Tuesday, September 14, 2010

NLD ပါတီ ဖျက်သိမ်းခံရပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတဲ့ တရားမဝင်ပါတီများအဖြစ် နအဖ ရွေးကောက်ပွဲကော်မရှင်က စစ်အစိုးရပိုင် သတင်းမီဒီယာများမှတဆင့် စက်တင်ဘာလ (၁၄) ရက်နေ့ ဒီနေ့မှာ ကြေညာလိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ပြည်ထောင်စု ပအို့ဝ်အမျိုးသားများအဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီနဲ့ ဝအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကို ၂၀၁၀ ရွေးကောက်ပွဲမှာ ဆက်လက် တည်ထောင်ခွင့် မှတ်ပုံတင် လျှောက်ထားခြင်း မရှိလို့ ဖျက်သိမ်းတာလို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်၊ မြန်မာ့ လူ့ဘောင်သစ်ပါတီ၊ မြန်မာဒီမိုကရေစီ ကွန်ဂရက်၊ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးပါတီ (ပြည်) တို့ကိုလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားပြီးတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ အချိန်မီမတင်သွင်းနိုင်တဲ့ ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

NLD ကို ဖျက်သိမ်းတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာတာဟာ နည်းလမ်းမကျကြောင်းနဲ့ အရင်ကတည်းက စာရင်းတင်သွင်းထားတာ မရှိတဲ့အတွက် ဖျက်သိမ်းစရာလည်း မလိုဘူးလို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြည်ပသတင်းဌာနများနဲ့ မေးမြန်းခန်းတွေမှာ တုံ့ပြန်ပြောဆိုသွားပါတယ်။


No comments: