အမည်အစဉ်ခေါင်းပေါ်ဖျားမှာလှ
မင်းတို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့။
(အဖိုး သခင်ကိုယ်တော်မှိုင်း)
နာသုံးနာနဲ့
ဆရာအဖြစ်ကိုရခဲ့။
မြေဖြူမှုန့်တထောင်းထောင်းကြားက
အဆုတ်နာရောဂါရမှာကို ဂရုမထားဘဲ
အပြုံးများနဲ့ နှလုံးသားနဲ့ စာသင်တဲ့ဆရာ။
ကျူရှင်ခေတ်မှာ
ပိုက်ဆံမယူဘဲ
တပည့်တွေကို အိမ်မှာစာခေါ်သင်ပေးတဲ့ဆရာ။
သုံးမိုင်ခရီးကို
စက်ဘီးလေးတစီးနဲ့
ကျောင်းတက်ရတဲ့ဆရာ။
ကျောင်းလခမပေးနိုင်တဲ့ ကျောင်းသားကို
ဆရာ့လစာထဲက စိုက်ကူပေးတဲ့ဆရာ။
ရှစ်လေးလုံးမှာ ကျောင်းသားတွေဆန္ဒပြတော့
ပထမကျောင်းသားသပိတ်ရဲ့အဆက်
ကျောင်းသားမျိုးဆက်ရဲ့ သမိုင်းပေးတာဝန်လို့
ကျောင်းသားတွေကို ဂုဏ်ယူတဲ့ဆရာ။
လယ်သမားသူပုန်
ဂဠုန်ဆရာစံ သမိုင်းကြောင်းကို
သင်ပြရင်းက
ကျောင်းသားတွေ မျက်ရည်ကျအောင်
သမိုင်းမှာအသင်အပြကောင်းတဲ့ဆရာ။
အများအကျိုးဆောင်တဲ့ စိတ်ဓာတ်နဲ့
လူ့ဘဝကိုဖြတ်သန်းဖို့ သင်ပြတတ်တဲ့ဆရာ။
မျိုးဆက်သစ်ကျောင်းသားတွေကို
ရှစ်လေးလုံးသမိုင်းကြောင်းနဲ့
အထက်တန်းကျောင်းက
ရှစ်လေးလုံး ကျောင်းသားသမဂ္ဂ
ခေါင်းဆောင်တယောက်အကြောင်းကို
ကျောင်းသားတွေကိုပြောပြတတ်တဲ့ဆရာ။
သမိုင်းသင်ရင်း
အမျိုးသားရေးစိတ်ဓာတ်ကို
လှုံ့ဆော်တဲ့ဆရာ။
ဆရာ့အသက်ခြောက်ဆယ်ကျော်မှာ
ဆရာကျန်းမာပါစဆရာ
ဆရာကိုလွမ်းတရင်း
မျက်ရည်စနဲ့ ဆရာကိုရှိခိုးကန်တော့ပါတယ်ဆရာ။
ကျောင်းသားတွေရဲ့အနာဂတ်ကို
သမိုင်းဖတ်မှတ် သင်ပြရင်းနဲ့
အလင်းပြပေးတဲ့ဆရာ
ဆရာကျန်းမာချမ်းသာပါစေဆရာ
လက်နှစ်ဖြာထိပ်မှာမိုး၍
ရှိခိုးပူဇော်ပါတယ်ဆရာ။ ။
(ဆရာ ဦးစိန်မောင်သို့ ရှိခိုးပူဇော်ပါသည်)
၁၀၊ ၆ ၊ ၂၀၁၀ (ဗုဒ္ဓဟူးနေ့)
သရုပ်ဖော် - အောင်ထက်
No comments:
Post a Comment