အားလုံးမျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ၁၉၉၀ မေလမှာ ရွေးကောက်ပွဲလုပ်တော့ NLD ကပဲ မဲ ၈၀ % ကျော်နဲ့ အပြတ်နိုင်ခဲ့ပါတယ်။၁၃၇၈ မဲရှိတဲ့အနက်က ၁၃၇၄ မဲနဲ့ … ဟေး … ဟေး …
NLD အပြတ်အနိုင်ရတဲ့ရလဒ် သေချာလာတဲ့အချိန်မှာ အဲဒီအချိန်က နဝတ စစ်အစိုးရက အာဏာလွှဲပြောင်းရေး ကိစ္စကို ငြင်းပယ်ဖို့ စီစဉ်ခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ အခြေခံဥပဒေရေးဆွဲမယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်ဖို့ သက်သက်ပါလို့ တမျိုးလှည့်လာပါတယ်။
NLD မိုးကုတ်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုလှတင့်ပါ။
လူထုထောက်ခံမှုအားလည်းရှိနေတဲ့ NLD လက်ထဲ ပြည်သူကပေးလိုက်တဲ့ အာဏာမရနိုင်အောင် စစ်အစိုးရကလည်း လူဖမ်းပွဲကြီးကို ဆက်တိုက် လုပ်ခဲ့ပါတယ်။ ဦးဘိုလှတင့်ကတော့ အဲဒီအချိန်က လွှတ်တော်ကိုယ်စားလှယ် တချို့က အစိုးရဖွဲ့နိုင်ဖို့အထိ ပြင်ဆင်ကြိုးစားမှုတွေရှိခဲ့ပါတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တချို့ကျတော့လည်းပဲ တကယ့်ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ဆိုရင်တော့ စိတ်ရှည်သည်းခံဖို့လိုတယ်ဆိုတဲ့ အယူအဆမျိုးရှိခဲ့ကြတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအယူအဆ ၂ ရပ် ကြားထဲမှာ NLD ဟာ တစုတစည်းတည်းနဲ့ တကယ့် ကျစ်လစ်ခိုင်မာတဲ့ အင်အားစုတခု မဖြစ်ခဲ့ဘူး”
လူထုထောက်ခံမှု၊ ဝန်းရံမှုအားကောင်းနေချိန်မှာ ဂန္ဒီခန်းမကြေညာစာတမ်းအတိုင်း တွန်းတွန်းတိုက်တိုက် မလုပ်နိုင်ခဲ့တာကလည်း စစ်အစိုးရ ဆက်တိုက်အသားစီး ရသွားစေတဲ့ အခွင့်အရေးပေးလိုက်တာပါလို့ ပြန်ပြောင်း သုံးသပ်သူတွေလည်း ရှိကြပါတယ်။ အစိုးရလူဖမ်းပွဲကြီးကနေ နယ်စပ် လွတ်မြောက်နယ်မြေကို ထွက်ပြေးလာနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့စုပေါင်းပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဆိုတာ ဖွဲ့စည်းပြီး အခုအချိန်အထိလည်း ပြည်ပကနေ လှုပ်ရှားနေဆဲဖြစ်ပါတယ်။
ပြည်တွင်းမှာကျန်ရစ်တဲ့ ပါတီခေါင်းဆောင်တွေဟာ ပါတီကို ပျက်မသွားအောင် ထိန်းသိမ်းရင်း ၁၉၉၃ ခုနှစ်မှာတော့ အစိုးရကလုပ်တဲ့ အခြေခံဥပဒေရေးဆွဲရေး အမျိုးသားညီလာခံကို ဝေဖန်မှုတွေကြားကပဲ တက်ရောက်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတော့ အမျိုးသားညီလာခံရဲ့ လုပ်ပုံကိုင်ပုံတွေကို ပြန်သုံးသပ်ကြပြီး NLD ညီလာခံကနေ ထွက်ခွာခဲ့ပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းက …

“အခြေခံမူ ၁၀၄ ချက်ချပေးတဲ့အထဲမှာ အန်ကယ်လ်တို့က မကျေနပ်တာတွေ၊ မကြိုက်တာတွေကို ကိုယ့်အစုအဖွဲ့အလိုက် ပြောကြ ဆိုကြပြီးတော့ ကန့်ကွက်ကြတယ်၊ ဒါတွေကို သူတို့က အများစုက လက်ခံတယ်၊ အနည်းစုက ပြောတာတွေကို လက်မခံဘူးဆိုပြီးတော့ ပယ်ချပြီးတော့ အဲလိုပဲလုပ်နေတယ်၊ နောက်တခါ ကျနော်တို့က ထပ်ပြောတော့ ခင်ဗျားတို့ ဒီအထဲမှာ မတက်ချင်လည်း ထွက်သွားနိုင်တယ်ပြောတာနဲ့ အန်ကယ်လ်တို့လည်း တိုတိုပြောရရင်တော့ အဓိပ္ပာယ် မရှိတော့ဘူးဆိုပြီး ထွက်လာခဲ့တာပါပဲ”
ညီလာခံက ထွက်ခဲ့တာကို မထွက်သင့်ဘူးလို့ ဝေဖန်တင်ပြသူတွေလည်း အဲဒီတုန်းက ပါတီတွင်းမှာရှိခဲ့ပါတယ်။ ဒီအထဲက တယောက်ကတော့ မင်္ဂလာဒုံ အမှတ် ၁ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း ဖြစ်ပါတယ်။
“ဒီဖွဲ့စည်းပုံကြီးက ပြည်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေကို ပါမယ့်ဟာတွေ ကျနော်တို့က ရေးနေတာ၊ တကယ်ဆိုရင် ဒီမှာ ဘာပဲပြောပြော ကျနော်တို့က တခုရ တခု ကျနော်တို့က ပြည်သူ့အတွက် ပြောပေးရမယ်၊ နှစ်ခုရ နှစ်ခု ပြောပေးရမယ်၊ ဖြစ်နိုင်ရင် ပြည်သူအတွက် တတ်နိုင်သမျှ ပြည်သူ့အကျိုး အတွက်ကို ပြောပေးရမယ်။ ဒီပြောပေးရမယ့်ဥစ္စာကို စိတ်ကောက်ပြီး ထွက်သွားတဲ့ပုံစံမျိုးနဲ့ ဒီဥစ္စာထဲမှာ ငါတို့မပါဘူး၊ ဒီ အခင်းအကျင်းထဲမှာ မပါတော့ ဘူးဆိုပြီး ထွက်လာတော့ ကျနော်တို့က ပြည်သူ့အတွက် ဘာမှပြောပိုင်ခွင့် မရတော့ဘူး”
NLD ကတော့ ညီလာခံကနေ ဒီမိုကရေစီလမ်းကြောင်းပေါ် မရောက်နိုင်ဘူးလို့ ဆုံးဖြတ်ပြီး ထွက်ခွာခဲ့တာပါ။ ဦးကြည်ဝင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့လည်း NLD နဲ့ခွဲခွာပြီး သီးခြားကိုယ်စားတွေအဖြစ် ညီလာခံကို အပြီးအထိ ဆက်ပြီး တက်ရောက်ခဲ့ကြပါတယ်။
NLD ဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကပြန်လွတ်လာတဲ့ အခြေအနေမှာ လှုပ်ရှားမှု အားကောင်းခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ တိုင်းရင်းသားပါတီတွေနဲ့ စုပေါင်းပြီး အဲဒီအချိန်အထိ မခေါ်နိုင်သေးတဲ့ ပြည်သူ့လွှတ်တော်ကို ကိုယ်စားပြုဖို့ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဆိုတာကို ဖွဲ့ခဲ့ပါတယ်။ ဒါဟာ သမိုင်းဝင် လုပ်ရပ်တခုပါလို့ CRPP အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။NLD ရဲ့အခြေခံရပ်တည်ချက်က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာပြီး တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားအောင် လုပ်ရေးပါ။ ဒါပေမယ့် အစိုးရဘက်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်း၊ NLD ရုံးခန်းတွေကို ပိတ်နဲ့ တုံ့ပြန်ချက်က မကောင်းခဲ့ပါဘူး။
၂၀၀၃ ခုနှစ် မေလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ အထက်မြန်မာနိုင်ငံကို လှည့်လည်နေတုန်း ဒီပဲယင်း ကျည်ရွာနားမှာ တုတ်၊ ဓားတွေနဲ့လူအုပ်ကြီးက ဝိုင်းတိုက်ခိုက်ခဲ့လို့ ပါတီဝင်တွေ သေကျေ ဒဏ်ရာရတာတွေ ဖြစ်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးလည်း အကျယ်ချုပ်ဘဝကို ပြန်ရောက်သွားကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့ အကျဉ်းကျခံကာလမှာ NLD အနေနဲ့ လူထုကို ဦးဆောင်မှုအားနည်းခဲ့ပါတယ်လို့ ပြန်ပြီး သုံးသပ်ပြခဲ့သူတယောက်ကတော့ NLD သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းပါ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment