Thursday, October 7, 2010

ခေတ်ပေါ် ဝေဒနာ (အုပ်စိုးနိုင်)

ခေတ်မီဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ နားထောင်လို့တော့ အတော်ကောင်းတာပါပဲ။ တကယ်တန်းမှာလည်း ခေတ်မမီဘူးဆိုရင် ဘဝမှာ နေဖို့ထိုင်ဖို့ ခက်လာတာ ကလည်း ငြင်းလို့မရပြန်ပါဘူး။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် သိပ်ပြီး မသိသာလှပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ရှင်သန်ရပ်တည် နေထိုင်ကြပြီ ဆိုရင်တော့ ‘ပညာ’ ဆိုတဲ့ စကားလုံးက မရှိမဖြစ် ဆိုသလောက်ကို အရေးပါနေခဲ့နေပြီပေါ့။

အိုင်တီခေတ်၊ ပညာလူ့အဖွဲ့အစည်း စတဲ့ စကားလုံးတွေနဲ့ ယဉ်းပါးခဲ့၊ ကြားဖူးခဲ့တာ ဆယ်ခုနှစ် ၂ ခုလောက် ရှိခဲ့ပါပြီ။ အရင်တုန်းကတော့ သာမန်ပါပဲ။ ခုတော့ တနေ့တခြား ပိုပိုပြီးတော့ သိလာရတာက ဒီနေ့ လူ့အဖွဲ့အစည်းထဲမှာ ပညာမရှိရင် အတော့်ကို ကသိကအောက် ဖြစ်ရပါလားဆိုတာပါပဲ။ သိစရာ တတ်စရာတွေကလည်း များသလားမမေးနဲ့၊ ဒီနေ့တမျိုး၊ နောက်နေ့ကျရင် နောက်တမျိုး။

ပစ္စည်းတွေကလည်း အသစ်အဆန်းတွေပေါ်လိုက်တာ တမျိုးပြီး တမျိုး။ ကွန်ပြူတာဝယ်ပြီးတော့လည်း ကွန်ပြူတာကို အများနည်းတူ သုံးတတ်အောင် လုပ်ရပြန်တယ်။ မူဘိုင်းဖုန်းဝယ်ပြီးတော့လည်း ကိုယ်ဝယ်ထားတဲ့ပစ္စည်း အကြောင်း အူမ ချေးခါးမကျန် သိအောင်လုပ်ရပြန်ရော။ ကင်မရာ၊ မိတ္တူကူးစက်၊ TV အကုန်လုံးပဲဆိုပါတော့။

အင်တာနက်ကို အသုံးပြုပြီး ဈေးဝယ်ရတာတွေ၊ Bill သွင်းရတာတွေ အပါအဝင် ဈေးသက်သာရာ သက်သာကြောင်းတွေကိုလည်း နေ့စဉ်နဲ့အမျှ သိအောင်ကြိုးစား နေရတာတွေ၊ လိုက်လံရှာဖွေနေရတာကလည်း အချိန်ပေးရ သေးတယ်။ ဘာမှမသိရင် ဘာမှလုပ်စရာမလိုဘူး အေးတာပဲဆိုပြီး ခပ်တည်တည်နဲ့ ထိုင်နေလိုက်မယ်တော့ စိတ်မကူးလိုက်လေနဲ့။ သူများ နှာခေါင်းပေါက်နဲ့ တချိန်လုံး အသက်ရှူနေရပြီသာ မှတ်ပေတော့။ ဟိုလူ့ကို အကူအညီတောင်းရ၊ ဒီလူ့ကို အကူအညီတောင်းရ အရပ်ကူပါ၊ လူဝိုင်းပါနဲ့။

ဒီကြားထဲမှာ ကလေးတွေကစားတဲ့ ဂိမ်းတွေအကြောင်းကလည်း သိဖို့ လိုသေးတယ်။ Play station 2 တို့၊ X box တို့ စုံနေတာပါပဲ။ Spiderman က ခေါင်းမိုးပေါ်ကနေ ဟိုဘက်ကို ခုန်လို့မရဘူးဖြစ်နေတယ်၊ ဘယ်ခလုတ်ကို နှိပ်ရမှာလဲ စတဲ့ ကိုယ်တခါမှ မတွေးခဲ့ဘူးတဲ့ မေးခွန်းတွေကို ဖြေနိုင်အောင်လည်း အချိန်ပေးရသေးတယ်။ မဖြေနိုင်ရင် တချိန်လုံး ဂျီကျနေရော။

ဒါတွေ ဒီလိုရေးနေလို့ ခေတ်မီပစ္စည်းကရိယာ လူသုံးပစ္စည်းတွေကို ဘယ်လို သုံးတတ်၊ သုံးနိုင်တယ်ဆိုတာကို သွယ်ဝိုက်ပြီး ကြွားဝါနေတယ်လို့ မထင်လိုက်ပါနဲ့။ ဒါတွေဟာ ဒီနေ့ခေတ်မှာ လူတိုင်းလို သုံးစွဲနေကြတဲ့ ပစ္စည်းပစ္စယတွေပါ။ အဓိကပြောချင်တာက ခေတ်မီလူ့အဖွဲ့အစည်းအတွင်းက ကျနော်တို့ရဲ့ မိသားစုဘဝတွေ အကြောင်းပါ။

လူတွေဟာ အသစ်အဆန်းတွေကို ခုံမင်တတ်ကြတယ်ဆိုတာ သဘာဝပါပဲ။ အသစ်အဆန်းတွေပေါ်လာပြီဆိုရင် ကိုယ်ကိုယ်တိုင်လည်း သုံးစွဲချင်တယ်၊ ကိုယ့်သားသမီးတွေကိုလည်း ဝယ်ပေးချင်တယ်။ အိမ်မှာလည်း ရှိုးပြထားချင်တယ်။ ဒါဟာ ဘာမှပြဿနာ မရှိပါဘူး။ ဒါပေမယ့် အရာတိုင်းမှာ အကောင်းနဲ့အဆိုး ဆိုတာ ဒွန်တွဲနေတတ်စမြဲ မဟုတ်လား။

အမှတ်တမဲ့ကြည့်ရင်တော့ နေတတ်ရင်၊ ကျေနပ်စရာပါ။ ခေတ်နဲ့အမီ နေနိုင် ထိုင်နိုင်၊ ဝတ်စားနိုင်၊ ပစ္စည်းအသစ်အဆန်းတွေ ကိုင်တွယ်သုံးစွဲနိုင်ကြတယ်ဆိုတာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် အခြားတဖက်မှာ ကျနော်တို့တတွေ တန်ဖိုးထားကြတဲ့ မိသားစုတန်ဖိုးတွေ၊ သံယောဇဉ်တရားတွေ လျော့ကျသွားကုန်ပြီဆိုတာကို ဘယ်သူမှ သတိမထားမိကြဘူး။

သိကြတဲ့အတိုင်း အနောက်တိုင်းယဉ်ကျေးမှုဆိုတာက ကျနော်တို့တွေရဲ့ ကိုယ်ပိုင်စံတွေ၊ တန်ဖိုးတွေနဲ့ အနည်းနဲ့ အများတော့ လွဲချော်နေတတ်တာပါပဲ။ လူတွေဟာ လူတွေနဲ့မတူတော့ဘဲ တနေ့တခြား စက်ရုပ်တွေလိုပဲ ဖြစ်လာနေ ကြတယ်။ သွားလည်း သုတ်သုတ်၊ လာလည်း သုတ်သုတ်၊ လင်နဲ့မယားတောင် အိမ်မှာ အတူတူတွေ့ကြဖို့အချိန်က အရမ်းနည်းလာတယ်။ ကိုယ့်ကလေးနဲ့ကိုယ် တီတီတာတာ ပြောဖို့ဆိုဖို့ အချိန်ဆိုတာကလည်း အတော့်ကို ရှားပါးလာတယ်။

ယောက်ျားဖြစ်တဲ့သူကလည်း ကွန်ပြူတာလုံးနဲ့ တချိန်လုံး မအားရအောင် ဖြစ်နေသလို၊ မိန်းမဖြစ်တဲ့သူကလည်း TV ချယ်နယ်ပေါင်းစုံ ဖြစ်ဖြစ်၊ Burmese Classic မှာပဲဖြစ်ဖြစ်၊ လက်မလည်အောင်ပါပဲ။ ကလေးကလည်း ကိုယ့်ကမ္ဘာနဲ့ ကိုယ်၊ အခန်းတံခါးပိတ်ပြီး ဂိမ်းစက်တလုံးနဲ့ အပြင်ကို ထွက်မလာတော့သလောက်ပဲ။ ဘယ်မှာလဲ နွေးထွေးတဲ့ မိသားစုဆက်ဆံရေး။ ကိုယ့်အိမ်သားတွေထက်စာရင် အခြားသူတွေနဲ့တောင် ပိုပြီး အဆက်အဆံ လုပ်ဖြစ်ကြသေးတယ်။ G talk တို့၊ Face book တို့မှာပေါ့၊ တခါမှမတွေ့ဘူး မမြင်ဘူးတဲ့ လူတွေနဲ့ အလွမ်းသည်လိုက်ရတာလည်း အမောပေါ့ဗျာ။ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေတို့၊ အွန်လိုင်းမှာ နေ့တိုင်း တွေ့ကြတာပေါ့နော် တို့၊ ဘာတို့ ညာတို့ပေါ့။

အရင်တုန်းက မိသားစုတွေခရီးသွားရင် အရမ်းပျော်ဖို့ကောင်းတယ်။ ကျနော့်သားက သူ့မျက်စိထဲမှာ မြင်သမျှ တွေ့သမျှကို အကုန်မေးတော့တာပဲ။ မြို့တွေ ရွာတွေအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း စသဖြင့်ပေါ့။ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ ပစ္စည်းတွေကလည်း အသစ်အဆန်းတွေ ပေါ်လာလိုက်၊ ကိုယ်ကလည်း ဝယ်ပေးလိုက်၊ ခုဆိုရင် ဘယ်ခရီးသွားသွား သူ့နားရွက်မှာ နားကြပ်က အမြဲတပ်ထားတယ်။ သီချင်းနားထောင်ရင် နားထောင်၊ ဂိမ်းစက် အသေးလေးတွေ ဆော့ချင်ဆော့။ သားက နီးနီးလေးနဲ့ ကိုယ်နဲ့ တဖြည်းဖြည်း ဝေးလာသလိုပဲ ခံစားနေရတယ်။ ဘုရား … ဘုရား နောက်ထပ်များ ဘာတွေ အသစ်အဆန်းတွေ ပေါ်လာဦးမှာလဲ။

အထူးသဖြင့် သားကို ကျနော်တို့တတွေရဲ့ ဘဝထဲကနေ ရှင်ရက်နဲ့ ဆွဲထုတ်သွားနိုင်တဲ့ ခေတ်မီမှုတွေကိုပေါ့။

နောက်တော့ အိမ်မှာ စည်းကမ်းထုတ်ကြည့်တယ်။ စာကျက်ချိန်က ဘယ်နှစ်နာရီ၊ ဂိမ်းဆော့ချိန်က တနေ့ ဘယ်နှစ်နာရီ၊ စနေ၊ တနင်္ဂနွေဆိုရင် နည်းနည်း ပိုရမယ်။ ကျန်တဲ့အချိန်တွေမှာ ဖေဖေတို့ မေမေတို့နဲ့ စကားပြောရမယ်၊ ဒါပဲ။

သားဟာ အခြေခံအားဖြင့်တော့ ဒီစည်းကမ်းတွေကို လိုက်နာပါတယ်။ သိပ်ကျေကျေနပ်နပ်ကြီးတော့ မဟုတ်ဘူးပေါ့၊ သူကလည်း နည်းနည်းတော့ ရစ်တာပေါ့။ ဥပမာ … မိသားစုနဲ့ စကားပြောတဲ့အချိန်တွေဆိုရင် “အောင်ဆန်းဦးက ဘာဖြစ်လို့ ကုလားနဲ့တူတာလဲ” တို့၊ “နော်ဝေကို ဗမာပြည်နဲ့ဝေးအောင် ဘယ်သူက လုပ်တာလဲ” တို့၊ “ဖေဖေ ဂိမ်းခွေ ရောင်းတဲ့ဆိုင်မှာ အလုပ်လုပ်ပါလား” တို့။ ဘာပဲဖြစ်ဖြစ် ကိုယ်ကလည်း အဆင်ပြေသလို လျှောက်ပြီးကြည့်ပြောတာပါပဲ၊ သားအဖတွေ စကားပြောဖြစ်နေရင် ပြီးတာပဲလေ။

ကလေးတွေကို ခေတ်နဲ့အညီပေါ်လာတဲ့ ကစားစရာတို့ ပစ္စည်းတို့ကို ပေးမသုံးဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒီလိုလုပ်ရင် ဘယ်တရားပါ့မလဲ။ အခြားကလေးတွေ သုံးရင် သူတို့လည်း သုံးချင်ပေမှာပေါ့။ ဒါပေမယ့် နည်းစနစ်တော့ နည်းနည်း ပြောင်းလိုက်တယ်။ ဥပမာ … သြကာသ အစ - အဆုံးရမှ၊ Play station 2 စက်ကို ဝယ်ပေးမယ်ဆိုတာမျိုးပေါ့။ ခုတော့ သူ နှစ်ခုစလုံးကို ရသွားပါပြီ။

ဟိုတလောက ဆောင်းပါးတပုဒ်မှာ ဖတ်လိုက်ရတယ်။ နောက်အနှစ် ၂၀ အတွင်း ကလေး ၁၀ ယောက်မှာ ၈ ယောက်လောက် မျက်မှန်တပ်ရ နိုင်တယ်။ အကြားအာရုံနဲ့ပတ်သတ်တဲ့ ရောဂါတွေကိုလည်း အရင်ကထက် ၆ ဆလောက်ပိုပြီး ကြုံကြရမတဲ့။ အဆိုးဆုံးကတော့ လူတွေဟာ သာမန်တွေးခေါ်မှုနယ်ပယ်ကနေ ခွဲထွက်ပြီး စဉ်းစားမှုတွေ တုံ့ပြန်မှုတွေက ဂိမ်းထဲက ဇာတ်ကောင်တွေနဲ့ ပိုပြီးတူလာကြပြီး လူ့အဖွဲ့အစည်းထဲမှာလည်း ကမောက်ကမဖြစ်ရပ်တွေ၊ မကြုံဖူးကြသေးတဲ့ သဘာဝလွန် ဘေးအန္တရာယ်တွေနဲ့လည်း ကြုံတွေ့ဖို့ရှိနေကြပါသတဲ့။

ဒါကြောင့်လည်း ငြိမ်နေရင် ပြီးတာပဲဆိုပြီး ကလေးတွေကို Digital World ထဲမှာ ပစ်ထားရတာဟာ အန္တရာယ်ရှိတဲ့ စွန့်စားမှုတခုလိုပဲ တနေ့တခြား ပိုပြီးတော့ ခံစားလာနေရတယ်။

ကျနော်တို့ဟာ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရပ်ရပ်အောက်မှာ မတူညီတဲ့ ယဉ်ကျေးမှုအချင်းချင်းတွေ တိုးမိ တိုက်မိကြတာတွေရှိသလို တခါတရံမှာ နယ်လုကြရတဲ့အဖြစ်မျိုးတွေကိုလည်း ကြုံကြရပါတယ်။ ကိုယ့်တန်ဖိုးတွေကို ရာနှုန်းပြည့် ထိန်းနိုင်ဖို့တော့ ဘယ်လိုမှ မလွယ်ပါဘူး။

ဒါပေမယ့် ရသလောက်ထိန်းနိုင်ဖို့လည်း ကြိုးစားကြည့်ကြရမှာပါ။ ရောမ - ရောက်နေပြီ၊ ရောမလို ကျင့်နိုင်ဖို့ပဲ ကြိုးစား ရတော့မှာပဲ မတတ်နိုင်ဘူးလို့ စိတ်လျှော့လိုက်သူတွေကိုလည်း တွေ့ဖူးပါတယ်။ အချို့က ရုန်းကန်လှုပ်ရှားနေရတဲ့ အတွက် ကလေးတွေအတွက် လိုအပ်သလောက် အချိန်မပေးနိုင်ကြပါဘူး၊ ဒီလိုမိဘမျိုးတွေကို နားလည်ပေးနိုင်ပါတယ်။

ကိုယ့်ကလေးက ဂိမ်းကစားရာမှာ Level ဘယ်လောက်ရောက်နေပြီဆိုပြီး အရမ်းဂုဏ်ယူပြိုင်ဆိုင်နေတဲ့ မိဘအချို့ ကိုလည်း တွေ့ဖူးပါတယ်။

“ကျမတို့ကတော့ ငယ်ငယ်က ဆရာတွေ အရိုက်အပုတ်ကို တော်တော်ခံခဲ့ရတယ်၊ ကစားစရာပစ္စည်း ကောင်းကောင်းတွေလည်း မသုံးဖူးခဲ့ဘူး။ အခု ကျမကလေးတွေကို လွတ်လပ်ခွင့် အပြည့်ပေးထားတယ်၊ ကြိုက်တာသာ ကစားပေတော့။ စာကျက်ဖို့လည်း ဖိအားမပေးဘူး၊ ဘာသာရေးအရလည်း သူတို့ကြိုက်တာ ရွေးချယ်နိုင်ပါတယ်” ဆိုတဲ့ မိဘတွေကိုလည်း တွေ့ဖူးပါတယ်။ ဒါမျိုးကိုတော့ အငြင်းအခုန် မလုပ်လိုပါဘူး။ မိသားစုတိုင်းမှာ ကိုယ်ပိုင်လမ်းပြမြေပုံ ရှိတတ်ကြတာပဲမဟုတ်လား။ အားလုံးကတော့ ကိုယ့်အိမ်ရှေ့က ကောင်းကင်က ပိုပြီး လင်းတယ်လို့ ထင်တတ်ကြတာပဲလေ။ ။

သရုပ်ဖော် - အောင်ထက်

No comments: