ဒီတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း အပိုင်း ၅ ပိုင်းခွဲ ထုတ်လွှင်ခဲ့တာကို ပြန်လည်ထုတ်လွှင့်ဖို့ အစီအစဉ်ရှိပြီးတော့ ဒီအပတ်မှာ အပိုင်း ၁ ကို ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ဦးကိုကိုအောင်က စီစဉ်ထုတ်လုပ်ပြီး ဒေါ်သီတာနွယ်က တင်ဆက်ထားပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဟာ ပြီးစီးပြီဖြစ်တဲ့အတွက် လာမယ့်မေလမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးမယ့်အပြင် ဖြစ်ပေါ်လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်မှာ ကျင်းပပေးခြင်းဖြင့် နိုင်ငံတော်အာဏာ လွှဲပြောင်းရေးကို ဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း ပြောကြားလိုတယ်”
၂၀၀၈ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တပ်မတော်နေ့မိန့်ခွန်းကို မြန်မာ့အသံဝန်ထမ်းတဦး ဖတ်ကြားသွားခဲ့တာပါ။
အခုဆိုရင် ၂၀၀၈ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲကို မေလ ၁၀ ရက်နေ့မှာကျင်းပဖို့ မြန်မာအစိုးရက ထုတ်ပြန် ကြေညာထားပါပြီ။ ၁၄ နှစ်ကြာအောင် ရေးဆွဲခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်လာတဲ့အခါမှာ ပြည်သူတွေရဲ့ လက်တွေ့ဘဝထဲ ဘယ်လောက် ကောင်းမွန်တိုးတက်လာမှာလဲ ဆိုတာကို မြန်မာပြည်သူတွေ မျှော်တလင့်လင့်နဲ့ စောင့်စားခဲ့ကြရတာပါ။
ဒီတော့ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစလို့ နှစ်ပေါင်း ၂၀ နီးပါး အတွင်း ပထမဆုံး ပေါ်ပေါက်လာမယ့် မြန်မာနိုင်ငံရဲ့ တတိယမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံသားများရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ဘယ်လောက် အာမခံချက်ပေးထားပါသလဲ။
NLD ပါတီ ပြောခွင့်ရသူ အပါအဝင် ဥပဒေရေးရာ ကျွမ်းကျင်သူများနဲ့ NLD ပါတီက ခွဲထွက်ပြီး အခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာ အမျိုးသားညီလာခံမှာ အစအဆုံး တက်ရောက်ခဲ့သူတဦးရဲ့ အမြင်တွေကို စုစည်းပြီး ဒီအစီအစဉ်မှာ တင်ပြသွားမှာပါ။
အရင်ဆုံး နိုင်ငံသားများရဲ့ အခြေခံရပိုင်ခွင့်တွေဟာ ဘာတွေလဲလို့ ကြည့်ကြရအောင်ပါ။ ကုလသမဂ္ဂရဲ့ ၁၉၄၈ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ ကြေညာ စာတမ်းပါ အချက်တချို့ကို အကျဉ်းချုပ်ပြီး ကောက်နုတ်တင်ပြရရင်တော့ …
“လူသားအားလုံးဟာ မွေးရာပါ လွတ်လပ်မှု၊ တန်းတူညီမျှမှုအခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံမှုကို ခံစားနိုင်ခွင့် ရှိရပါမယ်။ မည်သူတဦးတယောက်ကိုမျှ လူမဆန်တဲ့ ညှဉ်းပမ်းနှိပ်စက်မှု၊ လူ့ဂုဏ်သိက္ခာ ကျဆင်းစေလောက်တဲ့ အပြစ်ပေးမှုမျိုး မလုပ်ရပါ။ လူတိုင်းလူတိုင်းဟာ ဥပဒေရဲ့ရှေ့မှောက်မှာ တန်းတူညီမျှမှု ရှိရပါမယ်။ လူတိုင်းမှာ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ မိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းတဲ့နည်းနဲ့ လွတ်လပ်စွာ စုဝေးလှုပ်ရှားခွင့်၊ မိမိနိုင်ငံရဲ့ အစိုးရ အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့်၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေ ရှိရပါမယ်”
ဖွဲ့စည်းပုံအခြေခံဥပဒေတခုမှာ ရှိအပ်တဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေ ဟာလည်း လူ့အခွင့်အရေးနဲ့ ခွဲခြားလို့ မရနိုင်ဘဲ တိုက်ရိုက် ပတ်သက်နေပါတယ် လို့ မြန်မာပြည်တွင်းက HRDB လူ့အခွင့်အရေး မြှင့်တင်သူများအဖွဲ့ ခေါင်းဆောင် ဦးမြင့်အေးက အခုလို ပြောခဲ့ပါတယ်။
“လူ့အခွင့်အရေး အခြေခံအချက်အလက်တွေဆိုတာက အရွေးချယ်ပိုင်ခွင့်ကစလို့ Force Labor အဆုံးပေါ့ဗျာ၊ အကုန်လုံး လူ့အခွင့်အရေးနဲ့ အကျုံးဝင်တယ်၊ လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ မိမိဆန္ဒကို ထုတ်ဖော်ပြောဆိုပိုင်ခွင့် ဒါတွေက တကယ့်အဓိကကျတဲ့ အချက်အလက်တွေ ပေါ့ဗျာ။ အဲဒါတွေ မရသရွေ့ကာလပတ်လုံး ဘယ်လိုလုပ် လူ့အခွင့်အရေးတွေ ရှိပါတယ်၊ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ ကိုက်ညီပါတယ် ဆိုပြီးတော့ ပြောလို့ရမလဲ”
HRDB လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ ခေါင်းဆောင် ဦးမြင့်အေးဖြစ်ပါတယ်။
သူပြောခဲ့တဲ့ ပြည်သူလူထုတွေရဲ့ လွတ်လပ်မှုအတွက် အခြေခံရပိုင်ခွင့်တွေကို မြန်မာနိုင်ငံမှာ အရင်က ပြဋ္ဌာန်းထားခဲ့တဲ့ ဥပဒေတွေထဲမှာလည်း ထည့်သွင်း ဖော်ပြခဲ့တာတွေရှိပါတယ်။ ဥပမာ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပုဒ်မ ၁၇ မှာ ဒီအခွင့်အရေးတွေ ထည့်သွင်း ပြဋ္ဌာန်းထားသလို မကြာခင် မေလ ၁၀ ရက်နေ့မှာ ပြည်သူတွေ ဆန္ဒမဲပေးရမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာလည်း ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။ အဲဒီ ပုဒ်မ ၃၅၄ မှာ ...
“နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်”
အဲဒီလိုအစချီပြီး မိမိရဲ့ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ ဘာသာစကား စာပေ ယဉ်ကျေးမှုနဲ့ ဘာသာရေး ကိုးကွယ်ခွင့်တွေကို ပေးအပ်ပြဋ္ဌာန်းထားပါတယ်။ ဥပဒေမှာ နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းဖော်ပြထားသလို လက်တွေ့မှာရော တကယ်အကျိုးခံစားနိုင်မှာပါလား။
ပြည်ပရောက် မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကတော့ ဥပဒေပြဋ္ဌာန်းချက်ရဲ့အစမှာ ပါဝင်ဖော်ပြထားတဲ့ နိုင်ငံတော် လုံခြုံရေးနှင့်မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်ဆိုသည့်အချက်ကို အဓိက ကန့်သတ်ချက်တခုအဖြစ်နဲ့ အခုလို ထောက်ပြခဲ့ပါတယ်။
“၂၀၀၈ ဥပဒေထဲမှာ နိုင်ငံသားတွေရဲ့အခြေခံအခွင့်အရေး ပြဋ္ဌာန်းချက်သဘောမျိုး ပါသော်ငြားလည်းပဲ အဓိကအားဖြင့် ကန့်သတ်ချက်က သိပ်ကြီးမားတယ်လို့ ပြောလို့ရတယ်။ အဓိက ဘာကန့်သတ်ချက်လည်းဆိုတော့ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်လုံခြုံရေးအလို့ငှာ ပြဋ္ဌာန်းထားတဲ့ဥပဒေများနဲ့ မဆန့်ကျင်ရဘူးဆိုတဲ့ အချက်ပါတာဖြစ်ပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံတော်လုံခြုံရေးကို အဓိကထားပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေမဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အခြေခံဖြစ်တဲ့ အခြေခံအခွင့်အရေးကို ပြဋ္ဌာန်းတာမဟုတ်ဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံတော်လုံခြုံရေးကို ပြဋ္ဌာန်းတဲ့ ဥပဒေဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေလို့ကို ပြောလို့မရပါဘူး”
ဦးအောင်ထူးက အရင်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ဖြစ်သွားမယ်ဆိုရင်လည်း ဆက်လက်အာဏာတည်နေမှာမို့ နိုင်ငံသား ပြည်သူလူထုတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို လုံးဝ အာမခံနိုင်မှာမဟုတ်ဘူးလို့ သူ့အမြင်ကို အခုလို ဆက်ရှင်းပြခဲ့ပါတယ်။
“အာမခံချက် လုံးဝမရှိတော့ဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းတဲ့အချိန်မှာ နိုင်ငံတော်လုံခြုံရေးကို အဓိကထားပြီးပြဋ္ဌာန်းထားတဲ့ ဥပဒေပေါင်း မြောက်မြားစွာပေါ်နေပြီ။ လက်ရှိ တည်ဆဲဥပဒေတွေ တကယ့်အများစုကြီးဟာ နိုင်ငံတော်လုံခြုံရေးကို အာမခံထားတဲ့ ဥပဒေတွေ ဖြစ်တယ်။
ဥပမာအားဖြင့် ပြောမယ်ဆိုရင် လက်ရှိတည်ရှိနေတဲ့ ၁၉၇၅ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ်မှ ကာကွယ်တဲ့ဥပဒေ ဖြစ်တယ်။ အဲဒါဟာ နိုင်ငံတော်လုံခြုံရေးအရ အကြီးမားဆုံး ဥပဒေဖြစ်တယ်။ တရားရုံးမတင်ဘဲနဲ့ အချုပ်ထဲမှာ ၅ နှစ်အထိ ချုပ်ထားနိုင်တဲ့ဥပဒေဟာ အပြင်းထန်ဆုံးဖြစ်တယ်။
အဲဒီ အပြင်းထန်ဆုံးဖြစ်တဲ့ ဥပဒေကြီး အပါအဝင် အခြား နိုင်ငံတော်လုံခြုံရေး ဆိုင်ရာ ဥပဒေပေါင်းများစွာကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက ဆက်လက် သက်ဆိုးရှည်စေမယ့်ဖွဲ့စည်းပုံ ဖြစ်တာကြောင့်မို့လို့ နိုင်ငံသားတွေ အခြေခံအခွင့်အရေးက ဘာမှမရှိဘူးလို့ ပြောရမှာဖြစ်ပါတယ်”
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment