Tuesday, April 19, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဧပြီလ ၂၀ ရက်)

- တပ်မတော်သားများ၏ ကွန်ရက်ကို ကြိုဆိုတရားမဝင်သူများနှင့် မဆက်သွယ်ရန် နိုင်ငံရေးပါတီများကို သတိပေး
- ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ၅ ဦး စတင်ရွေးချယ်
- မြန်မာ့အင်တာနက် လွတ်လပ်မှု ဒုတိယအဆိုးဆုံး
- မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ
- ကချင်မှာ မူးယစ်ဆေးဝါး ပပျောက်စေလိုဟု ပါတီများ ပြောဆို
- ၂၀၁၀ အတွက် အိုဘားမား မိသားစု ၁.၈ သန်းသာ ၀င်ငွေရှိ
- မြန်မာ့အရေး အမေရိကန် အထူးကိုယ်စားလှယ် အဆိုပြုမှု USCB ကြိုဆို
- နိုင်ဂျီရီယားလက်ရှိ သမ္မတ ပြန်ရွေးချယ်ခံရ
- နွေစပါးအတင်း စိုက်ခိုင်းပြီး ရေမပေး၍ လယ်သမားများ အခက်တွေ့
- မြန်မာ စစ်တပ်မှ အကြပ်၊ တပ်သား ခြောက်ဦး (SSA) တောင်ပိုင်းထံ လက်နက်ချ
- နေ့ရောညပါ ပိတ်လှောင်ခိုင်းစေခံရသူ မြန်မာ ၃၉ ဦးကို ထိုင်းရဲ ကယ်တင်


တပ်မတော်သားများ၏ ကွန်ရက်ကို ကြိုဆို
2011-04-19 RFA
မြန်မာ့တပ်မတော်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သားတချို့ ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ တပ်မတော်သားများ အားလုံးအနေနဲ့လည်း ဒီကွန်ရက်မှာ ပူးပေါင်း ပါဝင်ကြဖို့ ဗြိတိန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစု (Burma Democratic Concern) အဖွဲ့က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

မြန်မာ့သမိုင်းမှာ ပြည်သူ့အရေးတော်ပုံအတွင်း တပ်မတော်နဲ့ ပြည်သူလက်တွဲ ပူးပေါင်း ပါဝင်မှုတွေ ရှိခဲ့တာကြောင့် အခုလို တပ်မတော်သားတွေ ကွန်ရက်ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ထောက်ခံ ကြိုဆိုရတာဖြစ်တယ်လို့ BDC အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက RFA ကို ပြောပါတယ်။


“မြန်မာ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးမှာ ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေဟာ ပြည်သူနဲ့ လက်တွဲပြီးတော့ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်၊ ရလဒ်အဖြစ် ကျွန်တော်တို့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်ခင်ဗျ။”

“ဒါ့အပြင်၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ဆိုလို့ရှိရင်လည်း စစ်တပ်မြို့တွေလို့ ပြောလို့ရတဲ့ ဗထူးတပ်မြို့တို့၊ မင်္ဂလာဒုံ တပ်မြို့တို့၊ မှော်ဘီတပ်မြို့တို့ အဲဒီ မြို့တွေမှာကိုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကျွန်တော်တို့ အပြတ်အသတ် မဲပေးပြီးတော့ NLD ပါတီက လွှတ်တော်အမတ်တွေကနေပြီးတော့ ဒီ အနိုင်ရရှိခဲ့တယ်။”

“ဒါတွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားတွေရဲ့ စိတ်ထဲ အသည်းထဲမှာလည်း ကျွန်တော်တို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတာ သူတို့ဆီမှာ ရှိတယ်ဆိုတာ မြင်ရတယ်ခင်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူနဲ့ တပ်မတော်နဲ့ ကြည်ကြည်ဖြူဖြူ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့ပေါ့နော်၊ ဒီယနေ့ ဖွဲ့စည်းလိုက်တဲ့ မျိုးချစ်တပ်မတော်သားများ ကွန်ရက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံခြင်း ဖြစ်ပါတယ်ခင်ဗျ။”

NLD ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးလို မျိုးချစ် တပ်မတော်သားတွေ မြန်မာစစ်တပ်တွင်း အများအပြား ရှိနေတယ်လို့ ယုံကြည်တဲ့အတွက် တိုက်တွန်းရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီ မျိုးချစ်တပ်မတော်သားများ ကွန်ရက်ကို ပြီးခဲ့တဲ့ နှစ်ဆန်းတရက်နေ့က ဧရာဝတီတိုင်းတွင်း တနေရာမှာ လက်ရှိ တပ်ကြပ်အဆင့် တာဝန်ယူထားတဲ့ စစ်သည် ၁၁ ဦးက ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အခုလို တပ်မတော်သားတွေ ကွန်ရက် ဖွဲ့စည်းလာတာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ပြည်ပကို ထွက်ပြေး ရောက်ရှိလာတဲ့ မြန်မာ့ တပ်မတော် အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းကို RFA မှ ဒေါ်ခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။

တရားမဝင်သူများနှင့် မဆက်သွယ်ရန် နိုင်ငံရေးပါတီများကို သတိပေး
ခင်ဦးသာ Tuesday, 19 April 2011 17:46

တရားမ၀င် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၅ ရက်နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ သတိပေး လိုက်ကြောင်း သိရသည်။

“တရားမ၀င် အဖွဲ့အစည်းဆိုတာက ဘာလဲ၊ ဘယ်လိုအဖွဲ့ကို ပြောတာလဲဆိုတာ သေချာရှင်းပြထားတာ မရှိဘူး။ ကျနော်တို့နဲ့ ဆက်သွယ်နေတဲ့ အထဲမှာ တရားမ၀င်တာ တခုမှမရှိပါဘူး” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီ ကိုပြောသည်။

တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများသည် တရားမ၀င်သော အဖွဲ့အစည်းများနှင့် မဆက်သွယ်ရဟူ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွင် ဖော်ပြထားသည်ကို အခြေခံကာ ယခုအကြိမ် ထပ်မံအသိပေးလိုက်ခြင်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ သတိပေးသည်ကို မသိရသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မဆက်သွယ်ရန် ရည်ရွယ်သည်ဟု ယူဆရကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

“ကျနော်တို့နိုင်ငံရေးပါတီတွေ ပတ်သက်နေတာက NLD ပဲရှိတော့ ဒါကိုရည်ညွန်းပြောတယ်လို့ ထင်တယ်။ ဒါပေမယ့် NLD ပါတီက အခုချိန်ထိ အစိုးရက ဖျက်သိမ်းတာကို တရားဝင်မကြေညာ သေးဘူးလေ။ ဒီတော့ ကျနော်တို့က သူတို့နဲ့ ပြောဆိုတာတွေ ဆက်လုပ်မှာပါ” ဟု ဦးသုဝေက ဆိုသည်။

“NLD က ရွေးကောက်ပွဲ မ၀င်ပေမယ့် အစိုးသစ်နဲ့ ဆက်သွယ်တာတို့၊ စာပို့တာတို့လည်း ရှိနေတာပဲလေ။ ဒီတော့ NLD ကို ရည်ညွန်းတယ် ဆိုရင်လည်း အစိုးရ အနေနဲ့ တိတိကျကျ ဆုံးဖြတ်သင့်ပြီလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေကမူ လက်ရှိ သတိပေးစာသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပါရှိသည့် စည်းကမ်းချက်များကို ပြန်လည် သတိပေးခြင်းသာ ဖြစ်ကြောင်း၊ တရားမ၀င် အဖွဲ့အစည်း ဆိုသည်မှာ ပြည်ပရောက် အဖွဲ့များနှင့် နယ်စပ်ဒေသ လက်နက်ကိုင် အဖွဲ့များကို ရည်ညွှန်းသည်ဟု ယူဆကြောင်း ပြောဆိုသည်။

“NLD လို မြို့ပေါ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်တာက ဘာမှမဖြစ်လောက်ဘူးလို့ ထင်တယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲအလွန် ကာလများ၌ နိုင်ငံရေးပါတီများ၊ ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်။

NLD ၏ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကမူ ရွေးကောက်ပွဲကော်မရှင်၏ စာ၌ ၎င်းတို့ပါတီအား ရည်ညွှန်းထားခြင်း မရှိကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

“NLD ရဲ့လှုပ်ရှားမှုတွေက နိုင်ငံရေးမဟုတ်ပေမယ့် လူမှုရေးတွေမှာ ရှေ့တန်းရောက်လာတာ တွေ့ရတယ်။ နိုင်ငံတကာ အဖွဲ့တွေ၊ သံတမန်တွေနဲ့တွေ့နေတယ်၊ ပြည်သူတွေရဲ့ထောက်ခံမှုကလဲ ရှိနေတုန်းပဲ။ ဒီတော့ အစိုးရသစ်က NLDရဲ့ လုပ်ဆောင်မှုတွေကို ဟန့်တားလိုတဲ့ သဘောလို့ယူဆတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

အစိုးရသစ်၏ ထောက်ခံမှု မရသော်လည်း လတ်တလော အနေအထားအရ NLD သည်အရေးပါနေဆဲ နိုင်ငံရေးအဖွဲ့အစည်း တခု ဟုလည်း ၎င်းက ဆက်ပြောသည်။

နအဖ စစ်အစိုးရ ဦးဆောင်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) ၌ နိုင်ငံရေးပါတီ တရပ်ရပ်သည် တည်ဆဲဥပဒေအရ မတရားအသင်း ကြေညာခံရခြင်း၊ နိုင်ငံတော်အား လက်နက်ကိုင် ပုန်ကန်နေသောအဖွဲ့ဟု နိုင်ငံတော်က သတ်မှတ်ထားသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပတ်သက်ပါက တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ဖျက်ခံရမည်ဟု ဖော်ပြထားသည်။

သတိပေးစာများသည် နိုင်ငံရေးပါတီ ၃၇ ခု၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်နှင့် ပြည်ထဲရေး ၀န်ကြီးဌာန စသည့်ဖြင့်လိပ်မူ ပေးပို့ထားပြီး ပြည်ထဲရေးဌာန အနေဖြင့် သေချာစွာ စောင့်ကြည့်ရန် ဖော်ပြထားသည်ကို တွေ့ရကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ ယာယီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ဆိုသည်။

“အစိုးသစ်က ပေါ်လာပြီဆိုတော့ ပါတီတွေရဲ့ လှုပ်ရှားမှုတွေကို ချုပ်ကိုင်ချင်တဲ့ သဘောလို့ ယူဆတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

နိုင်ငံရေးပါတီများ အနေဖြင့်လည်း တရားမ၀င်သည့် အဖွဲ့အစည်းများကို တိတိကျကျ သိထားရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ တရားမ၀င်သည့် အဖွဲ့များကို သိရှိရန် အစိုးသစ်ထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း သူက ဆိုသည်။

“ဥပမာ NLD ကိုရည်ညွန်းတယ်ဆိုလည်း NLD ကိုတရားမ၀င်တော့ဘူးလို့ ကြေညာသင့်တယ်။ NLD ရုံးက မှတ်ပုံတင် ထားတဲ့ ပါတီရုံး မဟုတ်ပေမယ့် တနေ့ တနေ့ကို ဆန်တတင်းချက်လောက် ထမင်းကျွေးနေတာတွေ တွေ့ရတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

NLD အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ခုအား ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်း မရှိ၍ နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ပြီး ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက ကြေညာခဲ့သည်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုသည့် မတ်လ ၃၀ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တင်အေးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယခင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှာ ဦးသိန်းစိုး ဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ၅ ဦး စတင်ရွေးချယ်
2011-04-19 RFA

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ပေးအပ်ချီးမြှင့်နေတဲ့ ဒုတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နာမည်စာရင်း အဆိုပြုခံရသူ ရဟန်းရှင်လူ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း၂၀ ထဲက ဆန်ခါတင် ၅ ဦး သတ်မှတ် ရွေးချယ်ရေး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု တဝှမ်းက မြန်မာမိသားစုတွေအကြား စတင် ဆောင်ရွက်နေပြီလို့ ဆုပေးပွဲ ကျင်းပရေး ကော်မတီဝင် စာရေးဆရာ ဦးထိန်လင်းက RFA ကို ဧပြီ ၁၈ ရက် မနေ့က ပြောပါတယ်။

“စာရင်းပိတ်သွားတဲ့ အချိန်မှာ စုစုပေါင်း ၃၄ ဦးပေါ့နော်၊ ၃၄ ဦးဆိုတာ အဖွဲ့အစည်းလည်း အဲဒီထဲမှာပဲ ပေါင်းထည့်ထားတာပေါ့နော်။ အဲဒီကနေပြီးတော့ ၂၀ ကို ကျွန်တော်တို့ ရွေးထုတ်ပြီးတော့ ဒီမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကနေပြီးတော့ ဆန်ခါတင် ၅ ဦး ပြန်ရွေးရမှာ ဖြစ်ပါတယ်။”

“အခုတော့ ကျွန်တော်တို့ ၅ ဦး ရွေးတဲ့ အစီအစဉ်ကတော့ အခုကနေ စနေပြီပေါ့နော်။ စပြီဆိုတဲ့အခါကျ ကျွန်တော်တို့ ဒီမှာ အမေရိကားမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် မိသားစုတွေ ရှိတဲ့ မြို့တွေမှာပေါ့၊ ဝိုင်းလုပ်ကြတဲ့ စေတနာရှင်တွေရော နောက်ပြီးတော့ မြို့ခံ၊ ဒေသခံတွေ ဆီကပါ တတ်နိုင်သလောက် ဆန္ဒတွေ ကောက်ပြီးတော့ ၅ ဦးပေါ့။ အခုဆိုရင် စပြီး ရွေးပြီပေါ့နော်။”

“ရွေးပြီဆိုတော့ ကျွန်တော်တို့ လကုန်လောက်မှာ အဲဒီ အားလုံးကို ကျွန်တော်တို့ စာရင်းပြန်ပေါင်းတဲ့အခါမှာ အများဆုံးက ရွေးချယ်ထားတဲ့ ဆန်ခါတင် ၅ ဦးကို အွန်လိုင်းမှာတင်ပဲ မဲပေးတဲ့ စနစ်နဲ့ ကျွန်တော်တို့ ရွေးချယ်မှာ ဖြစ်ပါတယ်။”
ပြည်သူ့ဂုဏ်ရည်ဆုဟာ မြန်မာနိုင်ငံတွင်းမှာ လူမှုရေးလုပ်ငန်းတွေ အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေကို နိုင်ငံတကာမှာ ရှိတဲ့ မြန်မာမိသားစုတွေက အင်တာနက် အွန်းလိုင်းကနေ မဲစနစ်နဲ့ ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။

လောလောဆယ် နာမည်စာရင်း အဆိုပြုခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ထဲမှာ သီတဂူဆရာတော် အရှင် ဉာဏိဿရ၊ တောင်ဒဂုံ အိတ်အိုင်ဗီစင်တာ တာဝန်ခံ မဖြူဖြူသင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့က ဦးမြင့်အေး၊ ကိုဇာဂနာ၊ ရခိုင်သဟာရအသင်းကြီးနဲ့ မူဆလင် ကုသိုလ်ဖြစ် ဆေးရုံတို့လည်း ပါဝင်ပါတယ်။

ဒီဆုကို မနှစ်က စတင်ပေးအပ်ခဲ့တာ ဖြစ်ပြီး ပထမဆုံးအကြိမ် ပြည်သူဂုဏ်ရည်ဆုရှင်အဖြစ် နာရေးကူညီမှု အသင်းခေါင်းဆောင် ဦးကျော်သူကို ရွေးချယ်ပြီး ဆုငွေ အမေရိကန်ဒေါ်လာ ၇ ထောင် ချီးမြှင့်ခဲ့ပါတယ်။ အခုနှစ်အတွက် ရွေးချယ်ခံရတဲ့ ပြည်သူ့ဂုဏ်ရည် ဆုရှင်ကို ဒေါ်လာ ၁ သောင်းအထိ တိုးမြှင့်ဂုဏ်ပြုဖို့ စီစဉ်ထားပြီး ဆုပေးပွဲကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ လာမဲ့ မေလ ၁၅ ရက်နေ့ ကျင်းပမယ်လို့ သိရပါတယ်။

မြန်မာ့အင်တာနက် လွတ်လပ်မှု ဒုတိယအဆိုးဆုံး
ဧရာဝတီ Tuesday, 19 April 2011 19:29

မြန်မာအစိုးရသည် သတင်း၊ ဆက်သွယ်ရေးနှင့် နည်းပညာ အခန်းကဏ္ဍများကို စီးပွားရေးနှင့် ဝါဒ ဖြန့်ချိရေးအတွက်သာ ချဲ့ထွင်ရန် လိုလားနေပြီး နိုင်ငံသားများ အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်မရှိစေရန် ပြုလုပ်ထားသည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် Freedom House အဖွဲ့က ဆိုသည်။

အင်တာနက် လွတ်လပ်ခွင့်နှင့် ပတ်သက်၍ လေ့လာထားသည့် နိုင်ငံပေါင်း ၃၇ နိုင်ငံအနက် မြန်မာနိုင်ငံသည် ဒုတိယအဆိုးဆုံးဖြစ်ပြီး ပထမအဆိုးဆုံး နိုင်ငံမှာ အီရန်ဖြစ်သည်။

အင်တာနက်လွတ်လပ်ခွင့်ကို စောင့်ကြည့်လေ့လာနေသော အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် အဖွဲ့အစည်းတခုဖြစ်သည့် Freedom House အဖွဲ့က အဆိုပါ အကြောင်းအရာများကို အစီရင်ခံတစောင်အဖြစ် ယမန်နေ့ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ သတင်း၊ ဆက်သွယ်ရေးနှင့် နည်းပညာအခန်းကဏ္ဍသည် လွန်ခဲ့သည့် သုံးနှစ်မှစ၍ တိုးတက်ခဲ့သော်လည်း အာဏာပိုင်များသည် ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သူများ၊ အစိုးရဆန့်ကျင်သူများကို အဓိက ပစ်မှတ်ထားခဲ့ကြောင်း၊ ဆိုက်ဘာ တိုက်ခိုက်မှုများ၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် အင်တာနက်မှ လှုပ်ရှားမှုများကို အစိုးရက ထိန်းချုပ်ထားသဖြင့် အင်တာနက်လွတ်လပ်မှုကို ထိခိုက်နေကြောင်း အစီရင်ခံစာက ဆိုသည်။

Freedom House ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ မစ္စတာ ဒေးဗစ် ဂျေ ခရေမာ က ဒီမိုကရက်တစ် အစိုးရမဟုတ်သည့် နိုင်ငံများတွင် အစိုးရများသည် အင်တာနက် အွန်လိုင်းမှတဆင့် နိုင်ငံသားတို့၏ ထုတ်ဖော်ပြောဆိုခွင့်ကို ရည်ရွယ် ချက်ရှိရှိဖြင့် ထိန်းချုပ် နှောင့်ယှက်မှု ပိုများသည်ဟု ပြောသည်။

Freedom House သည် အကျိုးအမြတ်မရည်ရွယ်သည့် အဖွဲ့အစည်းဖြစ်ပြီး ၁၉၄၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာတဝန်းရှိ နိုင်ငံများ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို သုတသန ပြုလုပ်ကာ နှစ်စဉ်နှစ်တိုင်း အစီရင်ခံစာ ထုတ်ပြန်နေသည်။

မြန်မာနိုင်ငံတွင် အဓိက အင်တာနက် ဆာဗာ နှစ်ခုရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့ ဖြစ်ကြောင်း၊ စစ်အစိုးရက တနိုင်ငံလုံးရှိ အင်တာနက်လိုင်းများကို ထိန်းချုပ်ထားပြီး ပိတ်ချခြင်း၊ နှေးကွေးစေခြင်း တို့ကို အချိန်မရွေးပြုလုပ်နိုင်ကြောင်း Freedom House ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းအဖွဲ့အစည်း၏ မှတ်တမ်းများအရ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံတွင် လူဦးရေ ၅၃.၄ သန်းရှိသည့် အနက် အင်တာနက် သုံးစွဲနိုင်သူများမှာ ၁ ရာခိုင်နှုန်းသာရှိပြီး တရားဝင် မှတ်ပုံတင်ထားသည့် အင်တာနက်ဆိုင်များမှာ ၅၂၀ သာရှိကြောင်း၊ အင်တာနက်ဆိုင်များမှာလည်း မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများတွင်သာ တည်ရှိကြောင်း၊ မြန်မာနိုင် ဘလော့ဂ် ၁ သောင်းကျော်ရှိပြီး မြန်မာ ဘလော့ဂါများ၏ ၅၂ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံတွင်းမှ ဖြစ်ပြီး ကျန် ၄၈ ရာခိုင်နှုန်းမှာ ပြည်ပနိုင်ငံများမှ ဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံ တယ်လီပို့သည် ပြည်ပသတင်းဌာနများ၏ ဝက်ဘ်ဆိုဒ်များ၊ ဘလော့ဂ်များ၊ နိုင်ငံခြား သတင်းစာများ၏ ဝက်ဘ်ဆိုဒ်များနှင့် ရုပ်သံလိုင်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုဒ်များကို ကြည့်ရှု၍ မရနိုင်စေရန် ပိတ်ဆို့ထားသည်ဟုလည်း အစီရင်ခံစာတွင်ပါရှိသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် သတင်း၊ ဓာတ်ပုံနှင့် အချက်အလက်များ အင်တာနက်မှတဆင့် နိုင်ငံတကာသို့ ပေါက်ကြားပြီး နောက်ပိုင်းတွင် အင်တာနက်သုံးစွဲမှုများကို အာဏာပိုင်များက ပို၍ ထိန်းချုပ်လာခဲ့သည်။

မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ
ဘစောတင် Tuesday, 19 April 2011 18:42

ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော် ပါနန်း အရပ်ဒေသရှိ ငါးဖမ်းလှေများ၌ အလုပ်လုပ်နေကြသော မြန်မာ ရေလုပ်သားများသည် ၎င်းတို့၏ လုပ်ခလစာများကို လျှော့ချခံရသဖြင့် အခက်အခဲကြုံနေကြရကြောင်း ရေလုပ်သားများက ပြောဆိုကြသည်။

ယခင်ထိုင်းဘတ် ၄၀၀၀ မှ ၆၀၀၀ ခန့်အထိ ရရှိကြသည့် လှေသားတဦးကို ယခု ဘတ် ၃၅၀၀ သို့ လည်းကောင်း၊ ယခင် ဘတ် ၁၀၀၀၀ ခန့်ရရှိသည့် ရေသျှူး(ရေလုပ်သားများကို ဦးစီးသူ) တဦးကို ယခု ဘတ် ၈၀၀၀ သို့ လည်းကောင်း လျှော့ချ လိုက်ကြောင်း၊ ယင်း လုပ်ခလစာသစ်များကို ပြီးခဲ့သည့် ဧပြီ ၁၆ ရက်နေ့တွင် လှေရှင်များက အစည်းအဝေးပြုလုပ်၍ တပြေး ညီ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ခလစာလျှော့ချရခြင်းမှာ လှေရှင်များက လှေသားများကို ဈေးပိုပေးကာခေါ်ယူကြသဖြင့် လှေသား တဦးနှင့် တဦး လုပ်ခဈေးနှုန်း မညီမျှခြင်းကြောင့် လှေသားရရှိရန်ခက်ခဲလာခြင်း၊ လောင်စာဆီ ဈေးတက်လာခြင်း၊ ငါးအရ နည်းလာခြင်းတို့ ကို အကြောင်းပြကာ လှေရှင်များက ယခုကဲ့သို့ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးကို တက်ရောက် ခဲ့သူ ရေသျှူး ကိုသက်ရွှေက ဧရာဝတီသို့ ပြောသည်။

“သူဌေးတွေက လှေသားတွေဟာ ပိုက်ဆံ ပိုပေးတဲ့ လှေမှာပဲ လိုက်ကြတယ်။ ပိုက်ဆံနည်းတဲ့ လှေတွေမှာ လိုက်သူမရှိဘူး။ ဒါကြောင့် ပါနန်းမှာရှိတဲ့ လှေအားလုံး လှေသားတွေကို လစာတပြေးညီ ပေးရမယ်လို့ ဆုံးဖြတ်ကြတယ်။ ရေသျှူးတွေကို လည်း လစာ လျှော့တယ်။ ဒီဆုံးဖြတ်ချက်ကို ပါနန်းက လှေရှင်တွေ အားလုံး လိုက်နာရမယ်ပေါ့”ဟု ကိုသက်ရွှေ က ဆို သည်။

မြန်မာ အလုပ်သမားများကို ကူညီပေးနေသော ချုံဖော် အခြေစိုက် World Vision အဖွဲ့ မှ ကိုစိုးခိုင်ကလည်း“လှေသားတွေ ကြားမှာ တော်တော်မကျေမချမ်းဖြစ်နေကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ လုပ်မလား၊ မလုပ်ဘူးလား။ မလုပ်ရင် အခြား တနေ ရာ ပြောင်းပဲ။ တကိုယ်ရေ တကာယသမားက ခုချက်ချင်းထပြီး တနေရာကို ပြောင်းလို့ရပေမယ့် မိသားစုနဲ့ နေတဲ့ လူတွေအတွက် မလွယ်တဲ့ အနေအထားပါ”ဟု ပြောဆိုသည်။

ပါနန်းတွင် မိသားစုနှင့် နေပါက အိမ်လခ ပျမ်းမျှ ဘတ် ၂၀၀၀ ခန့်ရှိပြီး ရေဖိုး မီးဖိုးနှင့် ဆိုလျှင် နေထိုင်စရိတ် သက်သက်မျှပင် ဘတ်၂၅၀၀ ခန့်ရှိသည်ဟု သိရသည်။

ဆန်တအိတ်လျှင် ဘတ် ၁၀၀၀ ကျော်ရှိရာ လှေရှင်များက ပြင်ဆင်သတ်မှတ်လိုက်သော လုပ်ခမှာ အလုပ်သမားများ၏ စား ၀တ်နေရေးကို များစွာအခက်အခဲ ကြုံစေနိုင်သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ရေသျှူး ကိုခင်မောင်ကြည်ကလည်း ပြောသည်။

လှေသား ကိုသာကျော်ကမူ“ဒီလခနဲ့ ဘယ်လိုလုပ်မလဲဗျာ၊ တချို့ကတော့ ဒါကို လက်မခံဘူး၊ ကျနော်တို့လည်း လက်မခံ ဘူး၊ ၃၅၀၀ ဆို မလိုက်ဘူး၊ တခြားမှာ သွားလုပ်စားမယ်၊ လှေမလိုက်ဘဲ ဂေါ်ဆန်း(ပန်းရံ)လုပ်လည်း ဒီထက်ပိုရသေးတယ်၊ လှေလိုက်တယ် ဆိုတာ အသက်အန္တရာယ်ကလည်း ရှိသေးတယ်”ဟု ဆိုသည်။

အလားတူ တချို့သော ရေသျှူးများကလည်း လုပ်ခလစာ လျှော့ချမှုအပေါ်တွင် မကျေမနပ်ဖြစ်ကာ လှေထွက်ရန် ငြင်းဆန် နေကြသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

မြန်မာ ရေလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသာ ပင်လယ်ပျော်များ သမဂ္ဂမှ အတွင်းရေးမှူး ကိုတင်ကို ကလည်း ယခုလုပ်ရပ်ကို လက်မခံနိုင်၍ ထိုင်း အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ မြန်မာ ရေလုပ်သားတွေအပေါ်မှာ ထိုင်းအလုပ်ရှင်တွေက အခုလို နှိမ်ပြီး လုပ်ခလစာ လျှော့ပေးတာကို ကျနော် တို့ သမဂ္ဂအနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ထိုင်းနိုင်ငံထဲမှာ ရေ လုပ်သားလာလုပ်နေတာက မြန်မာနိုင်ငံသားတွေ များတယ်။ ဒီလိုမျိုး လုပ်ခကို နှိမ်ပေးတာ။ ခွဲခြား ပေးတာကို ထိုင်းအာဏာပိုင်များ သိရင်လည်း လက်ခံမယ်မထင်ဘူး။ ကျနော် တို့ အနေနဲ့လည်း ရေလုပ်သားတွေဘက်က အခွင့်အရေးချိုးဖောက်ခံရတာကို ကာကွယ်နိုင်ဖို့ ထိုင်းအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားပါ့မယ်”ဟု ၎င်းက ဆိုသည်။

လုပ်ခလစာလျှော့ချမှုကြောင့် လှေသားရှားပါးလာနိုင်ကြောင်း၊ လူရောင်းစားမှု၊ လူမှောင်ခိုမှု စသည့် ဆိုးကျိုးများလည်း ပေါ်လာနိုင်ကြောင်း ကိုတင်ကိုက ထောက်ပြသည်။

ချုံဖော်တွင် လှေသားအလုပ် လုပ်ကိုင်နေသူများမှာ မြိတ်၊ ထားဝယ်၊ ရခိုင်၊ ဗမာ၊ ကရင်နှင့် မွန် လူမျိုးအများစုဖြစ်ပြီး ခန့်မှန်း ခြေ သောင်းနှင့်ချီ၍ ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်နေသော ရွှေ့ ပြောင်းမြန်မာအလုပ်သမားများမှာ၂ သန်းခွဲမှ ၄ သန်း ၀န်းကျင် ရှိနိုင် ကြောင်း အလုပ်သမားအဖွဲ့ အစည်းများက ခန့်မှန်းပြောဆိုကြသည်။


ကချင်မှာ မူးယစ်ဆေးဝါး ပပျောက်စေလိုဟု ပါတီများ ပြောဆို
သဲသဲ | အင်္ဂါနေ့၊ ဧပြီလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မူးယစ်ဆေး စိုက်ပျိုးသုံးစွဲမှု ပပျောက်ရေးကို ကချင်ပြည်နယ် အစိုးရ အနေဖြင့် ဦးစားပေး ဆောင်ရွက်ရန် ပြည်နယ်တွင်း ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃ ပါတီက ပြောဆိုလိုက်ကြသည်။

ဒေသလူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသဖြင့် ဦးစားပေးဖြေရှင်းရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) နှင့် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီတို့က ပြည်နယ်အစိုးရကို တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။

“ကချင်ပြည်နယ်မှာ အထူးသဖြင့် လူငယ်တွေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတာတွေ အများကြီး ရှိတယ်။ ဒါကြောင့် ကချင်လူငယ်တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းရှိလာအောင် ဖော်ဆောင်ပြီး လူငယ်တွေ လမ်းကြောင်းမှန်ပေါ် ရောက်အောင် တင်ပေးဖို့ လိုတယ်။ အဲဒါကို သက်ဆိုင်ရာ ကချင်ပြည်နယ် လွှတ်တော်မှာ တင်ပြပြောဆိုဖို့ ပြင်ထားပါတယ်” ဟု ပြည်နယ်အစိုးရဝင် တစည ပါတီမှ ပြောခွင့်ရ ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။

စဒက ပါတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်ကလည်း “မူးယစ်ဆေးဝါးကိစ္စက လက်ရှိအနေအထားကို ပါတီမှာ တိုင်ပင်ပြီး တင်ပြဖို့ ရှိပါတယ်။ အစိုးရသစ် ဆောင်ရွက်ရမယ့် လုပ်ငန်းထဲမှာ ဒါလည်း တခုပါတယ်” ဟု ပြောဆိုသည်။

စစ်အစိုးရလက်ထက်တွင် ကချင်ပြည်နယ်၌ ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကို အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ရာ စိုက်ပျိုးသုံးစွဲသူများ တစထက်တစ ပိုများလာသည်ဟု NDF ကိုယ်စားပြုကာ ဖားကန့်ဒေသမှ ရွေးကောက်ပွဲဝင်ခဲ့သူ ဒေါ်ဘောက်ဂျာကလည်း ပြောသည်။

“မြစ်ဆုံရေကာတာက တရုတ်တွေဆိုရင် အိတ်ကြီးအိတ်ငယ်နဲ့ သယ်လာတာ၊ ဘယ်သူမှ မဖမ်းဘူး။ ဥက္ကဋ္ဌတွေက ရောင်းတဲ့သူတွေဆီက အခွန်ကောက်နေတော့ ဖမ်းမယ့် တားမယ့်သူ မရှိဘူး။ လမ်းပေါ်မှာ လုပ်ချင်သလို လုပ်နေတာ။ မသုံးဖူးတဲ့ သူတွေဆိုရင် ဝယ်စရာ မလိုဘူး၊ စမ်းဖို့ အလကားပေးတာ။ တခြားနေရာမှာထက် ကချင်မှာ ပိုဆိုးနေတာ” ဟု သူက ဆိုသည်။

မတ်လ ၇ ရက်ထုတ် အစိုးရ သတင်းစာတွင် ဝိုင်းမော်၊ ဖားကန့်နှင့် တနိုင်းမြို့နယ်များတွင် ဖေဖော်ဝါရီ ၂၁ မှ ၂၇ ရက်နေ့အတွင်း ဘိန်းခင်း ဧက ၄ဝဝ ကျော် ဖျက်ဆီးခဲ့ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် တနှစ်အတွင်း ဘိန်းစိုက်ဧက ၂ဝ ရာခိုင်နှုန်း တိုးလာကာ ဘိန်းတန်ချိန် ၅၈ဝ ကျော် ထွက်ရှိခဲ့ရာ ယခင်နှစ်ထက် တန်ချိန် ၂၅ဝ ကျော် ပိုထွက်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC ၏ ၂ဝ၁ဝ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ၌လည်း ပါရှိသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကလည်း ဘိန်းခင်းတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ၊ စစ်အစိုးရက တားမြစ်ပိတ်ပင်မှုများ ရှိသည်ဟု KIO က ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြောဆိုခဲ့သည်။ KIO က ထိုလအတွင်း ဒေသတွင်း ဆေးစွဲသူ ၁ဝဝဝ ကျော်ကို ဖမ်းဆီးကာ ဘိန်းဖြတ်ပေးခဲ့သေးသည်။

ဘိန်းစိုက်ပျိုးသုံးစွဲမှု အရေးသာမက ကုမ္ပဏီများက ဒေသခံများထံမှ အဓမ္မ သိမ်းယူထားသည့် လယ်ယာမြေများကို ပြန်လည် ရရှိရန် ပြည်နယ်ဝန်ကြီးထံ စာရေးတောင်းဆိုသွားမည်ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။

သူသည် ၂ဝဝ၇ ခုနှစ်တွင် ဖားကန့်မြို့နယ် အောင်ရာ၊ ရှရုဇွပ်၊ ဘန်ကောက်၊ နမ်ဆန်၊ ဝါရာဇွပ် စသည့် ကျေးရွာ ၅ ရွာမှ တောင်သူများ၏ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာသည့် ဥယျာဉ်ခြံနှင့် လယ်ယာမြေ ဧက ၄ သိန်းခန့်ကို ပီလောပီနံနှင့် ကြံစိုက်ရန် စစ်တပ်နှင့် ယုဇနကုမ္ပဏီက သိမ်းယူခဲ့သဖြင့် တောင်သူ ၁၄၈ ဦးက ဧက ၁ဝဝဝ ကျော်အတွက် တရားစွဲဆိုမှုကို လိုက်လံကူညီနေသူ ဖြစ်သည်။

ပြည်နယ်အစိုးရတွင် ကြံ့ခိုင်ရေးကသာ ဦးဆောင်နေသဖြင့် အမှန်တကယ် ဆောင်ရွက်နိုင်ရေးကို လူထုက သံသယ ရှိနေသည်ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။

ဦးဟန်ရွှေက “အစိုးရတော့ စက်မှုလယ်ယာဖြစ်အောင် ကန်ထရိုက် လယ်ယာစနစ် လုပ်ပေမယ့် တကယ့် လက်တွေ့ ဖြစ်မလာဘူး။ လယ်တွေယူပြီး ဆူလွယ်နပ်လွယ် ငါးမွေးလိုက်၊ ပုဇွန်ကန်တူး လိုက်တာတွေ တွေ့နေရတယ်။ နည်းလမ်းမှန် ဖြစ်ဖို့က လယ်သမား မနစ်နာအောင် အတင်းအနိုင်ကျင့်ယူတာမျိုး မဟုတ်ဘဲ နှစ်ဖက် အကျိုးရှိတဲ့ စီမံကိန်းမျိုးနဲ့ လယ်ယာထွက်ကုန် ကောင်းအောင်လုပ်ဖို့ သက်ဆိုင်တဲ့ ပြည်နယ် ဝန်ကြီးဌာနက ကိုင်တွယ်သင့်တယ်” ဟု ပြောသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရသစ်အကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးမှာလည်း ပြည်နယ် အစိုးရ ခေါင်းကိုက်စေမည့် ကိစ္စအဖြစ် အဆိုပါ ၃ ပါတီ တာဝန်ရှိသူများက ပြောဆိုကြသည်။

ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်သည့် ကချင်ပြည်နယ် ဝန်ကြီးဌာန ၉ ခုတွင် တစညမှ ဦးကမန်းဒူနော်သည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စကဒမှ ဦးအလေးပါးမှာ စည်ပင်သာယာရေးဝန်ကြီး ဖြစ်ကာ၊ ကျန် ၇ ဦးမှာ ကြံ့ခိုင်ရေးပါတီမှ ဖြစ်သည်။ ပြည်နယ်လွှတ်တော် အမတ်နေရာ ၅၁ ခုတွင်မူ တပ်မတော်သား ကိုယ်စားလှယ် ၁၃ ဦး၊ တစညမှ ၁ဝ ဦးနှင့် စဒကမှ ၃ ဦး ပါဝင်သည်။

၂၀၁၀ အတွက် အိုဘားမား မိသားစု ၁.၈ သန်းသာ ၀င်ငွေရှိ
April 19, 2011

အမေရိကန် သမ္မတ အိုဘားမားတို့ ဇနီး မောင်နှံဟာ ၂၀၁၀ ခုနှစ်မှာ ၀င်ငွေ ဒေါ်လာ ၁.၈ သန်းသာရှိပြီး ၂၀၀၉ ခုနှစ်က ၀င်ငွေ ၅.၅ သန်း နဲ့  ၂၀၀၈ ခုနှစ် က ၀င်ငွေ ၂.၆ သန်း အောက်ကို လျှော့ကျသွားခြင်း ဖြစ်ပါတယ်။ အမေရိကန် သမ္မတ အဖြစ် အိုဘာမားရရှိတဲ့ လစာငွေဟာ တစ်နှစ်ကို ၃၉၅.၀၀၀ ဖြစ်ပါတယ်။
သမ္မတ အိုဘာမားနဲ့  ဇနီးဖြစ်သူ မစ်ချယ်(လ) အိုဘားမားဟာ သူတို့ရဲ့ စာအုပ်ရောင်းရငွေကလည်း ၀င်ငွေရရှိပြီး ၂၀၁၀ ခုနှစ် ၀င်ငွေခွန်ပေးဆောင်မှုမှာတော့ အလုပ်အကိုင်ကို သမ္မတနဲ့  စာရေးဆရာ ဆိုပြီး ဖော်ပြထားပါတယ်။

သမ္မတ အိုဘားမားနဲ့  မိသားစုဟာ ၂၀၁၀ အတွက် အခွန်ငွေ ဒေါ်လာ ၅ သိန်းကျော်ပေးဆောင်ရပြီး သူတို့ဝင်ငွေထဲက ၃ သိန်းနီးပါးကိုတော့ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အကျိုးအမြတ် မယူတဲ့အဖွဲ့တွေအတွက် လှုဒါန်း ထားပါတယ်။

အမေရိကန်နိုင်ငံသားတွေ ပျမ်းမျှ ၀င်ငွေကတော့ တစ်နှစ်ကို ဒေါ်လာ ၅၂.၀၄၉ ဖြစ်ပါတယ်။ ဒီနှစ်မှာ အမေရိကန်နိုင်ငံသား ၄၇ ရာခိုင်နှုန်း နီးပါးဟာ သူတို့ရဲ့ဝင်ငွေဟာ ပြည်တွင်းအခွန်ဌာနရဲ့ သတ်မှတ်နှုန်းထားအောက် ကျဆင်းနေတဲ့အတွက် ၀င်ငွေဆောင်စရာမလိုဘူးလို့  FOX သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီနှစ်မှာတော့ အမေရိကန်နိုင်ငံရဲ့  အချမ်းသားဆုံး ပုဂ္ဂိုလ် ၄၀၀ ကလည်း သူတို့ရဲ့ဝင်ငွေတွေကျဆင်းခဲ့တဲ့အတွက် အရင် နှစ်တွေကထက် အခွန်ပေးဆောင်ရနှုန်း နိမ့်ကျခဲ့ပြီး ခြုံပြောရရင်တော့ အမေရိကန် အစိုးရရဲ့  အခွန်ကရတဲ့ဝင်ငွေ ကျဆင်းတဲ့နှစ်ဖြစ်တယ် လို့  ဖလော်ရီဒါပြည်နယ် မိုင်ယာမီ မြို့ က IRS ညွှန်ကြားရေးမှုး ဒေါက်ဂလစ် ၀ဲသာ က FNG ကို ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘာမားဟာ ၁၉၉၅ ခုနှစ်မှာ memoir Dreams From My Fatherနဲ့  ၂၀၀၆ ခုနှစ်မှာ နိုင်ငံရေး စာအုပ်ဖြစ်တဲ့ The Audacity of Hope နဲ့  ပြီးခဲ့တဲ့နှစ်က ကလေးတွေအတွက် စာအုပ်ဖြစ်တဲ့ Of Thee I Sing: A Letter to My Daughters ဆိုတဲ့ စာအုပ်သုံးအုပ်ကိုရေးခဲ့ပြီး သူ့အကြောင်းနဲ့  ဘ၀ဖြတ်သန်းမှုအကြောင်း ရေးထားတဲ့ စာအုပ် ၁၂ အုပ်ကနေကလည်း ခံစားခွင့်တွေ ရရှိပါတယ်။

သူရဲ့  စာတော်ဖတ်ကတော့ ဒီနှစ်မှာ အိုဘားမားရဲ့  စာအုပ်ဟာ သမ္မတဟောင်း ဂျော့ ဘုရှ် (အငယ်) ရဲ့  စာအုပ် ဖြစ်တဲ့ Decision Point လောက် မရောင်းရဘူးလို့ ဆိုပါတယ်။

မြန်မာ့အရေး အမေရိကန် အထူးကိုယ်စားလှယ် အဆိုပြုမှု USCB ကြိုဆို
By ကိုသားညွှန့်ဦး တနင်္လာ, 18 ဧပြီ 2011

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သမ္မတအိုဘားမား အဆိုတင်သွင်း ထားသူ ဒဲရက်မစ်ချဲလ် (Derek Mitchell) ဟာ မြန်မာနိုင်ငံအပြင် ဒေသတွင်း အခြေအနေတွေနဲ့ ပတ်သက်လို့ နှံ့စပ်နားလည်သူဖြစ်တာမို့ သမ္မတ အိုဘားမားရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုပြီး အမေရိကန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (USCB) က ကြိုဆိုလိုက်ပါတယ်။ ဒီလို ခန့်အပ်မှုကြောင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒမှာ မြန်မာ့အရေးဟာ အဆင့်တဆင့် မြင့်လာတယ်လို့လည်း ယူဆကြပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ကိစ္စမှာ အချိန်ကာလ ၂နှစ် လောက် ကြန့်ကြာနေခဲ့ပြီးမှ အခုနောက်ဆုံး လက်ရှိ အာရှပစိဖိတ်လုံခြုံရေးဆိုင်ရာ ဒု လက်ထောက် ကာကွယ်ရေး ၀န်ကြီး ဒဲရက်မစ်ချဲလ်ကို ပြီးခဲ့တဲ့အပတ်က သမ္မတ အိုဘားမားက လွှတ်တော်ကို အဆိုပြု တင်သွင်းလိုက်တာပါ။ အထူးကိုယ်စားလှယ်အနေနဲ့ အဓိက တာဝန်ယူ ဆောင်ရွက်ရမယ့်ကိစ္စရပ် ၃ရပ် ရှိတယ်လို့ အရှေ့အာရှဆိုင်ရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ယွန်းက ပြီးခဲ့တဲ့ ၀ါရှင်တန်ဒီစီ မြန်မာ့အရေးဆွေးနွေးပွဲတခုမှာ ပြောခဲ့ပါတယ်။

“ပထမ အချက်ကတော့ မြန်မာနိုင်ငံထဲက အစိုးရအဖွဲ့၊ အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့အတူ ထိစပ် လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ မြန်မာ့အရေး မူဝါဒတွေကို ရှေ့ဆက် ဆောင်ရွက်နိုင်အောင် အမေရိကန်အစိုးရ အေဂျင်စီတွေအကြား ဆက်စပ်ပြီး ဦးဆောင် လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။ တတိယအချက်ကတော့ မြန်မာ့အရေးအတွက် နိုင်ငံတကာ အစိုးရ တွေနဲ့ ထိစပ်လုပ်ကိုင်သွားဖို့ပါ။ အဓိကကတော့ အီးယူ ဥရောပသမဂ္ဂ၊ ကမ္ဘာကုလသမဂ္ဂ၊ အာဆီယံနဲ့ တရုတ် အပါအ၀င် အရှေ့မြောက်ပိုင်း အာရှနိုင်ငံတွေ မြန်မာအရေး ဆက်ဆံ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။”

အခုလို သီးခြား ကိုယ်စားလှယ် ထားခြင်းအားဖြင့် အမေရိကန်မူဝါဒ အကောင်အထည်ဖော်တဲ့နေရာမှာ မြန်မာနိုင်ငံအရေးကို သီးခြား အချိန်ယူ ဆောင်ရွက်နိုင်မယ့်သူ ရှိလာမှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန် မူဝါဒထဲ မြန်မာ့အရေးဆောင်ရွက်မှုမှာ အဆင့်တဆင့် မြင့်လာတယ်လို့ ယူဆရတဲ့အကြောင်း USCB အဖွဲ့ရဲ့အမှုဆောင် ညွန်ကြားရေးမှူး ကိုအောင်ဒင်က ပြောပါတယ်။

“အခုလို အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ ဆုံးဖြတ်တာကို ကျနော်တို့က ကြိုဆိုပါတယ်။ သူ ရွေးချယ်တဲ့ပုဂ္ဂိုလ် ဒဲရက်မစ်ချဲလ် ကလည်း ကျနော်တို့အနေနဲ့ လက်ခံနိုင်တဲ့ပုဂ္ဂိုလ်ပေါ့နော်။”

သူနဲ့ပတ်သက်တဲ့ အကြောင်းတွေ ဘယ်လိုများ သိထားလဲခင်ဗျ။ ဆိုလိုတာက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူ ဘယ်လောက် နှံ့နှံ့စပ်စပ် သိပါသလဲ။ မြန်မာအဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ရောပေါ့။ -

“သူက ၁၉၉၃ လောက်ကစပြီးတော့ ၁၉၉၇-၉၈ လောက်အထိ NDI လို့ခေါ်တဲ့ National Democratic Institute မှာ senior program officer ပေါ့နော်။ အာရှဒေသဆိုင်ရာ အတွက်လုပ်ဖူးတယ်။ အာရှတိုက်နဲ့ ပတ်သက်တဲ့ ဒီမိုကရေစီ ပရိုဂရမ်တွေကို သူက ကြီးကြပ်တာဝန်ယူရတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါတယ်။ အဲဒီကာလမှာလည်း ၁၉၉၆-၉၇ ခုနှစ်လောက် ဖြစ်မယ်ထင်တယ်။ မြန်မာနိုင်ငံကို NDI ကိုယ်စားလှယ် အဖွဲ့ သွားတုန်းက သူပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခဲ့တယ်။ NDI ကနေပြီးတော့ မြန်မာ့ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီတဲ့နေရာမှာ သူ့က ဦးဆောင် တာဝန်ယူ ရတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်း အတော်များများနဲ့လဲ သူက တိုက်ရိုက်ပတ်သက်မှု ရှိပါတယ်။”

အရင်သမ္မတဘုရှ် လက်ထက်တုန်းကတော့ မိုက်ကယ် ဂရင်းကို သူတို့အဆိုပြုမယ်ဆိုပြီးတော့ သတင်းထွက်ခဲ့ ပါတယ်။ အခုတော့ ဒဲရက်မစ်ချဲလ် ကို အဆိုပြုထားတာနဲ့ပတ်သက်လို့ တကယ့် အမေရိကန် နိုင်ငံရေးပါတီ ၂ ရပ် စလုံးက လွှတ်တော်ထဲမှာ ဘယ်လို သဘောထားရှိမယ်ထင်ပါလဲ။ -

“သူ့အနေနဲ့က ကျနော် မြင်တာကတော့ ဆီးနိတ်မှာ ရီပါပလစ်ကန် ပါတီကရော၊ ဒီမိုကရက်ပါတီကရော နှစ်ဘက်စလုံးက ထောက်ခံတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ သူက တကယ်ကတော့ ဒီမိုကရက်ပါတီနဲ့ ပိုပြီး နီးစပ်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ သို့သော်လည်း တနေ့က ရီပါပလစ်ကန်ပါတီရဲ့ ခေါင်းဆောင် ဆီနိတ်တာ မစ်ခ်ျ မက်ကောနဲလ် ကိုယ်နှိုက်ကိုက ဒဲရက်မစ်ချဲလ်ကို ခန့်အပ်တဲ့ကိစ္စ အပေါ်မှာ ကြိုဆိုတယ်ဆိုတဲ့အခါကျတာ့ သူ့အပေါ်မှာ ပါတီ ၂ ရပ်စလုံးက ထောက်ခံလိမ့်မယ်လို့ ကျနော်တို့ကတော့ ယုံကြည် မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ မြန်မာနိုင်ငံကိစ္စကို အဓိက ကိုင်တွယ်တာက လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့ကန့်ဘဲလ် ပေါ။ ဒါပေမဲ့ ကာ့ကန့်ဘဲလ် ကိုယ်နှိုက်က အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ တခုလုံးကို တာဝန်ယူရတဲ့အခါကျတော့ သူ ကိုင်တွယ်ရတဲ့ နိုင်ငံပေါင်းက ၃၀ ကျော် ရှိပါတယ်။ ဆိုတော့ အခုလိုမျိုး မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ရှိလာပြီဆိုရင် မြန်မာနိုင်ငံ အရေးကိစ္စကို နေ့တိုင်းနေ့တိုင်း တာဝန်ယူ ဆောင်ရွက်ပြီးတော့ အရေးကြုံရင်ကြုံသလို ချက်ချင်း တုံ့ပြန်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တယောက် ရှိလာခြင်းအားဖြင့် ဒါက အမေရိကန် နိုင်ငံခြားရေးမူဝါဒမှာ မြန်မာနိုင်ငံ အရေးကိစ္စက အဆင့်တဆင့် မြင့်လာတယ်လို့ ကျနော်တို့ ပြောလို့ ရပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးဆောင်ရွက်ဖို့ အထူး ကိုယ်စားလှယ် ထားရှိရေးကိစ္စကို ၂၀၀၈ ခုနှစ် JADE ဥပဒေထဲမှာ ဖော်ပြထားပါတယ်။ အခု သမ္မတအိုဘားမား အဆိုပြုထားသူကိုတော့ လွှတ်တော် ကနေ ကြားနာစစ်ဆေးပြီး နောက်ဆုံး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

နိုင်ဂျီရီယားလက်ရှိ သမ္မတ ပြန်ရွေးချယ်ခံရ
တနင်္လာ, 18 ဧပြီ 2011

နိုင်ဂျီးရီယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂွတ်လက်ခ် ဂျိုနသန် (Goodluck Jonathan) ကို နိုင်ဂျီရီယား ရွေးကောက်ပွဲ တာဝန်ရှိသူတွေက အနိုင်ရသူအဖြစ် ကြေညာပေးလိုက်ပါတယ်။ ဒီရလဒ်ကို ကန့်ကွက်တဲ့ မြောက်ပိုင်း မူစလင်ဒေသတွေမှာတော့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ ရွေးကောက်ပွဲမဲတွေမှာ မစ္စတာဂျိုနသန်ဟာ မဲအရေအတွက် ၂၂ သန်းကျော် ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ကြေညာပါတယ်။ သူ့ရဲ့ အဓိကပြိုင်ဖက်၊ တချိန်က စစ်အာဏာရှင်ဟောင်း မိုဟန်မါဒူ ဘူဟာရီ (Muhammadu Buhari) ကတော့ မဲအရေအတွက် ၁၂ သန်းပဲ ရှိတယ်လို့ ကြေညာ ပါတယ်။

ဒီအရေအတွက်ဟာ မစ္စတာဂျိုနသန် သမ္မတဖြစ်ဖို့ လုံလောက်တဲ့ မဲရရှိသွားတာဖြစ်ပြီး ရွေးကောက်ပွဲ ပြန်လုပ်စရာ မလိုတော့ပါဘူး။ ကိုယ်စားလှယ်တဦးဟာ သမ္မတဖြစ်ဖို့ ၂၄ ပြည်နယ်မှာ အနည်းဆုံး မဲ လေးပုံ တပုံ ရဖို့ လိုအပ်တာကြောင့် အများစုမဲ ရယုံနဲ့တင် သမ္မတအဖြစ် အရွေးခံရပါတယ်။ မစ္စတာ ဂျိုနသန်ဟာ မဲပေးသူတွေရဲ့ ၅၇ ရာခိုင်နှုန်းကို အနိုင်ရခဲ့တာပါ။
မစ္စတာဂျိုနသန် အခုလို အနိုင်ရကြောင်း သတင်းထွက်လာတာနဲ့ မြောက်ပိုင်းဒေသတွေမှာတော့ အဓိကရုဏ်း တွေ ချက်ခြင်း ထွက်ပေါ်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၂၇၀ ကျော် ဒဏ်ရာရပြီး ၁၅,၀၀၀ လောက် နေရပ်က ထွက်ပြေးရတယ်လို့ နိုင်ဂျီးရီယား ကြက်ခြေနီအဖွဲ့က ခန့်မှန်းပါတယ်။

မဲမသမာမှုတွေရှိတယ် ဆိုပြီး အတိုက်အခံ ထောက်ခံသူတွေက စွပ်စွဲပါတယ်။ မဲရလဒ်ကို ဆန့်ကျင်တဲ့အနေနဲ့ အိမ်တွေကို မီးရှို့၊ ကားတာရာတွေကို မီးရှို့ပြီး လုံခြုံရေးရဲတွေကိုလည်း ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

မူစလင်အများစုရှိတဲ့ မြောက်ပိုင်း နိုင်ဂျီးရီယားဟာ မူစလင်တဦးဖြစ်တဲ့ မစ္စတာ ဘူဟာရီကို ထောက်ခံကြ ပါတယ်။ သမ္မတ ဂျိုနသန်ကတော့ ခရစ်ယာန်ဘာသာဝင် ဖြစ်ပြီး တောင်ပိုင်း ခရစ်ယာန် အများစုရှိရာဘက်မှာ သြဇာညောင်းပါတယ်။

နွေစပါးအတင်း စိုက်ခိုင်းပြီး ရေမပေး၍ လယ်သမားများ အခက်တွေ့
2011-04-19

ပဲခူးတိုင်း သာယာဝတီမြို့နယ်နဲ့ မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်အတွင်းက လယ်သမားတွေဟာ နွေစပါး မစိုက်မနေရ စိုက်ခိုင်းတာကြောင့် အခက်အခဲ တွေ့ကြုံနေကြရတယ်လို့ သိရပါတယ်။

သာယာဝတီမြို့နယ် ကျွန်းကုန်း၊ သုံးဒေါင့်ကန် ကျေးရွာနဲ့ ချောင်းနှစ်ခွ ကျေးရွာအုပ်စုအတွင်းက လယ်ကွင်းတွေကို သဲတောဆည်ကနေ ရေလုံလောက်အောင် မပေးဘူးလို့ လယ်သမားတယောက်က RFA ကို ပြောပြပါတယ်။ မြို့နယ် အာဏာပိုင်တွေက နွေစပါးမစိုက်မနေရ စိုက်ခိုင်းခဲ့တာပါ။ တကယ်လို့ မစိုက်ဘူးဆိုရင် လယ်သိမ်းမယ် ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာလည်း သစ်စိမ့်ကုန်း၊ ကန်ဘေးစတဲ့ ကျေးရွာတွေက လယ်မြေတွေ မှာ ကင်မွန်းတောင်ဆည်နဲ့ တောင်နှစ်လုံး ဆည်မြောင်းအာဏာပိုင်တွေက မဖြစ်မနေ နွေစပါး စိုက်ပျိုးခိုင်းခဲ့ ပြီး အခုတော့ ရေမပေးလို့ အခက်တွေ့ နေကြရတယ်လို့ သိရပါတယ်။

မြန်မာ စစ်တပ်မှ အကြပ်၊တပ်သား ခြောက်ဦး (SSA) တောင်ပိုင်းထံ လက်နက်ချ
2011-04-19

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရလခ (ယာယီ)လက်အောက်ခံ ခလရ ၁၅၂ က အကြပ်၊ တပ်သား ခြောက်ယောက်ဟာ လက်နက် ၉ လက်နဲ့အတူ SSA တောင်ပိုင်းကို ဝင်ရောက် ပူးပေါင်းခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မွန်းက RFA ကို ပြောပါတယ်။

အဲဒီ မြန်မာစစ်သားတွေ လက်နက်ချလာကြတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး သူက ခုလို ဆက်လက် ပြောပြပါတယ်။

“မြန်မာ စစ်တပ်ထဲမှာ ဒီလိုမျိုး စစ်သားတွေ ထွက်ပြေးတယ် ဆိုတာလည်း နှစ်တိုင်းလိုလို အမြဲတမ်း ရှိနေတာပေါ့နော်။ အများအပြားလည်း ရှိနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တဖက်တလမ်းက သူတို့က ဒီလိုမျိုး အတင်းအဓမ္မ စစ်တပ်ထဲ ဆွဲခေါ်ပြီး ဝင်ပြီး လုပ်ရတဲ့အတွက်လည်း တပိုင်း၊ ပြီးတော့ အတွင်းထဲက အထက်က သူတို့ ဖိနှိပ်ချုပ်ချယ်မှုပေါ့နော်၊ မတရားမှုတွေ ရှိတယ်၊ ပြီးတော့ အလုပ်ကြမ်း ခိုင်းစေတာပေါ့နော်၊ ပြီးတော့ တပ်တွင်းမှာ ရိက္ခာလုံလောက်မှုတို့၊ ငွေကြေး ဖြတ်တောက်ခံရမှုတို့ အဲဒီဖက်ပိုင်းမှာလည်း ရှိတဲ့အတွက် ပြီးတော့ တပ်တွင်းထဲမှာလည်း သူတို့ ပြိုကွဲမှု ရှိတယ် ဆိုတာတော့ ကျွန်တော်တို့ မြင်ရတာပေါ့နော်။”

လက်နက်ချ ပူးပေါင်းလာတဲ့ မြန်မာစစ်သား ခြောက်ယောက်ကတော့ တပ်ကြပ် တင်ကိုလှ (၂၆ နှစ်) နဲ့ ရဲဘော် မိုးစစ်၊ မောင်ထွေး၊ ကျော်သူ၊ တိုးသက်အောင်နဲ့ မြင့်ချစ်ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

နေ့ရောညပါ ပိတ်လှောင်ခိုင်းစေခံရသူ မြန်မာ ၃၉ ဦးကို ထိုင်းရဲကယ်တင်
2011-04-19

ထိုင်းနိုင်ငံ ဗန်ကောက်မြို့လယ်က လေးနိုင်မြို့နယ် ဒါချတာလမ်းမ သုစဝါလမ်းသွယ်မှာ ရှိတဲ့ ရှမ်းတရုတ်ပိုင် အိမ်တွင်း အထည်ချုပ်စက်ရုံ ၃ ရုံမှာ တံခါးပိတ်ပြီး နေ့ရောညပါ အခိုင်းခံနေရတဲ့ မြန်မာအလုပ်သမား ၃၉ ယောက်ကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဧပြီ ၁၉ ရက် နေ့လည်ပိုင်းမှာ စက်ရုံတွင်း ဝင်ရောက်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်၊

အဲဒီ မြန်မာအလုပ်သမား ၃၉ ဦးမှာ အမျိုးသမီး ၃၀ နဲ့ အမျိုးသား ၉ ဦး ပါဝင်ပါတယ်။ သူတို့အားလုံးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေတဆင့် လူကယ်ရီတွေက ဗန်ကောက်ကို ပို့ပြီး အထည်ချုပ်စက်ရုံ အလုပ်ရှင်က ခေါ်ယူ ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာ စက်ရုံလုပ်ငန်းပိုင်ရှင်ကို ဖမ်းပြီး မြန်မာအလုပ်သမားတွေကို ကယ်ထုတ်နိုင်ခဲ့တဲ့ အခြေအနေကို ထိုင်းအစိုးရရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများအဖွဲ့ ဘီအေဘီ တာဝန်ခံ ဦးကျော်သောင်းက အခုလို ပြောပါတယ်။

“သုစဝါလမ်းသွယ်မှာရှိတဲ့ အိမ်တွင်းစက်ချုပ် ၃ ရုံပေါ့နော် အဲဒီက အလုပ်သမား မိန်းကလေး ၃၀ ယောက်ျား ၉ ယောက်ကို ကျနော်ဒီမှာ Anti-Human Trafficking Division ဆိုတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့မှ ကျနော်လာပြီးတော့ကယ်တင်နိုင်လိုက်တယ်ပေါ့။ ဒီအဖွဲ့ကို သူဌေးတွေ ဖွင့်ပေးတာမဟုတ်ဘူး သူတို့ လှေကားနဲ့ ကျော်တက်တယ်၊ နောက်ပြီးတော့ အပေါ်က သံတခါးကို ကျော်တက်ပြီးတော့မှ သော့ကို ရိုက်ဖျက်ပြီးတော့မှ ဝင်ရတာ။ ဒီနေ့မှ ၁၂ နာရီခွဲမှာ ဖမ်းတယ်။ လုပ်ငန်းရှင်က ဗမာပြည် ရှမ်းတရုတ်၊ ယောက်ျားက တရုတ်နိုင်ငံကြီးသား အလုပ်သမားတွေ မဖမ်းခင် သူတို့ သူဌေးလင်မယားကို ဖမ်းတယ်။”

အဲဒီ အထည်ချုပ်စက်ရုံ ၃ ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်သားတွေကို လုပ်ငန်းရှင်က လူကယ်ရီတွေကနေတဆင့် ဘတ်ငွေ ၁၂,၀၀၀ ကနေ ၁၄,၀၀၀ ထိ အကုန်အကျခံ ခေါ်ယူခဲ့တာလို့ သိရပါတယ်။

အဲလိုခေါ်ယူခဲ့တဲ့ အလုပ်သမားတွေကို လုပ်ငန်းရှင်က ခေါ်စရိတ်ငွေ ကျေတဲ့အထိ အလုပ်ကို နေ့ရောညပါ ခိုင်းစေခဲ့ပြီး လုပ်အားခဟာလည်း အဆမတန်နည်းတဲ့အကြောင်းနဲ့ ငွေကျေရင်လည်း ဘယ်မှာ ထွက်မသွားနိုင်အောင် စက်ရုံတွင်း ပိတ်လှောင်ပြီး ခိုင်းစေတယ်လို့ ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်နိုင်ခဲ့တဲ့ အထဲမှာ ပါတဲ့ မြန်မာအလုပ်သမ မသော်တာက အခုလို ပြောပါတယ်။

“သမီး မနှစ်က ရှစ်လပိုင်းကတည်းက ရောက်ပါတယ်၊ သမီးကို ၁၄,၀၀၀ နဲ့ ခေါ်လာတယ်။ အကြွေးမကျေသေးဘူးရှင့်။ပွိုင့်စာချုပ်တဲ့အခါ ပိုက်ဆံမရပါဘူး။ သမီးတို့ဆို ညဥ့်နက်အောင် အလုပ်လုပ်ရပြီး ပိုက်ဆံမရပါဘူး၊ ဘယ်မှလည်း ပေးမထွက်ဘူး။အဲလိုမျိုး သော့ခပ်ပြီး ထားထားတဲ့ အခါကျတော့ သမီး အဲဒီနေ့က တံခါးလေး ဖွင့်ထားတဲ့အခါကျတော့ သမီးထွက်ပြေးသွားပါတယ်၊ ထွက်ပြေးတဲ့အချိန်မှာ နောက်ကနေ သူတို့ ပုလိပ်နဲ့ ပြန်လိုက်ဖမ်းပါတယ်။ သမီးတို့ နှစ်ယောက်ကို ဒဏ်ငွေဆိုပြီး တသောင်း ဒဏ်တပ်ပါတယ်၊ အခု အဲဒီ ၅၀၀၀ အတွက် အလုပ်ပြန်လုပ်နေရတယ်။”

အထည်ချုပ်စက်ရုံတွင်း ပိတ်လှောင်ပြီး နေ့ရောညပါ အလုပ်လုပ်ကြရပေမဲ့ တလလုံးမှ အများဆုံး ဘတ်ငွေ ၄,၃၀၀ လောက်သာ ရရှိပြီး အဲဒီလုပ်အားခဟာလည်း နယ်စပ်ကနေ ဗန်ကောက်ခေါ်ခဲ့ရတဲ့ လူကယ်ရီကြေး၊ ပုလိပ်ကြေး၊ အဆောင်ခ ရေခ မီးခ စတဲ့ ခေါင်းစဉ်တွေနဲ့ ဖြတ်တောက်လိုက်တဲ့အတွက် အလုပ်သမားတွေ တပြားတချပ်မှ မသုံးစွဲရသလို အဲဒီလို လပေါင်း အနည်းဆုံး ၆ လကနေ ၉ လအထိ အလုပ်လုပ် ပေးခဲ့ကြသူတွေချည်းပဲ ဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ အလုပ်သမားတွေက ပြောပါတယ်။

ဗမာ့သွေး ပေးပို့သည်။


 

No comments: