နောက်တခု ကျနော်ပြောချင်တာက သမ္မတ အရည်အချင်းကို သတ်မှတ်တဲ့အခါမှာ ဒီ သမ္မတ က မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိဘ တပါးပါးက သော်လည်းကောင်း၊ မိမိဇနီး သို့မဟုတ် ခင်ပွန်းကသော်လည်းကောင်း၊ မိမိရဲ့တရားဝင် သားသမီးတဦးကသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးရဲ့ ဇနီး (သို့မဟုတ်) ခင်ပွန်းဟာ နိုင်ငံခြား အစိုးရရဲ့ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံဖြစ်သူ၊ တိုင်းတပါး နိုင်ငံသား မဖြစ်စေရ၊ ထိုသူရဲ့ လက်အောက်ခံ ဖြစ်ရင်၊ တိုင်းတပါးနိုင်ငံသားရဲ့ အခွင့်အရေးကို ခံစားခွင့်ရှိရင် အဲဒီပုဂ္ဂိုလ်တွေဟာ ရွေးကောက်တင်မြှောက် ခံခွင့်မရှိဘူးလို့ သတ်မှတ်ထားတာကိုး။
အဲဒါတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ပေါ့ဗျာ၊ ကျနော်တို့နိုင်ငံ လွတ်လပ်ရေးရခါစ ကိုလိုနီစနစ်က ရုန်းထွက်နေတဲ့အချိန်မှာ သူ့ခေတ် သူ့အခါအရ သဘာဝကျပါ တယ်။ အဲဒီလိုအချက်မျိုးနဲ့ သမ္မတ ရွေးချယ်ခွင့်ကို ကန့်သတ်ထားတာ ဘာကြောင့်လဲ။ ဒါက အားလုံးသိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးမှာ ဦးမဆောင်နိုင်အောင် ကြံရွယ်ချက်နဲ့လုပ်တာပါ”
ဦးသိန်းကြည်ကတော့ သမ္မတ အရည်အချင်းပြည့်စုံသူဖြစ်ရင် ဘယ်သူ့ကိုမဆို ခွဲခြားမှုမရှိဘူးလို့ ငြင်းချက်ထုတ်ပါတယ်။
ဒါတွေကတော့ ဘယ်လိုပုဂ္ဂိုလ်မျိုးကို သမ္မတရွေးမလဲဆိုတဲ့အထဲက အရေးကြီးတဲ့အချက်တွေပါ။ တခါ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ အပြန်အလှန် ထိန်းကျောင်းပုံတွေထဲက အဓိကကျတာတွေကို လေ့လာကြည့်ကြရအောင်ပါ။
၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်း ပြဋ္ဌာန်းချက်တွေမှာ သမ္မတ ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး အဖွဲ့ဝင်တွေနဲ့တကွ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ် စတဲ့ တခြားမဏ္ဍိုင်အကြီးအကဲတွေအပြင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ဆေး ဖြုတ်ချနိုင်တဲ့အာဏာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုပါ ရွေးချယ်ခန့်အပ်ပိုင်ခွင့်တွေ ရှိနေပါတယ်။ ဦးသိန်းကြည်က ဒီအခွင့်အာဏာတွေဟာ အလွန်အကျူး မဖြစ်ပါဘူးလို့ ဆိုပါတယ်။
“သူ တင်ပြမယ့်သူအားလုံးဟာ ပြည်ထောင်စုလွှတ်တော်က သဘောမတူလို့ရှိရင် ဖြစ်ကိုမဖြစ်ဘူး။ တရားစီရင်ရေးကော၊ အုပ်ချုပ်ရေးကော ဥပဒေအရ အားလုံးကလှမ်းပြီးတော့ ထိန်းထားတာ။ ဘယ်နေရာကထိန်းလဲဆိုတော့ ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ အကုန်လုံးပဲ လှမ်းပြီးတော့ ထိန်းထားတာပဲ”
ဦးသိန်းကြည်က ဒီလိုပြောပေမယ့် သမ္မတရဲ့ဆောင်ရွက်ချက်တွေကို ပြည်ထောင်စုလွှတ်တော်က ကြီးကြပ်နိုင်စွမ်းမရှိဘူး လို့ ဦးအောင်ထူးက ထောက်ပြပါတယ်။
“လွှတ်တော်ကနေပြီးတော့ သမ္မတရဲ့လုပ်ဆောင်ပိုင်ခွင့်တွေအပေါ်မှာ ကြီးကြပ်ပိုင်ခွင့်အာဏာ ဘာတခုမှ ရှိမနေဘူး။ နောက် အဆိုးဆုံးအချက်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရှိနေတယ်။ အဲဒီကောင်စီမှာ အဓိက ပါနေတာက သမ္မတလည်း ပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ဗိုလ်ချုပ် တော်တော်များများလည်း ပါနေကြတယ်။ အဲတော့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အာဏာ ၃ ရပ်ကိုကျင့်သုံးမယ့် အာဏာသိမ်းစစ်ကောင်စီ သဘောဆောင်တယ်။ သမ္မတက အဲဒီကောင်စီရဲ့ အစိတ်အပိုင်း တရပ်ဖြစ်ပြီးတော့ အဲ့ဒီကောင်စီကတဆင့် အာဏာကို ဆက်ခံပြီးတော့ ကျင့်သုံးတဲ့သဘော ဖြစ်သွားတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထူးပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းညွန့်ကတော့ သူတို့စိုးရိမ်တာက ပါတီတခုအနေနဲ့ လွှတ်တော် နေရာအတော်များများ အနိုင်ရရင်တောင်မှ အဲဒီပါတီရဲ့အခန်းကဏ္ဍ မှေးမှိန်သွားနိုင်တဲ့ပုံစံ ဖြစ်နေတယ်လို့ ပြောပါတယ်။
“ပါတီက ရွေးချယ်လိုက်တဲ့ သမ္မတ (သို့မဟုတ်) ဒုသမ္မတ (သို့မဟုတ်) ဝန်ကြီး၊ ဒုဝန်ကြီးအားလုံးက အရွေးခံရပြီးတာနဲ့ တပြိုင်တည်း နိုင်ငံရေးပါတီက နှုတ်ထွက်ပေးရမှာ၊ အဲတော့ ပါတီရဲ့လိုင်းကိုကိုယ်စားပြုပြီး ပြောပိုင်ခွင့်ရှိဖို့ဆိုရင် အမြင့်မားဆုံးရာထူးတွေကို လွှတ်တော်မှာ လက်ခံတာနဲ့ နိဂုံးချုပ်သွားပြီ။
လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင်လည်း လွှတ်တော်က နှုတ်ထွက်ရတော့မယ်၊ အဲတော့ ပါတီခေါင်းဆောင်တွေက လွှတ်တော်မှာ နေရာတော့ ရမယ်၊ ပါတီရဲ့လမ်းစဉ်ကိုဖော်နိုင်တဲ့ နိုင်ငံခေါင်းဆောင်ဖြစ်ကြမှာ မဟုတ်ပါဘူး။ အနာဂတ်ပါတီရဲ့လမ်းစဉ်ကိုပဲဖြစ်ဖြစ် အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အလမ်း အားလုံးနိဂုံးချုပ်ပြီးတော့ အပြီးသတ်ပိတ်ပင်ထားတဲ့ အခြေခံဥပဒေ မူကြမ်းပါ”
၂၀၀၈ အခြေခံဥပဒေမူကြမ်းအရ ပါတီတွေအနေနဲ့ လုပ်စရာတွေရှိသေးတဲ့ အကြောင်း၊ ဒါပေမယ့် အတိုက်အခံဆိုတာကတော့ မရှိနိုင်တဲ့အကြောင်း ဦးသိန်းကြည်က ဆိုပါတယ်။
“ပါတီတွေရဲ့အခန်းကဏ္ဍက မှေးမှိန်မသွားပါဘူး၊ ပိုပြီးတော့ ရှေ့ကို ရောက်လာကြမှာပဲ။ ပထမဦးဆုံး ကာလမှာတော့ အလေ့အကျင့်နည်းသေးတဲ့ ကာလမှာတော့ ရှိကောင်းရှိမှာပေါ့နော်၊ ဆိုတော့ အတိုက်အခံ အနေနဲ့ကတော့ သီးသီးခြားခြား မရှိဘူးလို့တော့ ကျနော့်အနေနဲ့ မြင်တယ်။ လွှတ်တော်ထဲ ရောက်သွားပြီဆိုလို့ရှိရင် အားလုံး လွှတ်တော်ကိုယ်စားလှယ်တွေချည်းပဲ။ ဟိုက အတိုက်အခံပါတီ၊ ဒီကတော့ အစိုးရဆိုတာမျိုး မရှိဘူးလို့ ကျနော်တော့ ထင်တယ်လေ။
သမ္မတကို ရွေးချယ်ပြီးရင် သူ့အဖွဲ့နဲ့သူ အုပ်ချုပ်မယ်၊ ဒီထဲမှာပါတီက လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါချင်ပါမယ်၊ ပါချင်မှလည်း ပါမယ်။ ဒါပေမယ့် ထိန်းဖို့ သိမ်းဖို့ကိစ္စရပ်မှာတော့ ပါတီတွေရဲ့ Member တွေရော၊ ပါတီဝင်တွေကရော၊ ထုကရော အကုန်လုံးကတော့ ထိန်းဖို့ သိမ်းဖို့ထဲမှာ ရှိနေမှာ၊ ဒါကြောင့် ဒီမိုကရေစီ အပြည့်အဝရှိတယ်လို့ ကျနော်က ယုံကြည်ပါတယ်”
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment