ကြပြီ။ ဗဟိုဌာနချုပ် ပါကျောင်ကို ပြန်ကြမယ်။ ဗိုလ်သင်တန်းဆင်းတွေနဲ့ ကျနော်တို့ ရောရောနှောနှော ရင်းရင်းနှီးနှီး ဖြစ်နေကြပြီ။ ရန်သူ့နယ်မြေများ ဖြတ်သန်းရမည်ဆိုလို့ ရင်ဖိုနေကြပါတယ်။

သူတို့က ပြင်ကြဆင်ကြနဲ့ အလုပ်ရှုပ်နေကြတယ်။ ကျနော်တို့မှာ ပစ္စည်းက ဘာမှ များများစားစား ပါကြတာမဟုတ်။ တိုလီမိုလီလေးတွေနဲ့ အဝတ်အစားပဲ ပါတာ။ ဒါပေမယ့် လမ်းမှာ အရပ်ဝတ်အရပ်စား မဝတ်ပါနဲ့လို့ပြောပြီး ယူနီ ဖောင်းထုတ်ပေးလို့ သယ်ရမယ့်ပစ္စည်း ပိုလာတာရှိတယ်။

ခရီးကြမ်းချီတက်ပွဲ

နားလည်း နားထား။ စားလည်း စားထား ဆိုတော့ ကိုယ့်ကျန်းမာရေးကိုယ် အတော်အားရနေပါတယ်။ မိတ်ဆွေ KIA တွေက အနည်းဆုံး လဝက်လောက် တောင်တက်တောင်ဆင်းတွေ လျှောက်ရမယ်။ မြစ်ချောင်းတွေ ဖြတ်ရမယ်။ လျှော့သင့်တာ လျှော့ပစ်ပါဆိုလို့ မြင့်မြင့်က အရပ်ဝတ် ၂ စုံပဲယူပြီး ကျန်တဲ့အဝတ်အစား၊ ပစ္စည်းတွေ (KIA အမျိုးသမီးတွေကို) ပေးပစ်ခဲ့ပါတယ်။

မောင်လှဝင်းနဲ့ ကျနော်က ဘာမှမလျှော့။ အသုံးလိုမှာဆိုပြီး ကချင်ဓား၊ ရေဘူး၊ မိုးကာ စတာတွေပါ ပေါင်းစပ်လိုက်တော့ နည်းနည်းတော့ များနေသလိုပဲ။ မိတ်ဆွေတွေ သတိပေးတဲ့ကြားက “ရတယ်။ ရတယ်” ဆိုပြီး လွယ်မြဲလွယ်၊ သယ်မြဲသယ်ခဲ့ပါတယ်။ ကျနော်တို့ ၃ ယောက်ကို ဝဝတုတ်တုတ် ခွဲရုံး တပ်ကြပ်ကြီးဆီ အပ်ထားပါတယ်။

အပေါက်ဆိုးဆိုးနဲ့ တိတိကျကျ လုပ်သူပါ။ ကျနော်တို့ ပုံပန်းတွေကြည့်ပြီး အားရပုံမရ။ ကျနော်ကလည်း ဓနရှင်ပေါက်စမာနနဲ့ “ဘုန်းကြီးဝတ်တုန်းကလည်း ဘုန်းကြီးနဲ့ မတူ။ ခု စစ်သားဖြစ်လာတော့လည်း စစ်သားနဲ့မတူဖြစ်နေလို့ မရဘူး။ နည်းနည်းမှ မညည်းနဲ့” လို့ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုထားလိုက်ပါတယ်။


ကျန်ရဲဘော် ၂ ယောက်ကလည်း ဒီသဘောမျိုးဖော်ပြတာ တွေ့ရတယ်။ တကယ်က ကျနော်တို့ခရီးစဉ်ကို နိဂုံးချုပ်ကြည့်ရင် ခုလိုလွတ်လာတာမှာ ကျနော်တို့ တော်လို့မဟုတ်။ ‘ယုန်တောင်ပြေး ခွေးမြောက်လိုက်’ ဖြစ်နေပုံရတယ်။

မလိုက်ဘဲနေတာတော့ မဟုတ်။ မြင်းခြံအစုကို ထွက်မပြေးတဲ့သူကလွဲလို့ သူတို့ တယောက်မှ မမိလိုက်တာနဲ့ ပတ်သက်ပြီး ရလက၊ နလက တွေရဲ့အစည်းအဝေးမှာ ဒီတချီ ငါတို့ခံလိုက်ရတယ်။ ရှုံးတယ်လို့ သုံးသပ်ကြောင်း ကျနော်တို့ကြားထားပြီး ဖြစ်တယ်။

ဆက်လက်ဖော်ပြပါမည်။


 

No comments: