Monday, September 13, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၁)

သူ့စစ်သားတွေကို အမိန့်ပေးသွားသည်။ ဒူးယားဘုန်းကြီးကျောင်းအောက် ပျဉ်ပြားကြီးတခုပေါ်တွင် လက်ကို နောက်ပြန် ချည်၊ ခြေတောက်ကိုလည်း ချည်ထား၊ ကျနော့်ခေါင်းရင်းတွင်လည်း မီးခွက်တခွက် ထွန်းထားသည်။ မီးခွက်နောက်က ဆန်ကောတချပ် ထောင်ပြီး ကာထားသည်။ ဆန်ကောနောက် ကျနော့်ခေါင်းရင်းတွင် ကင်းသမားတယောက် ချထားသည်။ ကျောင်းတံစက်မြိတ်တွင် တယောက်၊ ကျောင်းခြံပေါက်ဝတွင် တယောက် ကင်းချထားသည်။ ၎င်း ချင်းစစ်ဗိုလ်က …

“ကင်း ၃ ထပ်ချထားတယ်ကွာ၊ မင်းကျွန်းကသာ ပြေးလို့လွတ်မယ်၊ တို့လက်ထဲမှာတော့ မင်းပြေးလို့ မလွယ်ဘူး”

ပြောဆိုပြီး ကျောင်းပေါ်ပြန်တက်သွားသည်။

၎င်းညတညလုံး ကျနော်အိပ်၍မရပါ။ ကျနော့်ကို ခြေတောက်ချည်ထားသည့် ပျဉ်ပြားပေါ်တွင် အိပ်ရသည်မှာ ခေါင်းရင်း ဘက်က မြင့်သွားလိုက်၊ ခြေရင်းဘက်က မြင့်သွားလိုက်၊ လှိုင်းစီးနေရသလို ခံစားရပြီး အိပ်မရပါ။ ၎င်းညအဖို့ လှိုင်းမူးသကဲ့သို့ဖြစ်ပြီး မနက်မိုးလင်းလာပါသည်။

မနက် ထမင်းစားချိန်ရောက်လျှင် စစ်သားများ စားသောက်ကြသောအခါ ချင်းစစ်ဗိုလ်ရောက်လာသည်။

“ဒီကောင့်ကို ထမင်းခဲတခဲ ထည့်ကျွေးလိုက်”

ဟု အမိန့်ပေးသွားသည်။ စစ်သားများက ထမင်းတပန်းကန်တွင် ထမင်းထည့်ပြီး ကျွေးသည်။ ကျနော်စိတ်ထဲက တွေးလိုက်သည်။ ငါတော့ မသေခင် ဝအောင်စားထားမယ်။ တကယ်တွင် ကျနော် ထမင်းမြိုလို့မရပါ။ ညက ကျနော့် လည်ပင်းကို တက်နင်းထားသည်မှာ အတော်ပင်နာနေပါသည်။

၁၀ နာရီထိုးလောက်တွင် ၎င်းတို့ ဘုန်းကြီးကျောင်းမှ ထွက်ကြသည်။ စစ်သားတယောက်လက်ကိုအပ်ပြီး ကျနော့်လက်ပြန် ကြိုးစကို သူ့စစ်ခါးပတ်နှင့် ချည်ပါသည်။ မွန်းလွဲပိုင်းတွင် ရေးမြို့သို့ ရောက်လာသည်။ ရေးမြို့အချုပ်သို့ ပို့သည်။

ပင်လယ်ထဲမှာ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရသည်။ ယခုတော့ အချုပ်ခန်း အနှောင်အဖွဲ့ထဲသို့ ရောက်ခဲ့ရပြန်သည်။ ကျနော့်စိတ်ထဲက ဘာမှ ပူပန်ဆင်းရဲခြင်းမဖြစ်ပါ။ ငါ့ကို မိပါစေ၊ ဖထီးမန်းအောင်ကြည်နဲ့ ဆရာဦးအောင်ငွေ လွတ်သွားရင် တော်ပါပြီ။ စိတ်ထဲ က ကျေနပ်နှစ်သိပ်လိုက်သည်။

၎င်းညတွင် ကျနော့်ကို စစ်တပ်မှ လာခေါ်ထုတ်ပါသည်။ ကျနော့်ကို မေးသည်။ ကျွန်းမှာရှိသည့် ကျောင်းသား ခေါင်းဆောင်များကို မေးသည်။ ဗကသ၊ တကသ၊ ရကသ ကျောင်းသားခေါင်းဆောင်များ၏အမည်ကို ကျနော် ပြောပြသည်။ သူက တောင်ငူကလို့ ပြောသည်။ ကျနော်က တောင်ငူ အထက ကျောင်းအုပ်ဆရာမကြီးသား ကိုသက်ဝင်းကို သိလား မေးရာ စစ်ဗိုလ်က သူငယ်ချင်းဖြစ်ကြောင်း၊ တအိမ်ထဲ အတူနေခဲ့ရကြောင်း ပြောပြသည်။

နောက်တနေ့မနက် နေ့လည်တွင် မမျှော်လင့်ဘဲ ဦးအောင်ငွေ ရေး ဂါတ်ထဲသို့ ရောက်လာပါသည်။ ကျနော် မမျှော်လင့်ပါ။ ကျနော့်စိတ်တွေလေးလံပြီး အလွန် စိတ်ထိခိုက်သွားပါသည်။ ဦးအောင်ငွေက ၎င်းအဖြစ်အပျက်ကို ပြောပြပါသည်။

စစ်သားတွေလာဝိုင်းတော့ သူနှင့်ဖထီးမန်းအောင်ကြည် တယောက်တကွဲစီ ဖြစ်သွားကြောင်း၊ မနက်လင်းတော့ ရွာသား တွေပြောပြီး လူကြီးဆီသွားအပ်ကြောင်း၊ သူကြီးဆီရောက်သောအခါ ဦးအောင်ငွေက သူကြီးအကြောင်းကို လေ့လာပြီးမှ အကူအညီတောင်းဖို့ လာကြောင်း၊ တော်လှန်ရေးသမားဖြစ်ကြောင်း မွန်ပြည်သစ်ပါတီသို့ ပို့ပေးစေလိုကြောင်း ပြောပြပါသည်။

သူကြီးက လက်မခံဘဲ ရေးစစ်တပ်သို့ လာပို့ပါသည်။ ကျနော်တို့သည် ဒူးယားသူကြီးကို အားကိုးယုံကြည်စွာဖြင့် လာခဲ့သည်။ ကျနော်တို့မှာ သူကြီး၏ သစ္စာဖောက်မှုကို ခံလိုက်ရသည့်အတွက်ကြောင့် ရည်မှန်းချက်တွေ ကတိမ်းကပါးဖြစ်ပြီး ဆုံးရှုံးခဲ့ရသည်။ ဒုက္ခဆင်းရဲကို ထပ်မံ ကြုံခဲ့ရပြန်သည်။

ဦးအောင်ငွေ အချုပ်ခန်းသို့ရောက်ပြီး ခဏအကြာတွင် သူကြီးက အချုပ်ခန်းသို့ကပ်လာပြီး ကျနော့်ကို ပြုံးပြ၍ နှုတ်ဆက်ပါသည်။ သူကြီးအပြုံးသည် ကျနော့်ရင်ကို ထိုးဆွလိုက်သကဲ့သို့ပင် ခံပြင်းလှပါသည်။ ကျနော့်ရင်မှာ တလိပ်လိပ် ဒေါသထွက်လာပါသည်။ ကျနော်အချုပ်ခန်း သစ်သားတိုင်နားသို့သွားပြီး သူကြီးကို ပြောလိုက်သည်။

“သူကြီး၊ ခင်ဗျား ကျနော့်မျက်နှာကို သေသေချာချာကြည့်ထား၊ ကျနော်မသေရင် ခင်ဗျားဆီကို အရောက်ပြန်လာခဲ့မယ်”

သူကြီး မျက်နှာပျက်ပြီး ပြန်လှည့်သွားပါသည်။ ကျနော် အလွန် စိတ်ထိခိုက်ပါသည်။ ဦးအောင်ငွေနားကို ပြန်လာပြီး …

“တိုက်ပွဲဟာ သိပ်ပြီး အဆုံးအရှုံးများတယ်ဗျာ၊ ဒါပေမယ့် တိုက်ပွဲဟာ မပြီးသေးဘူး၊ ဆက်တိုက်ရမယ်”

ဆက်လက်ဖော်ပြပါမည်။



No comments: