အချိန်တန်နိုးထတော့
မိုးမခတောကို လွမ်းသလိုလို
စမ်းချောင်းလေးကို လွမ်းသလိုလို။
သေကွဲ ရှင်ကွဲဆိုတာ
ဖြေလည်း ရင်ထဲဘယ်မသက်သာ
တသက်တာ တသသ
ဒုက္ခဆိုတာ မလွမ်းစကောင်း
စမ်းချောင်းလေးကတော့ ကောပြီ။
ရှင်သန်ရပ်တည်ရေး
ရှေးရှေးသမိုင်းမတင်မီကတည်းက
ရေးဆွဲခဲ့တဲ့ဂူနံရံပန်းချီ
ပီသစေချင်ရင် ခက်ပါလိမ့်။
အဝေးတနေရာ
သည်မြေမှာ အခြေချ
ဘဝကိုသည်မှာဆောက်
အစကိုပြန်ကောက်ရင်ဝေဒနာ။
မြန်မာပြည်တနံတလျား
နယ်ခြား၊ မြို့လယ်၊ မြို့သစ်
အဖြစ်ကတော့ မကွဲပြား
အစာရေစာရှားရှား
ကပ်ကြီးအပါးပါးဆိုက်လို့
လူမိုက်တို့ရဲ့နေပြည်တော်မှာ။
အချိန်တွေ တရွေ့ရွေ့နှင်
အမိရင်ခွင်ကို
မေ့ချင်ယောင်ဆောင်လို့ ရပါ့မလား
အခါတပါးတုန်းကလမ်း
ရည်ရွယ်ချက်တွေ ထမ်းထားတယ်
အခုတော့ ဘဝက စမ်းတဝါး။
ဂုဏ်သရေပြပွဲတဲ့
အကဲမခတ်ချင်၊ ထဲထဲဝင်ဝင်
သံလွင်ရေက အေးတယ်
သွေးတွေစီးဆင်းနေတယ်။
ပြည်တော်ပြန်ခန်းကို
ရည်မျှော်အဖန်ဖန်တမ်းရုံနဲ့
ဘယ်လမ်းကမှ သဲဖြူမခင်း
အသက်နဲ့ရင်းခဲ့သူများ
ဘဝတပါးမှာ ကျန်းမာပါစေ
ဒဏ်ရာကင်းပါစေ။
နေမြင့်လေလေ
ရင့်ရင့်နေတဲ့ ရောဂါရတယ်
စောဒကတက်လို့မရစရာ
ကာလယန္တယားသည်မရပ်
ဇာတ်လမ်းကားမပြီး။ ။
ဂူရီး
သရုပ်ဖော် - အောင်ထက်
No comments:
Post a Comment