အောက်တိုဘာလ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုရဲ့ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးရုံး ဖွင့်ပွဲ
ဒီမိုကရေစီပါတီများ ၆ ဖွဲ့ ဖွဲ့ထားတဲ့ ဒီမိုကရေစီမိတ်ဆွေများအဖွဲ့ထဲက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီဟာ မိတ်ဆွေပါတီများ အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ထား တယ်လို့ သိရပါတယ်။
ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့ထဲမှာပါတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုနဲ့ အခြားပါတီတချို့ဟာ စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ငွေကြေးထောက်ပံ့ကူညီနေတယ်ဆိုတဲ့ ပြောဆိုချက်ထွက်ပေါ်လာပြီး အခုလို ဆိုင်းငံ့ထား ဖြစ်ပါတယ်။
ပဲခူတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးရုံးဖွင့်ပွဲ အခမ်းအနားမှာ စကားပြောကြားနေတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ခေါင်းဆောင် ဦးလှစိုးညွန့်
NDF အပြင် အခြားပါတီအချို့ရဲ့ ရှမ်း၊ ကရင်၊ ချင်း၊ ရခိုင် စတဲ့ တိုင်းရင်းသား ပါတီအများစုကိုလည်း ဆက်သွယ်ကူညီ ငွေကြေးထောက်ပံ့ထားတယ် ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေရဲ့ ပြောဆိုချက်ကို Myanmar Post စာစောင်မှာ ဖော်ပြထားပါတယ်။
ဦးလှမောင်ရွှေဟာ ငါးလုပ်ငန်းအဖွဲ့မှာ ဥက္ကဋ္ဌဖြစ်သလို စက်မှုလက်မှုအဖွဲ့မှာလည်း အမှုဆောင်လူကြီး ဖြစ်ကြောင်း၊ ဒီအဖွဲ့ဟာ အစိုးရနဲ့မကင်းတဲ့အတွက် ဒီမိုကရေစီ မိတ်ဆွေပါတီများထဲမှာပါတဲ့ သူတို့ရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ အပေါ်မှာ မဲဆန္ဒရှင်တွေက အထင်အမြင်လွဲမှာကို မလိုလားတာကြောင့် အခုလို အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့တာဖြစ်တယ်လို့ ဒီငြိမ်းပါတီ က ဆိုပါတယ်။
ဒါပေမယ့် NDF ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကတော့ သူတို့ပါတီအနေနဲ့ ဦးလှမောင်ရွှေဆီက ငွေကြေး အကူညီကောက်ခံ လက်ခံတာမျိုးမရှိကြောင်းနဲ့ ပါတီကိုယ်စားလှယ်လောင်းတဦးချင်း ငွေကြေးလက်ခံခြင်း ရှိမရှိတော့ သူ မသိကြောင်း ငြင်းဆိုထားပါတယ်။
ဒီမိုကရေစီမိတ်ဆွေပါတီများအဖွဲ့ကို ဒီလ ၂ ရက်နေ့ကဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ထဲမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်း အမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပါဝင်ပါတယ်။
Photo : Getty Image
No comments:
Post a Comment