မြန်မာနိုင်ငံရေးမှာ အဓိက အငြင်းပွားစရာ ပြဿနာတခုဖြစ်နေတဲ့ ၂၀၀၈ ခု အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ BBC က အထူးသုံးသပ်ချက် အစီအစဉ်တွေကို အပိုင်း ၅ ပိုင်းခွဲပြီးတော့ တင်ဆက်ပေးနေပါတယ်။ ဒီတပတ် ဒုတိယပိုင်းမှာတော့ အခြေခံဥပဒေမှာ ပါဝင်တဲ့ သမ္မတ နဲ့ ဒုတိယ သမ္မတ တို့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ လေ့လာသုံးသပ်ထားပါတယ်။ ဦးနေမျိုးသူရိန် စီစဉ်ပြီးတော့ ဒေါ်သီတာနွယ်က တင်ဆက်ပေးမှာပါ။
“ပထမဦးဆုံး ကျနော်တို့ နိုင်ငံတော် အကြီးအကဲပေါ့နော်၊ ဘယ်လိုသွားမလဲလို့ စပြီးအခြေမူ စချပါတယ်၊ အဲ့တော့ နိုင်ငံတော်အကြီးအကဲကို သွားတဲ့အခါကျတော့ သမ္မတနဲ့ သွားကြတယ်။ အကြီးအကဲတယောက်မှာ အဆောင်အယောင် အကြီးအကဲ မဟုတ်ဘူးပေါ့နော်၊ သက်ဝင်တဲ့ နိုင်ငံတော်တခုလုံးကိုလည်း ကိုယ်စားပြုမယ်၊ နိုင်ငံသားအားလုံးရဲ့ အထွဋ်အမြတ်ဖြစ်မယ်၊ အကြီးအကဲအနေနဲ့ သမ္မတ တာဝန်လည်း သူ ယူမယ်။ ဒီအပေါ်မှာ ကျနော်တို့ အခြေပြုလိုက်ကြတယ်”
အနာဂတ်မြန်မာနိုင်ငံရဲ့ အထွဋ်အထိပ်နေရာမှာ သမ္မတ ကိုထားဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်း အမျိုးသားညီလာခံကို အဆုံးအထိတက်ခဲ့တဲ့ တောင်တွင်းကြီးမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ ကနေ ရွေးကောက်ခံခဲ့ရတဲ့ ဦးသိန်းကြည်က ပြောသွားတာပါ။
မေလထဲမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်မယ့် အခြေခံဥပဒေမူကြမ်း ပုဒ်မ ၂ မှာ ပြောထားတာက နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဟု ခေါ်တွင်စေရမည်ဟု ပြောထားသလို ပုဒ်မ ၁၆ မှာတော့ နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်လို့ ဆိုထားပါတယ်။ ဒီအချက်တွေဟာ အရင်က မြန်မာနိုင်ငံမှာရှိခဲ့တဲ့ သမ္မတတွေနဲ့ ဘယ်လိုကွာခြားပါသလဲ။ ဂျပန်နိုင်ငံ ကန်တ တက္ကသိုလ်က သမိုင်းပညာရှင် ဒေါက်တာအေးချမ်း ရှင်းပြတာကတော့ …
“မြန်မာနိုင်ငံမှာ ၁၉၄၈ ကနေပြီတော့ ၁၉၆၂ အထိ သမ္မတ ၃ ဦး ပေါ်ထွန်း ခဲ့ပါတယ်။ ဒီ ၃ ဦးစလုံးဟာ တကယ်တော့ အဆောင်အယောင်မျှသာ ဖြစ်တဲ့ သမ္မတတွေဖြစ်ပါတယ်။ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာကျတော့ သမ္မတ စနစ်ကို ပြောင်းသွားတယ်။ သမ္မတကို လွှတ်တော်တရပ်ထဲရှိတဲ့အတွက် ပြည်သူ့လွှတ်တော်က မဲအများစုနဲ့ ရွေးကောက်တင်မြှောက်တယ်”
၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်းထဲမှာရော အနာဂတ်နိုင်ငံတော်ရဲ့သမ္မတကို ဘယ်လို ရွေးချယ် တင်မြှောက်မလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ သမ္မတ ဖြစ်လာနိုင်မလဲ၊ သမ္မတ တာဝန်တွေဆောင်ရွက်ရာမှာ အလွဲအမှား အလွန်အကျူးတွေ မဖြစ်အောင် တခြားမဏ္ဍိုင်တွေကနေ သမ္မတကို ဘယ်လို ထိန်းကျောင်းထားပါသလဲ စတာတွေကို တင်ပြသွားမှာဖြစ်ပါတယ်ရှင်။
ပထမဆုံး သမ္မတ ရွေးချယ်မယ့်အကြောင်းကြည့်မယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်း ပုဒ်မ ၆၀ မှာ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့နဲ့ ရွေးချယ်တင်မြှောက်မယ်လို့ ပြောထားပါတယ်။ သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဆိုတာ ဘယ်သူတွေပါလဲ။ ဦးသိန်းကြည်က …
“အဖွဲ့ဆိုတာလည်း တခြားတော့ မဟုတ်ပါဘူး၊ ပြည်သူ့လွှတ်တော်မှာ အရပ်ဘက်က ၃၃၀၊ ပြည်သူတွေကလည်း ဒါရိုက် ရွေးပေးမယ်၊ အမျိုးသားလွှတ်တော်မှာ ၁၆၀ ရွေးပေးမယ်။ အဲတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနေ ရွေးလိုက်တဲ့အခါမှာ ၁၆၆ ဦး ရှိမယ်ပေါ့နော်၊ အဲဒီ ၁၆၆ ဦးက ဒု သမ္မတ တဦး၊ အမျိုးသားလွှတ်တော်ကနေ ဒု သမ္မတ တဦးပေါ့၊
နောက်ပြီးတော့ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ တဦးပေါ့၊ အဲဒီ ၃ ဦးကို ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ သမ္မတ တဦး ရွေးမယ်ပေါ့၊ အရပ်ဘက်ကလည်း ရရင် ရမယ်၊ တပ်ဘက်ကလည်း ရရင်ရမယ်။ ဒါကတော့ ပြောလို့မရဘူး။ အဲတော့ ဘယ်သူရရပေါ့လေ၊ ကျန်တဲ့ ၂ ဦးကတော့ ဒု သမ္မတ ၂ ဦး ဖြစ်မယ်လေ၊ ပြန်ကြည့်မယ်ဆိုရင် တိုက်ရိုက်မဟုတ်သော်လည်း ပြည်သူ့လွှတ်တော်ကတဆင့် ကိုယ်စားလှယ်တွေ ကနေပြီးတော့ သမ္မတကို ရွေးချယ်မှာ ဖြစ်ပါတယ်။ လွှတ်တော် ၂ ရပ် ပေါင်းလိုက်တဲ့ ပြည်ထောင်စု လွှတ်တော်ဟာ အများဆန္ဒကိုအခြေပြုပြီး ရွေးတဲ့အတွက်ကြောင့်မို့လို့ ဒီဟာ ဒီမိုကရေစီ နည်းကျတယ်လို့ ကျနော့်အနေနဲ့ လက်ခံပါတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အထူးပြောခွင့်ရ ပုဂ္ဂိုလ် ဦးသိန်းညွန့်က ဒီလို အဖွဲ့ ၃ ဖွဲ့နဲ့ ရွေးချယ်တင်မြှောက်တာဟာ ဒီမိုကရေစီနည်းမကျဘူးလို့ ပြောပါတယ်။
“ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော်သားများဆိုတဲ့ အစုအဖွဲ့အစား တိုင်းနဲ့ပြည်နယ်ပေါ့ဗျာ၊ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က တင်တာမျိုး ကျနော်တို့ လိုချင်တယ်။ အဲဒီအစုအဖွဲ့က တင်လိုက်တယ် ဆိုရင် ဒီ သမ္မတ က လူထုအားလုံးတင်လိုက်တဲ့ လူထုကိုယ်စားလှယ်တွေတင်တဲ့ သမ္မတဖြစ်မှာပေါ့။ အခုဟာကတော့ ၂ စုက လူထု ကိုယ်စားလှယ်၊ တစုက ခန့်အပ်ခံရတဲ့ သမ္မတ၊ အဲဒီကတည်းက စစ်မှန်တဲ့ ဒီမိုကရေစီစနစ် လူထုဆန္ဒကို ကိုယ်စားမပြုနိုင် ဘူးလို့ ကျနော်တို့က အဲဒီကတည်းက တင်ပြခဲ့တာရှိပါတယ်”
ဒုတိယ သမ္မတတွေထဲကနေ သမ္မတ တဦးကို ပြည်ထောင်စုလွှတ်တော်က ဘယ်လိုရွေးချယ်မယ်ဆိုတာတော့ သိခဲ့ရပါပြီ။ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို ရွေးချယ်နိုင်ပါသလဲဆိုတာ ဆက်လက်လေ့လာကြည့်ကြရအောင်ပါရှင်။
သမ္မတ အထိဖြစ်လာနိုင်တဲ့ ဒုတိယ သမ္မတတွေကို ရွေးချယ်ရာမှာ ပုဒ်မ ၆၀ ပုဒ်မခွဲ (ဂ) မှာ လွှတ်တော် ကိုယ်စားလှယ်ထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူကို ဖြစ်စေ ရွေးချယ်နိုင်တယ်လို့ ဆိုထားပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကတော့ ဒီအချက်ဟာ ဒီမိုကရေစီနည်းမကျဘူးလို့ ပြောပါတယ်။
“တကမ္ဘာလုံးမှာ ကြိုက်တဲ့နိုင်ငံကို ကြည့်ပါ၊ Presidential System နဲ့ ကျင့်သုံးတဲ့ သမ္မတဦးဆောင်တဲ့စနစ်ကို လူထုကနေပြီးတော့ သူ့ရဲ့ အသဲကြားက မဲတပြားနဲ့ ဘယ်သူ သမ္မတ၊ ငဖြူ ငနီ ငကြောင် ငကျား ဆိုတာကို သိပြီးတော့မှ သူ့ဟာသူ ရွေးချယ်ပြီးတော့ မဲပေးရတဲ့စနစ်ကို ကျင့်သုံးရတာဖြစ်တယ်။
သမ္မတ စနစ်ကိုကျင့်သုံးတယ်ဆိုရင်တော့ ဒီလို လူထုကိုယ်တိုင်က သမ္မတကို သိပြီး ရွေးချယ်ခွင့်ရှိတော့မှ ဒါဟာ လူထုက ရွေးချယ်တယ်လို့ ကျနော်တို့က အတိအလင်း ပြောချင်တယ်။ အခုတော့ အဲလိုမဟုတ်ဘဲနဲ့ လူထုနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ လူထုက ရွေးချယ်တင်မြှောက်ခွင့်လည်း မရှိ၊ သိခွင့်လည်း မရှိ၊ လူထုနဲ့ လုံးဝ အဆက်အသွယ်ပြတ်တဲ့ သမ္မတ ပဲလို့ ကျနော်က ပြောချင်တယ်”
ဦးသိန်းကြည်ကတော့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားတွေရွေးမယ့် ဒုတိယ သမ္မတတွေဟာ လွှတ်တော်ထဲကပဲ ဖြစ်နိုင်ချေရှိပြီး တပ်မတော်သား ကိုယ်စားလှယ်က ရွေးမယ့်ပုဂ္ဂိုလ်ကသာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူဖြစ်နိုင်တဲ့အကြောင်း သူ့အယူအဆကို အခုလိုပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူဆိုတာကိုတော့ တပ်မတော်ဘက်က ကာကွယ်ရေးဦးစီးချုပ်က တင်ပြတယ်၊ တပ်မတော် ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ပေါ့နော်၊ သူတို့ကို ရွေးရမှာဖြစ်မယ်၊ သူတို့က ဒီတပ်မတော် အရာရှိတွေက ပြည်သူ့လွှတ်တော်မှာကော အမျိုးသားလွှတ်တော်မှာကော ပါလာတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အကယ်၍ သူတို့ထဲကို ရွေးမယ်ဆိုလို့ရှိရင်လည်း သူတို့က သမ္မတ ဖြစ်ခွင့်ရှိတယ်။ (တပ်မတော်အရာရှိတွေက။)
အဲဒီလိုဖြစ်လာလို့ရှိရင်လည်း တပ်မတော်ကနေ အငြိမ်းစားယူပြီးသားဖြစ်တယ် လို့လည်း သတ်မှတ်ထားပါတယ်၊ ဒါပေမယ့် အပြင်က တယောက်ကိုခေါ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူကို ထည့်ပေးဖို့ကတော့ မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆတယ်လေ”
တပ်မတော်သားဖြစ်စေ၊ အရပ်ဘက်က ဖြစ်စေ၊ ဒီအထဲမှာမှ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဖြစ်စေ၊ ရွေးကောက်ခံ ပုဂ္ဂိုလ်မဟုတ်သူ ဖြစ်စေ သမ္မတဖြစ်လာနိုင်တဲ့ အခွင့်အလမ်းရှိနေတာတော့ သိခဲ့ရပါပြီ။ ဒါပေမယ့် သမ္မတဖြစ်နိုင်တဲ့ အရည်အချင်း ကန့်သတ်ချက်တွေကြောင့် မမျှတတဲ့ ပိတ်ပင်မှုတွေ ရှိနေတယ်လို့ ဦးသိန်းညွန့်က ထောက်ပြပါတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment