Sunday, June 6, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၀)

အလွန်သည်းသောမိုး

တညလုံး မိုးဖွဲဖွဲရွာလိုက် တခါတခါ သည်းလာလိုက်နှင့် မိုးဒဏ်၊ အအေးဒဏ် အတော်ခံလာရသည်။ မိုးကိုကာကွယ်နိုင်ရန် မိုးကာ မရှိပါ။ ကျွန်းမှာတုန်းက လက်ဘက်ခြောက်ထည့်သော အိတ်ကြီးထဲမှ ပလတ်စတစ်အိတ်ကြီးတလုံး ရှိပါသည်။ ဤမိုးဒဏ်ကို လှေပေါ်တွင် အငယ်ဆုံးဖြစ်သည့် ကျနော်က အခံရဆုံး ဖြစ်သည်။ ကျွန်းပေါ်တွင် လှေစပ်နေသည့်တချိန်လုံး အနေမမှန်၊ အစားမမှန် ဖြစ်ခဲ့ရသည်။ တခါတလေ ထမင်းတခဲနှင့် တနေ့စာ ပြီးခဲ့ရသည်။ တခါတလေ ဆန်ပြုတ်နှင့် ပြီးခဲ့ရသည်။

မိုးမလင်းခင် စခန်းထဲက ခိုးထွက်၊ ဂျယ်ရီကျွန်းကလေးကို အရောက်သွား၊ လူသွားလူစောင့်ကြည့်၊ တခါတရံလည်း ပစ္စည်းပို့ပြီး ကျွန်းမကြီးဘက်သို့ ပြန်မကူးဖြစ်၊ မနက်မိုးလင်းတော့ ကင်းဆက်စောင့်၊ ဤသို့ဖြင့် အနေအစား မမှန်ခဲ့ပါ။

မိုးက စဲသွားသည်မရှိ၊ သည်းသည်သာရှိသည်။ ကျနော် လိပ်သားခြောက်စားလို့ မရပါ၊ ပြန်ပြန်အန်သည်။ ကန်စွန်းဥနှင့် သခွားသီးလည်း စားမရပါ၊ တော်ပါသေးသည်။ ဤလိုဘဝ၊ ဤလိုအခြေအနေ၊ ဤသို့ ပင်လယ်ထဲတွင် မတွေ့မမြင်ရနိုင်၊ စိတ်မကူးနိုင်သော ဘီစကစ်ကို ဆရာဦးအောင်ငွေက ကျနော့်ကို ထုတ်ကျွေးပါသည်။ ရက် ၄၀ အစာငတ်ခံတိုက်ပွဲတွင် ကျန်းမာရေးချို့တဲ့ပြီး ချိသွားသည့်ရဲဘော်များထဲတွင် ဆရာဦးအောင်ငွေ တယောက်လည်း ပါခဲ့သည်။

သည့်အတွက်ကြောင့် သူ့ကို လူနာအဖြစ် ဘီစကစ်ပေးခဲ့သည်။ လူနာစာအတွက် ဝေစုရသောဘီစကစ်ကို သူ မစားရက်ပါ။ အမဲသားစည်သွပ်ဗူး အခွံလွတ်တွင် ထည့်ပြီး အလုံပိတ်ထားသည်။ ဘီစကစ်ကို နည်းနည်းစား၊ သကြားဖျော်ရည် သောက်။ မိုးသည် နေ့ရောညပါ ဆက်ရွာသည်။ ၃ ယောက်စလုံး လက်ဖျားခြေဖျား ပဲကြီးရေခွံတွန့်ပြီး ဖြူဖတ်ဖြူရော် ဖြစ်နေသည်။ မိုးကသာ ရွာသည်။ လေကတော့ ငွေ့ငွေ့လေးသာ တိုက်သည်။ ရွက်လွှင့်နိုင်လောက်သည့် လေအားမရပါ။ လှေမှာ ပင်လယ်ထဲတွင် မျှောနေသည်။

နေ့ရောညပါ မိုးဆက်တိုက်ရွာသော ၅ ရက်မြောက်လို့ ထင်ပါသည်။ မနက် ၉ နာရီလောက်ရှိမည်။ မိုးဖွဲဖွဲရွာနေသည်။ လေမတိုက်ဘဲ ရာသီဥတု အုံ့မှိုင်းနေသည်။ လေမတိုက်ဘဲရှိလျက် လှိုင်းများထနေသည်။ လှိုင်းသည်လည်း ပုံမှန်ကြုံတွေ့နေကြ အနောက်တောင်လေကြောင့် ဖြစ်ပေါ်လာသော လှိုင်းမဟုတ်ဘဲ အရပ် ၄ မျက်နှာမှ ဖြစ်ပေါ်ရိုက်ခတ်နေသော လှိုင်းဖြစ်သည်။ ပင်လယ်ရေပြင်ကို ကြည့်လိုက်လျှင်လည်း ရေစီးကြောင်းနှင့် ဝဲသဏ္ဍာန်ဖြစ်နေပြီး ရေပြင်အနေအထား မမှန်ပါ။

ဤထူးဆန်းသော လှိုင်းနှင့်ရေပြင်အနေအထားကို ကျနော်တို့ ၃ ယောက် အံ့သြမိသည်။ အနည်းငယ်လည်း စိုးရိမ်စိတ်ဖြစ်မိသည်။ ကျနော်တို့ ၃ ယောက် မှတ်ချက်ချမိသည်မှာ ပင်လယ်ရေစီးကြောင်း ၂ ခု တွေ့ဆုံပြီး ရေစီးကြောင်းချင်း အားပြိုင်နေသည်ဟု ထင်မိသည်။ ထားဝယ်စူးစူး အရှေ့ဘက်သို့ဆွဲသော ရေစီးကြောင်းနှင့် စင်္ကာပူဘက်သို့ဆွဲသော အရှေ့တောင် ရေစီးကြောင်း ၂ ခုတို့၏ အားပြိုင်မှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းများဟု ထင်မှတ်ရသည်။

အရပ် ၄ မျက်နှာမှ တိုက်ခတ်သောလှိုင်းများကို လှိုင်းရူးများဟု အမည်ပေးလိုက်ကြသည်။ ဖထီးမန်းက ဤလှိုင်းရူးများ တိုက်ခက်နေခြင်းသည် အန္တရာယ်များသည်ဟု ပြောသည်။ အပြောကျယ်လှသော ဤကမ္ဘာပေါ်ရှိ မဟာသမုဒ္ဒရာကြီးများသည် လူသားတို့ မသိရှိ နားလည်နိုင်ခြင်းမရှိသော လျှို့ဝှက်ဆန်းကြယ်သည့် အရာကိစ္စတို့သည် မြောက်များလှစွာပင်ရှိနေသည်ဟု လေ့လာဖတ်ရှု သိခဲ့ရသည်။

၆ ရက်မြောက်နေ့တွင် မိုးက စဲသွားပါပြီ။ နေလည်းထွက်လာပြီ။ နေအလင်းရောင်လည်း ရလာပါပြီ။ အပူငွေ့ကိုလည်း ရလာပါပြီ။ ကျနော်တို့ ၃ ယောက် အတော်ပျော်သွားပါသည်။ မနက် ၄ နာရီထိုးလောက်မှာ လေကလေးတချက်တိုက်သည်။ မနက် ၆ နာရီကျော်လောက်တွင် လေက တိတ်သွားသွားသည်။ ရွက်များက အိပြီး လုံးဝ မလှုပ်ပါ။ ရွက်ချလိုက်ရပါသည်။

ဒီမနက် အဟာရဖြစ်အောင် အစားအစာကို နည်းနည်းစီမံသည်။ ကျနော်တို့တွင် မီးဖိုပါသည်။ မီးသွေးပါသည်။ လိုအပ်လျှင် ချက်ပြုတ်စားဖို့ဖြစ်သည်။ ဒါပေမယ့် ချက်ပြုတ်စားတာကို အဓိကမထားပါ။ ရိက္ခာခြောက်သာ အဓိကထားပါသည်။ ချက်ပြုတ်လျှင် မီးခိုးထွက်မယ်၊ မီးခိုးကို မိုင်ပေါင်းများစွာက လှမ်းမြင်ရမယ်။ ပင်လယ်ထဲက မျက်စေ့တဆုံးအမြင်ဟာ မိုင် အစိတ်လောက် မြင်ရတယ်လို့ လေ့လာသိရှိထားရတယ်။

မီးမွေးပြီး အိုးလွတ်တွင် ရေချိုပုံးထဲမှ ရေကို လိုသလောက် ထည့်၍ တည်လိုက်သည်။ ရေနွေးဆူလာတော့ လေထီးဗိုလ်အုန်းမောင်တို့ပေးလိုက်သော ခေါက်ဆွဲခြောက်တစီးကို ချိုးဖဲ့ ထည့်လိုက်သည်။ ပြီးတော့ အမဲသားဗူး တဗူးဖောက်ထည့်၊ ကန်စွန်းဥ သုံးလေးဥ ပါးပါး အကွင်းလိုက်လှီးပြီးထည့်၊ လိပ်သားကျပ်တိုက်ခြောက်ကို သုံးလေးတုံးလှီးပြီး ထည့်ပြုတ်၊ အားလုံးကျက်ပြီဆိုတော့ ခေါက်ဆွဲပြုတ်အိုးကိုချပြီး မီးကို ငြိမ်းလိုက်သည်။

မီးခိုးသည် ကျနော်တို့အတွက် မလိုလားအပ်ဆုံးသောအရာ၊ အန္တရာယ်ပေးမည့် အရာအဖြစ် မှတ်ယူထားသည့် အရာဖြစ်သည်။ မိုးကလည်း တိတ်သွားတဲ့ မနက်ခင်းရဲ့ နေသာသာ ကျနော်တို့ကလည်း မွတ်သိပ် တောင့်တနေကြတာဆိုတော့ အသားပြွမ်းသော ခေါက်ဆွဲပြုတ်ကလေးဟာ ကျနော်တို့ ၃ ယောက်သား စားလိုက်ကြတာ ဘယ်လောက်အရသာရှိသလဲဆိုတာ ရေးမပြတော့ပါဘူး။ ဝေမျှပြီးတော့သာ ခံစားကြည့်ပါတော့။

အရသာတခုပဲ လိုနေပါသည်။ ဆားပေါ့သည်။ ဆားရေပျော်နေသော ဧရာမ ရေပြင်အကျယ်ကြီးမှာ ဖြတ်သန်းနေတယ်ဆိုတော့ အပေါ့အငံကို ရေအောက်ကခံနေတဲ့ ဆားငန်ရေနဲ့ ကိုယ့်ဟာကိုယ် ကြိုက်သလောက် စီမံစားလိုက်တာပေါ့။

စားသောက်ပြီးတော့ ဆရာဦးအောင်ငွေက ဂျဲလ်မက် ၂ လုံး ကျနော်ကို ထုတ်ပေးပြီး စားခိုင်းသည်။ ဘီကွန်ပလက်ကိုလည်း တယောက် ၂ လုံး ကျွေးသည်။ အစာကြေပြီး နည်းနည်းအားရှိသွားအောင်တဲ့။ ကျနော်တို့မှာ လိုအပ်တဲ့အခြေခံဆေးတွေကို ဦးအောင်ငွေက ရှာတာလည်းရှိ၊ ကျနော် နည်းပေါင်းစုံနဲ့ ရှာတာလည်း ရှိ၊ ထိုက်သင့်သလောက် စုံပါသည်။

ဆက်လက်ဖော်ပြပါမည်။


No comments: