Wednesday, October 6, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၃)

သံဓိဋ္ဌာန်ချ၊ အသက်စွန့်ရန်မကြောက်

အခွင့်အလမ်းသည် ကျနော့်အတွက် ပို၍သာပါသည်။ ကျနော့်ဘေးတွင် ထောင်ထားသော ဂျီသရီးကို ကောက်ယူပြီး တွဲအောက်ခုန်ချရုံဖြင့် ကျနော် အလွယ်တကူပင် လွတ်မြောက်သွားပါမည်။

ဆရာဦးအောင်ငွေ ဘာဖြစ်မည်နည်း။ ကျနော့်ကြောင့် ရန်သူ၏ရက်စက် ညှဉ်းပန်းမှုကို မတွေးရဲလောက်အောင် ဖြစ်သည်။ ရန်သူတို့၏လက်တွင် ဆရာဦးအောင်ငွေကို ဝကွက်ပြီး မထားခဲ့ မထားရက်နိုင်ပါ။

ဤမျှပင်ပန်းခက်ခဲကြမ်းတမ်းသော တိုက်ပွဲခရီးစဉ်တလျှောက်လုံး အတူတကွ ရုန်းကန်လာခဲ့ကြပြီးမှ ဤသို့ အခြေအနေမျိုးတွင် ဦးအောင်ငွေကို ရန်သူ့လက်ထဲ တွင် ကျနော် လုံးဝ မထားခဲ့နိုင်ပါ။ သေရင်လည်းအတူ၊ ရှင်ရင်လည်း အတူ ဦးအောင်ငွေကို ကျနော်နှင့်တပါတည်း လွတ်မြောက်အောင် ကယ်တင်မည်။

ကျနော့်ခေါင်းထဲတွင် ကျွန်းမှာ အမြဲသီဆိုခဲ့သော သီချင်းတပုဒ်သည် မည်ဟိန်း၍ ပေါ်လာသည်။

“သံဓိဋ္ဌာန်ချ အသက်စွန့် ရန်မကြောက်၊ အခက်အခဲ ဖယ်ရှား၊ အောင်ပွဲအရယူ၊ သံဓိဋ္ဌာန်ချ အောင်ပွဲရယူ”

သီချင်းမှာ ကျနော့်ခေါင်းထဲမှာ မထွက်တော့ပါ။ ကျနော် သေနတ်ကိုယူပြီး ခုန်ထွက်မည်၊ မောင်းတင်ပြီး ပစ်ချမည်၊ ဦးအောင်ငွေကိုပါ အရကယ်တင်မည်။

ရထားသည် သံဖြူဇရပ်ဘူတာသို့ ရောက်လာပါတော့မည်။ ဦးအောင်ငွေက လှမ်းပြောသည်။ “သံဖြူဇရပ် ရောက်တော့မယ်” ကျနော် သံဓိဋ္ဌာန်ချလိုက်ပါပြီ။ ကျနော့်လေးတွင် ထောင်ထားသော ဂျီသရီးသေနတ်ကိုယူ၍ တွဲပြင်သို့ ခုန်ထွက်လိုက်သည်။ သေနတ်မောင်းကို ဘယ်လက်ဖြင့်ဆွဲတင်ပြီး ဖြောင်းခနဲ ရိုက်ချလိုက်သည်နှင့် အတူ တပြိုင်နက် ကျနော် ထိုးပြီးပစ်ချလိုက်သည်။

ကျနော်လှုပ်ရှားမှုနှင့် မရှေးမနှောင်း စစ်သားသည် “ဒီလိုမလုပ်နဲ့” တခွန်းအော်ပြီး ကျနော့်ကို ခုန်အုပ်သည်။ ကျနော် ထိုးပစ်လိုက်သော သေနတ်ပြောင်းကို လက်နှင့်ပုတ်လိုက်နိုင်သည့်အတွက် ဂျီသရီးသေနတ်သည် ၂ ယောက်ကြားတွင် ကျည်ဆံ “ဝေါခနဲ” “ဝေါခနဲ” ထွက်သွားသည်။

စစ်သားနှင့်ကျနော်သည် လုံးထွေးနေသည်။ ဤတွင် ရေးမှ သံဖြူဇရပ် တပ်ရင်းသို့ ခွင့်နှင့်ပြန်လာသော သေနတ်မပါသည့် အရပ်ဝတ်နှင့် စစ်သား ၃-၄ ယောက်က ကျနော့်ကို ဝင်လုံးသည်။ ၅ ယောက်နှင့် တယောက်လို ဖြစ်နေသည်။ ကျနော့်ကို ထိုးတဲ့အကောင်က ထိုး၊ ကန်တဲ့အကောင်က ကန်နှင့် သေနတ်မှာ သူတို့ လက်ထဲရောက်သွားသည်။

ရထားသည် အရေးပေါ်ရပ်သွားသည်။ ကျနော်လှုပ်ရှားမှုနှင့်အတူ ဦးအောင်ငွေ သည် သူ့ကိုစောင့်သည့် စစ်သား၏ ပေါင်အောက်မှ သေနတ်ကို ကိုင်လိုက်ပြီး တပြိုင်နက်တည်း တွဲအောက်သို့ ဆွဲချသည်။ ၂ ယောက်သား ရထားသံလမ်းပေါ် ကျသွားသည်။ သတိနှင့်ရှိနေသော ဦးအောင်ငွေက စစ်သားမျက်နှာကို ရထားလမ်းခင်းသည့်ကျောက်ခဲနှင့် မျက်နှာကို ၂ ချက် ဆင့်ထုသည်။ စစ်သားမေ့သွားသည်။ သေနတ်ကို ဦးအောင်ငွေ ရသွားသည်။

ရထားရပ်သွားသည့်အချိန်တွင် ဦးအောင်ငွေကို ကျနော်လှမ်းမြင်ရသည်မှာ ကိုက် ၅၀၀ ခန့်ရှိမည်ဟု ထင်ရသည်။ တောင်ကြားတွင် ရထားလမ်းဖောက်ထားသည့် နေရာဖြစ်သည်။ ဆရာဦးအောင်ငွေသည် ဂျီသရီးကို ပုခုံးပေါ်တင်၍ ရထားလမ်းမှ ကုန်းကျောအမြင့်ပေါ်သို့ တက်သွားသည်ကို လှမ်းမြင်ရသည်။ ဤမြင်ကွင်းမှာ ဆရာဦးအောင်ငွေအား နောက်ဆုံး မြင်ရခြင်းနှင့် နောက်ဆုံးခွဲခွာရခြင်းဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။


No comments: