Saturday, October 9, 2010

ဝေဖန်ရေးနှင့် မူကိစ္စ လူကိစ္စ

‘ဝေဖန်ရေး’ နဲ့ပတ်သက်ပြီး လူငယ်တွေ မကြာခဏ လာရောက်ဆွေးနွေးကြတယ်။ တချို့က စာပေဝေဖန်ရေးအကြောင်း သက်သက်ပြောဆိုတတ်ပြီး တချို့လူငယ် တွေက ဝါဒရေးရာ ဝေဖန်ရေးများနဲ့ပတ်သက်ပြီး ဆွေးနွေးတတ်ကြတယ်။

သူများကို ဝေဖန်ရင် ကြိုဆိုတယ်

အဲဒီလို ဆွေးနွေးရင်းနဲ့ မူကို ဝေဖန်တာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးသဘော လူကို ဝေဖန်တဲ့ကိစ္စဘက်ကို အမြဲလိုလို ရောက်သွားလေ့ရှိတယ်။ ဝေဖန်ရေးနဲ့ ပတ်သက်ရင် လူတိုင်းပြောလေ့ပြောထရှိတဲ့ စကားတခွန်းရှိတယ်။ “ဝေဖန်ရေး ဆိုတာမရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်တယ်၊ အားပေးရမယ်၊ ကြိုဆိုရမယ်” ဆိုတာပဲ။ ဒါပေမယ့် သူများကိုဝေဖန်တာကို ကြိုဆိုပေမယ့် ကိုယ့်ကို ဝေဖန်ရင်တော့ ကြိုဆိုနိုင်သူ တော်တော်ရှားပါတယ်။

“ဒါ ဝေဖန်တာမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပဲ” လို့ စိတ်ဆိုးမာန်ဆိုး တုံ့ပြန် ကြတာသာများတာကို တွေ့ရတယ်။ တချို့က ဆတ်ဆတ်ထိမခံ ပြန်ပြီး ချေပတယ်။ တချို့က ပြန်မချေပဘဲနေပေမယ့် ရင်ထဲမှာတော့ အောင့်သက်သက်နဲ့ မကျေမနပ် ဖြစ်နေတတ်တယ်။ တချို့ကျတော့ လူရှေ့သူရှေ့မှာ ဟန်ဆောင်ပြုံးနေပြီး စိတ်ထဲက ကြိတ်ဒေါသထွက်နေတယ်။

လိပ်ပြာသန့်သူမှ

ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စွဲမြဲခိုင်မာစွာ ယုံကြည်မှုရှိပြီး ကိုယ်တိုင် လိပ်ပြာသန့်သူ တချို့တလေသာ ဘယ်လိုဝေဖန်မှုမျိုးကိုမဆို ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်း စတဲ့ တဒင်္ဂစိတ်လှုပ်ရှားမှုမျိုးတွေ လုံးဝမရှိဘဲ ဥပေက္ခာပြုထားနိုင်စွမ်းရှိကြတယ်။ ဒီလိုလူမျိုးက တော်တော်ရှားတယ်။ ဒါကြောင့် တချို့တလေလို့ ဆိုခဲ့တာဖြစ်တယ်။ စိတ်ဓာတ်နဲ့အတွေးအခေါ် အများကြီး ရင့်ကျက်နေသူများမှသာ စိတ်လှုပ်ရှားမှု မရှိဘဲ ဥပေက္ခာတရား လက်ကိုင်ထားနိုင်တာ ဖြစ်တယ်။

မူနဲ့လူခွဲဖို့မလွယ်

အများစုကတော့ နည်းနည်းလေးဖြစ်ဖြစ် စိတ်ဆိုးသွားတတ်တယ်။ စိတ်မဆိုးတောင် ‘ကျွဲမြီးတိုတယ်’ ဆိုတာလောက်တော့ ဖြစ်သွားကြတယ်။ အဲဒီအခါ “ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပဲ” လို့ ပြောမြဲဖြစ်တယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု လို့ ဘာကြောင့်ပြောသလဲဆိုတော့ ပညာတတ်လောကမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဟာ အောက်တန်းကျတဲ့လုပ်ရပ်အဖြစ် ရှုမြင်ကြလို့ဖြစ်တယ်။

ဒါပေမယ့်လို့ ခက်တာက စာပေမှာပဲဖြစ်ဖြစ် နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ မူနဲ့လူကိုခွဲခြား ကြည့်မြင်ဖို့ဆိုတာ အင်မတန် မလွယ်တဲ့ကိစ္စဖြစ်တယ်။ သမ္မတ ရေဂန်လက်ထက်က ကာတွန်းဆရာတွေ သူ့ပုံကိုဆွဲရင်ကောင်း ဘွိုင်ဦးထုပ်ကြီးနဲ့ မြင်းစီးပြီး လက်ထဲက သေနတ်ဝှေ့ယမ်းနေတဲ့ပုံကို ဆွဲကြမြဲဖြစ်တယ်။ သူက ကောင်းဘွိုင် မင်းသားကနေ သမ္မတ ဖြစ်လာခဲ့တာကိုး။

မချိသွားဖြဲနေရ

သူ့ကို ကောင်းဘွိုင်သမ္မတလို့ ခေါ်တဲ့အတွက် ရေဂန်က ဘယ်လိုမှမတုံ့ပြန်ခဲ့ပါဘူး။ သူ့လို လူအများနဲ့ ဆက်စပ်ပတ်သက်နေရသူ Public Figure များကို လူတွေက စိတ်ဝင်စားမှုကြီးမားလွန်းတာကြောင့် ပုဂ္ဂိုလ်ရေးနဲ့ အများအရေးဆိုပြီး ခွဲခြားဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကို ကောင်းကောင်း သဘောပေါက်နားလည်ထားလို့ မတုံ့ပြန်တာပါ။ ‘သူလည်းလေ လောကီသားပေမို့’ ဆိုသလို ကျွဲမြီးတိုတာလောက် တော့ ရှိကောင်းရှိနိုင်တာပေါ့။ ဒါပေမယ့် 'မချိသွားဖြဲ' ဆိုသလို ဟန်လုပ်ပြီး ပြုံးနေရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။

ဘယ်သူမပြု မိမိမှု

‘ထင်ပေါ်ကျော်ကြားမှု’ ဟာ ချိုမြိန်ပါတယ်။ ဒါပေမယ့် ပေးရတဲ့ တန်ဖိုးကလည်း ကြီးပါတယ်။ လူသားတယောက်ရဲ့ဘဝမှာ တန်ဖိုးအရှိဆုံးဖြစ်တဲ့ ‘ပုဂ္ဂလိက လွတ်လပ်ခွင့်’ ကို ပေးလိုက်ရခြင်းဖြစ်တယ်။ ဒါဟာ ‘ဘယ်သူမပြု မိမိမှု’ ဆိုတဲ့စကားလို ကိုယ်တိုင်ရွေးချယ် ဖန်တီးခဲ့တာ ဖြစ်လို့ ပုဂ္ဂလိက လွတ်လပ်ခွင့် ချိုးဖောက်ခံရတယ်ဆိုပြီး ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ ရေဂန်သမ္မတရယ် လို့ ဖြစ်လာတာဟာ ပြည်သူလူထုက မဲပေးလို့ဖြစ်လာတာ မဟုတ်လား။

အလားတူပဲ ကောင်းဘွိုင်မင်းသား ရေဂန်လို့ဖြစ်တာလည်း ပြည်သူ လူထုက အားပေးကြလို့ပဲလေ။ ရေဂန်အတွက်တော့ ပြည်သူ့လူထုဟာ ကျေးဇူးရှင်ဖြစ်တယ်။ အဲဒီပြည်သူတွေကတောင်းဆိုတာကို ရေဂန်မ ငြင်းနိုင်ဘူး။ လိုက်လျောဖြည့်ဆည်း ရမှာပဲ။ ဒါဟာ ပြည်သူလူထုကြောင့် တခု၊ တကောင်၊ တယောက် (Somebody) ဖြစ်လာသူမှန်သမျှ မလွဲမသွေ ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားဖြစ်တယ်။

ပတ္တမြားမှန်ရင် အရောင် မမှိန်

ဝေဖန်ရေးမှာ မူနဲ့လူခွဲဖို့ခက်ပါတယ်။ လူကြောင့် မှုဖြစ်လာရသလို လူကြောင့်ပဲ မှုပျက်သွားရပါတယ်။ အလားတူပဲ မူကြောင့် လူကောင်းဖြစ်လာနိုင်သလို မူကြောင့်လည်း လူဆိုးဖြစ်သွားနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရလူကို အတိုက်အခိုက် မခံချင်ရင် ကောင်းဆုံးနည်းလမ်းက ကိုယ့်မှာ ဘာအစွန်း အထင်းအညစ်အကြေးမှ ကပ်ငြိမခံရ အောင်စောင့်စည်း နေထိုင်ဖို့ပါပဲ။ ကိုယ့်လိပ်ပြာက သန့်ရှင်း လှပနေရင် ဘယ်ပယောဂမှ ဝင်လို့မရပါဘူး။

နိုင်ငံရေးသမားတို့ စာပေအနုပညာသမားတို့ မီဒီယာသမားတို့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခံရတယ်ဆိုတာက တိုက်စရာ အကြောင်းတခုရှိနေလို့သာပါ။ ပတ္တမြားမှန်ရင် နွံထဲဘယ်လောက် ဆွဲနှစ်နှစ် အရောင်မှိန်မသွားပါဘူး။

မီးရှိမှ မီးခိုးထွက်တယ်

အရက် လုံးဝ မသောက်သူကို မူးပြီးရမ်းတယ်လို့ စွပ်စွဲလို့မရနိုင်သလို မိန်းမကိစ္စ ရှင်းသူကိုလည်း ကြာခိုတယ်လို့ စွပ်စွဲလို့မရပါဘူး။ မီးရှိမှ မီးခိုးထွက်ပါတယ်။ မီးမရှိဘဲနဲ့ မီးခိုး မထွက်ပါဘူး။ အရေးကြီးတာက ကိုယ်တိုင်လိပ်ပြာသန့်ဖို့ပဲ ဖြစ်တယ်။ ပါးစပ်က လေကြီး မိုးကြီးတွေပြောပြီး လူကွယ်ရာကျတော့မှ မဟုတ်တာတွေလုပ်နေသူများကတော့ ဝေဖန်ရေးဆိုတဲ့ အသံကြားရင် တီကိုဆားနဲ့ တို့သလိုတွန့်သွားမှာပါပဲ။ ဒါသဘာဝ ကျပါတယ်။ တီနဲ့ဆားဆိုတာ ဘယ်လိုမှ ဓာတ်မတည့်တဲ့ အရာနှစ်ခုမဟုတ်လား။ ငိုဘသမားနဲ့ ဝေဖန်ရေးဆိုတာလည်း ပြဒါးတလမ်း သံတလမ်းပဲလေ။

ဝေဖန်ရေးအောက်လမ်းဆရာတွေ

ဝေဖန်ရေး အကြောင်းဆွေးနွေးတဲ့ လူငယ်တိုင်းကို ဝေဖန်ရေးဆိုတာ ကြောက်စရာ မဟုတ်၊ ရွံစရာမဟုတ်တဲ့အကြောင်း အမြဲပြောရတယ်။ ဝေဖန်ခံရတဲ့အခါ စိတ်မဆိုးဖို့လည်း ရှင်းပြရတယ်။ တမင်သက်သက် ပွဲဆူအောင်လုပ်တဲ့ အောက်လမ်းဆရာ ဝေဖန်ရေးသမားမရှိဘူးလို့တော့ မဆိုပါဘူး။

ခေတ်တိုင်း ခေတ်တိုင်းမှာ တယောက်စ နှစ်ယောက်စတော့ ရှိတတ်တာပါပဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မြန်မာ စာဖတ်ပရိသတ်က ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးသူတွေပါ။ ဘယ်သူတွေဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်နေကြတယ်ဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဝေဖန်ရေးအောက်လမ်းဆရာတွေကို ဥပေက္ခာရှုထားလိုက်ကြစမ်းပါ။

လျှပ်တပြက် ဂျာနယ်၊ အတွဲ ၃ အမှတ် ၅ မှ ကူးယူဖော်ပြပါတယ်။


No comments: