စာပေစိစစ်ရေးက ပယ်ချ ဖယ်ထုတ်ခံရတဲ့ တခြား ဝတ္ထုတို့တွေ ရှိ မရှိ၊ အခု ပုံနှိပ်ဖော်ပြထားတဲ့ ဝတ္ထုတိုတွေထဲကလည်း မူလ မဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြခဲ့စဉ်က ဖြတ်တောက် ပယ်ဖျက်ခံခဲ့ရတာတွေ ရှိ မရှိတော့ မသိလဘူးပေါ့နော်။ ဒါပေမယ့် အခုစာအုပ်ထဲက ဝတ္ထုတိုကလေးတွေ ၂၉ ပုဒ်ကို ဖတ်ရရုံမျှနဲ့ပဲ … ကျုပ်ကတော့ အား ပြန်ရှိလာပါတယ်။
စာအုပ်ရဲ့အဖုံးနောက် ဒုတိယစာမျက်နှာမှာ ကမ္ဘာ့စာအုပ်အစဉ်အလာမှာ မရှိတဲ့ ကျက်သရေယုတ်တဲ့၊ မဖော်ပြမနေရတဲ့ စာတွေကလွဲပြီး ကျန်အားလုံးကို ကြိုက်ပါတယ်။ လက်ပန်းပေါင်းခတ်ပြီးတော့လည်း ကြိုဆိုလိုက်ပါတယ်။
ဘယ့်နှယ် … ကျုပ် ပြည်ပကို ရောက်တယ်ဆိုရင်ပဲ သတင်းတွေက ကြားရပြီ။ စစ်အစိုးရနဲ့ သူ့မယားပါသား ကလောင်တွေက လွှင့်ထုတ်ထားတဲ့ သတင်းတွေနေမှာပေါ့။ ဗမာစာပေ၊ ဗမာဝတ္ထုတို၊ ဝတ္ထုရှည်တွေ ရေစီးကြောင်း ပြောင်းလဲသွားပြီတဲ့။ ဘဝသရုပ်ဖော်ဆိုတဲ့ သရုပ်မှန်စာပေခေတ် မရှိတော့ဘူး တဲ့။ အနုပညာသည် အနုပညာအတွက်၊ စာရေးတယ်ဆိုတာ ရေးချင်လို့ရေးတာ … ဘယ်သူ့အတွက်မှလည်း မဟုတ်ဘူး … ဘယ်အယူအဆကိုမှလည်း ကိုယ်စားမပြုဘူး … ဆိုတဲ့ မော်ဒန်တွေ ပို့စ်မော်ဒန်တွေပဲ စာဖတ်ပြည်သူတွေက ကြိုက်လာကြတော့သတဲ့ လေ …။
ဒါတွေနဲ့ပတ်သက်လို့ သည်ဝါဒဖြန့်သတင်းတွေ မမှန်ကန်ဘူးဆိုတာ ဘီဘီစီက ကိုကျော်ဇံသာမေးတဲ့ အင်တာဗျူးမှာ ကျုပ် ဖြေခဲ့ဖူးပါတယ်။ သတ္တိရှိရင် ဘဝသရုပ်ဖော် သရုပ်မှန်စာပေတွေကို မဖိနှိပ် မချုပ်ချယ်ဘဲ ခွင့်ပြုကြည့်ပါ။ သူတို့ပြောတဲ့ စာပေမျိုးနဲ့ ယှဉ်ပြိုင်ရေးသားပုံနှိပ်ဖော်ပြခွင့် ပြုကြည့်ပါ။ ကျုပ်တို့ သရုပ်မှန်စာပေ ဘက်က မသာဘူး၊ စာဖတ်ပရိသတ် ပြည်သူက ကျုပ်တို့ဘက်မှာ မရှိတော့ဘူးဆိုရင် … ကျုပ် ရေးခဲ့သမျှတွေကို အကုန် မီးရှို့ဖျက်ဆီးပစ်ပြီး၊ ကျုပ်လည်း နောက်ထပ် စာ လုံးဝ မရေးတော့ဘူးလို့ ချဲလင့်လုပ်ခဲ့ပါတယ်။
ဒါပေမယ့် ခုတော့ ဘာပြောစရာ လိုပါတော့သလဲ။ ဝတ္ထုတို အသားပေး ပုံနှိပ်ဖော်ပြနေတဲ့ ရွှေအမြုတေ၊ မဟေသီ၊ ပေဖူးလွှာ၊ ပန်းအလင်္ကာ၊ ကလျာ၊ တေးကဗျာ … အစရှိတဲ့ မဂ္ဂဇင်းကြီးတွေကိုကြည့်။ ဘယ်မှာ သရုပ်မှန်စာပေ မှေးမှိန်တိမ်ကော သွားလို့တုန်း။ သည်လို သရုပ်မှန်စာပေတွေချည့် ရွေးချယ်စုစည်းထုတ်တဲ့ ဝတ္ထုတိုပေါင်းချုပ် စာအုပ်မျိုး ဈေးကွက်တင်နိုင်တာကို ထောက်ကြည့်ရင်ပဲ … သရုပ်မှန်ကြိုက် အမှန်တရားကြိုက် စာဖတ်ပရိသတ် အင်အားကောင်းတယ်ဆိုတာ သိသာပါတယ်။
သည်လို အင်အားကောင်းလာအောင် ဘယ်သူတွေက ဝိုင်းဝန်းအားပေးချီးမြှင့်မြှောက်စားနေကြသလဲ။ အဲသည် “မိုးမာန်စိတ်ကြိုက် ဝတ္ထုတိုများ” စာအုပ်ထဲမှာပဲ တွေ့ရပါတယ်။ ဘယ့်နှယ် ဗမာပြည်မှာ ကျုပ်တို့ရှိနေစဉ်တုန်းကလိုမှ မဟုတ်ဘဲ။ ကျုပ်တို့ခေတ်တုန်းက အစိုးရကပေးတဲ့ အမျိုးသားစာပေဆုရယ်၊ စာပေဗိမာန်ဆုရယ်၊ ရှုမဝ (၁၀၀၀) ဆုရယ်၊ … ရင်ခုန်ပွင့် ဆုရယ်။ သာရ မဂ္ဂဇင်းရဲ့ စာတည်းကြိုက်ဆုနဲ့ ပရိတ်သတ်ကြိုက်ဆုရယ်နဲ့ နောက် မီးရထားဝန်ကြီးဌာနက ပေးတဲ့ စာပေဆုရယ်လောက် ရှိတာပဲ။
ဒါတောင် တချို့စာပေဆုတွေက အသက်မရှည်နိုင်ကြပါဘူး။ ဆိုလိုတာက ဗမာ ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို စင်တင်မြှောက်စားအားပေးကြတာ နည်းတယ်။ ဟော … အခုတော့ … Mandalay reader ဆု တဲ့၊ အမျိုးသားစာပေဆု တဲ့၊ စာပေဗိမာန်ဆုတဲ့၊ ရွှေအမြူတေစာပေဆု တဲ့၊ သုတစွယ်စုံဆု တဲ့၊ မင်းသစ်စာပေဆု တဲ့၊ ဖြူးမိတ်ဆွေများ စာပေဆုတဲ့၊ ကျပ်ပြင်မြို့မ သဟာယစာကြည့်တိုက်ဆုတဲ့၊ မြဝတီမဂ္ဂဇင်းပြိုင်ပွဲ ဆုတဲ့၊ ရေနည်းငါးလေးများ ရွှေဆုတဲ့၊ ရင်ခုန်ပွင့် စာပေဆုတဲ့၊ ထန်းရိပ်ညိုစာပေဆုတဲ့၊ မြန်မာ့မီးရထား စာပေဆုတဲ့၊ မြတ်မိခင် စာပေဆုတဲ့၊ ပရိတ်သတ်အကြိုက်ဆုံး ရွှေအသစ်ဆုတဲ့၊ မိုးမိုးအင်းလျား စာပေဆုတဲ့၊ ဥက္ကာကျော် ဝတ္ထုတို စာပေဆု၊ မျိုးဆက်သစ် စာပေဆု တဲ့၊ ငွေတာရီဝတ္ထုတိုဆုတဲ့၊ ထွန်းဖောင်ဒေးရှင်း စာပေဆုတဲ့၊ ဆရာဝန်တင်ရွှေ စာပေဆုတဲ့။ … ကဲ နည်းရော့လား။
သည်အထဲမှာ တချို့တလေက သမိုင်းဘာသာရပ်နဲ့ ပတ်သက်ကောင်း ပတ်သက်မယ်၊ တအုပ်တလေက အတ္ထုပ္ပတ္တိစာပေ ဆန်ကောင်းဆန်မယ်ပေါ့နော်၊ ဒါပေမယ့် အများစုကြီးကတော့ ဝတ္ထုတိုတွေချည့်ပါပဲ။ ပြီးတော့ ဘဝသရုပ်ဖော် သရုပ်မှန်တွေချည့်ပါပဲ။
နိဂုံးအနေနဲ့ ကျုပ်ပြောချင်တာကတော့ ‘စာပေဆိုတာ ခေတ်ရဲ့ကြေးမုံ’ ဆိုတာပါပဲ။ မျက်မှောက်ခေတ် စာရေးဆရာ ဖြတ်သန်းတွေ့ကြုံနေရတဲ့ကာလက … လူတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘဝတွေကို အမှန်အတိုင်း အနုပညာမြောက်စွာ ထင်ဟပ်ဖော်ပြတာဟာ တာဝန်ကျေတဲ့ စာပေပါပဲ။
သရုပ်မှန်စာပေ ဖွံ့ဖြိုးတိုးတက်ပါစေသတည်း။
မောင်သာရ
သရုပ်ဖော် - အောင်ထက်
No comments:
Post a Comment