ရေခိုးရေငွေ့ပါသည်ဟုထင်ရသော မိုးရှေ့လေက သော့လိုက် နော့လိုက်နှင့် မိုးရိပ်တိမ်စတွေကလည်း ကလေးတွေနှင့်အတူ ကျောင်းတက် ကျောင်းဆင်း လုပ်နေပြန်သည်။
ကောင်းကင်ကြီးဟာ ကျောက်သင်ပုန်းပေါ့
ကြယ်ဝလုံးတွေ ရေးကြမယ် …
ဟိုးအတိတ် ငယ်စဉ်ဘဝထဲမှာပင် ပါးလျပျောက်ကွယ်ခဲ့ပြီဟု သတ်မှတ်ထားခဲ့သော ကဗျာတပိုဒ်က ကျနော့်အကြားအာရုံပေါ် မိုးစက်ကလေးလို ပြုတ်ကျလာသည်။
ဟုတ်ပါရဲ့။ ဆရာကြီးဦးတင်မိုး လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ကျော်က ရေးစပ်ခဲ့သည့် ‘အမေ့ကျောင်း’ ကဗျာ။ သည် ကဗျာထဲမှ အထက်ပါတပိုဒ်ကို ကလေးတွေ ကျောင်းတက်မြင်ကွင်းအား ခံစားနေရင်း ပြန်လည် အမှတ်ရမိခြင်းပင်။
ကောင်းကင်ကြီးဟာ ကျောက်သင်ပုန်းပေါ့
ကြယ်ဝလုံးတွေ ရေးကြမယ် … တဲ့။
မိခင်မေတ္တာနှင့် ရင်သွေးပညာရေးကို လမ်းခင်းပေးသောအချက်က ကဗျာထဲမှပင် ကြွတက်လာတော့သည်။ မူလတန်းကျောင်းသားဖြစ်ဖို့ အသက်မပြည့်သေးပေမင့် အမေ့ကျောင်းကိုတော့ ကျနော်တို့အားလုံး ကောင်းကောင်း တက်ဖူးခဲ့သည်။
တီတီတာတာ၊ မပီကလာ ပီကလာနှင့် စကားပြောတတ်စမှာပင် မိခင်တို့ကား ရင်သွေးပညာရေးကို နိဒါန်းပျိုးပေးကြစမြဲ။ ဆရာကြီး ဦးတင်မိုး၏ အမေ့ကျောင်း ကဗျာထဲကလို အမေ့ရင်ခွင်ကို ထိုင်ခုံလုပ်၊ ငုတ်တုတ်ကလေးထိုင်ရင်း အမေညွှန်ပြသော ကောင်းကင်ကြီးထဲ ဝလုံးကလေးတွေ ဖြန့်ကြဲခဲ့ရ၏။ ထိုအခါ ကြယ်ကလေးတွေ တဖျပ်ဖျပ်က ရင်သွေး ရေးသော ဝလုံးကလေးများဟု ပညတ်ခံရတော့သည်။
သို့နှင့် ဝလုံးကလေးတွေမှ တဆင့်တက်၍ ကကြီး ခကွေးတို့ကို မြေစမ်းခရမ်းပျိုးပြီး မရေးတတ် ရေးတတ် အရွယ်တွင် စာသင်ကျောင်းတွေဆီ သွားရတော့သည်။ တကယ့် ကျောက်သင်ပုန်းအစစ်ပေါ်၌ ဗျည်း၊ သရ၊ အပင့်၊ အရစ်၊ အသတ် တို့အပါအဝင် အက္ခရာစာလုံးပေါင်းများစွာကို ရေးခြစ်တတ်လာတော့၏။
အမေ့ကျောင်းတွင် ကောင်းကင်ကြီးကို ကျောက်သင်ပုန်းလုပ်ကာ ကြယ်ဝလုံး တွေရေးခဲ့ရသောကာလ၊ ထိုမှ စာသင်ကျောင်းခန်းမထဲ ကျောက်သင်ပုန်းအစစ် ပေါ်တွင် အက္ခရာတွေရေးခြစ်ရင်း ကြီးပြင်းခဲ့ရပြီးနောက် သစ်ရွက်တွေကြား တီးတိုးစကားဆိုတတ်သော လေပြေကလေးနောက် စိတ်အတွေးတွေက ဆုန်ပေါက်ချင်သော၊ ပြိုမည့်တိမ်၊ ညိုသည့်မိုးကိုကြည့်ရင်း စိုးထိတ်သလိုလို၊ လွမ်းရိပ်ပြိုမလို ခံစားတတ်လာသော လူပျိုပေါက်အရွယ်တွင် ဝလုံးကလေးတွေ ရေးရပြန်တော့သည်။
ထိုဝလုံးကား တမျက်နှာလောက်သာရှိမည့် နှလုံးသားစာတမ်းကို ပင်ပန်းတကြီး ပြုစုဖို့အတွက် စတင် သင်ကြားလေ့ကျင့်ရသော အချစ်အက္ခရာများ၏အစ သမုဒယ ဝလုံးများပင်။
သည်အရွယ်မှာတော့ ကောင်းကင်ကြီးက ကျောက်သင်ပုန်း မဟုတ်တော့။ ခြင်ထောင်အမိုးကသာ သမုဒယ ဝလုံးတို့ ရေးခြစ်သည့်နေရာ ဖြစ်လာသည်။
အိပ်လို့မရ၊ အတွေးကလည်း ချိုမြမြနှင့် ညကြီးမင်းကြီး ထပြီးထိုင်နေ၊ အိပ်ရာတွေလည်း ကြေမွတွန့်လိပ်၊ သိပ်စိတ် ညစ်တယ် … ဆိုသော ကြည်အေး၏ ကဗျာထဲကလိုပင်။
အိပ်ရာထဲ ပက်လက်လှဲနေသော်လည်း မျက်လုံးအကြည့်က ခြင်ထောင်အမိုး ပေါ်တွင် သမုဒယ ဝလုံးတွေကို တန်းစီပြီး ရေးချနေရသည့် ကာလ။
ဆိုပါတော့။ အဲသည့်နောက် …
အနာဂတ် အိမ်ထောင်ရေးအတွက် နှစ်ဦးနှစ်ဖက်တို့ ယုံကြည်မှု တည်ဆောက်သည့် အဆင့်ကိုကျော်လွန်ပြီး ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ်လာကြတော့သည်။
သည်မှာလည်း ဝလုံးတွေက ရေးကြရပြန်၏။ တလုံးတည်း မဟုတ်။ တရွယ်တည်း မဟုတ်။ အရွယ်မျိုးစုံနှင့် ရေးရသည်။ နေရာကလည်း တနေရာတည်း မဟုတ်ပြန်။ ကျောက်သင်ပုန်းတွေက များသထက် များလာသည်။
မီးဖိုချောင်၊ ကလေးစရိတ်၊ သာရေး နာရေး၊ ကျန်းမာရေး၊ အရံအတား … စသဖြင့် သင်ပုန်းတခုပြည့်အောင် ဝလုံး တွေမရေးနိုင်မီ နောက် သင်ပုန်းတခုက စာမေးပွဲစစ်တော့မည်။
ဒါသည်ပင် … လူသားဖြစ်တော့၏။
အသက်ရှိယုံမျှမက လူသားဟု ပညတ်ခြင်းခံထားရသောကြောင့် အသိရှိအောင်လည်း ကြိုးစားရပြန်သည်။ ပင်ကိုယ်အသိကို ထက်မြလာစေရန် သင်ကြားရသည်။ တွေးခေါ်ရသည်။ ပတ်ဝန်းကျင်ဗေဒကိုလည်း နားစွင့်ရသည်။ မျက်စေ့ ဖွင့်ထားရသည်။
နောက်ဆုံး ဇရာပိုင်းသို့ရောက်လာသည့်အခါ ဝိပဿနာဥာဏ်နှင့် မိမိရုပ်ကို မှန်မှန်ရှုမြင်နိုင်ဖို့ လောကုတ္တရာ ဝလုံးတွေ ရေးရပြန်သေး၏။ သည်မှာတော့ မိမိစိတ်က ကျောက်သင်ပုန်းဖြစ်သွားပြီး စေတသိက်တွေကို လောကုတ္တရာ ဝလုံးနှင့် ထိန်းချုပ်ရသည်ဟု ဆိုပါတော့။
ဟင်း …
အမှုအမှတ်မဲ့ လွတ်ကျသွားသော သက်ပြင်းသံကိုကြားမှ ကျနော့်ကိုယ် ကျနော် ပြန်လည်သတိရမိတော့သည်။ ဟုတ်ပါရဲ့။
စာသင်ကျောင်းဆီသွားသော ကလေးတွေကိုကြည့်ရင်း ဆရာကြီး ဦးတင်မိုး၏ အမေ့ကျောင်းကဗျာကို သတိရမိရာမှ တသီတတန်းကြီး တွေးဆမိနေသော ကျနော်။
သို့သော်လည်း ကိုယ့်အဖြစ်ကိုယ် ရယ်ချင်စိတ်တော့ သိပ်မရှိလှ။ ကျနော်က သမုဒယ ဝလုံးတွေကို ခြင်ထောင် အမိုးပေါ်မှာ ရေးလိုက်ဖျက်လိုက်နှင့် ခုထိ အိမ်ထောင်ရေး ဇာတ်လိုက်မဖြစ်သေးသော … လူပျိုကြီး … ။ ။
ရေစီးသံဂျာနယ် (၁-ဇွန်-၂ဝဝ၂)
No comments:
Post a Comment