၁၃၃၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်နေ့
လပြည့်ကျော် ၁ ရက်နေ့လသည် ဝိုင်းဝိုင်းစက်စက်နှင့် ထွက်ပေါ်လာသည်။ ကျွန်းကလေးတခုလုံးပေါ်နှင့် ပင်လယ်ပြင်တွင် လင်းထိန်နေသည်။ စက်တင်ဘာလ
ရာသီဥတုသည် မိုးခဏပြတ်သွားပြီး ရာသီဥတု သာယာနေသည်။ မိုးငွေ့နည်းသော တိမ်ပုဝါဖြူလွလွ အလွှာပါးပါးတို့သည် နိမ့်နိမ့်ကလေး ရွေ့လျားနေကြသည်။
ဆပ်သွားဖူးပိုင်း ဒလိမ့်တုံးပိုင်းများကိုခံ၍ လှေကို စတင်တွန်းချပါသည်။ လှေတွန်းသွားပြီး နောက်တွင် လွတ်နေသော ဆပ်သွားဖူးပိုင်းကို ကြုံတဲ့ရဲဘော်ကယူပြီး လှေဦးသို့ ပြေးပြေးပြီး သွားခင်းပါသည်။ ကျနော်တို့ လှေတွန်းချသည့် အကွာအဝေးမှာ ကိုက် ၁၀၀ ကျော်လောက်ပဲရှိမည် ထင်ပါသည်။
နာရီဝက်ကျော်ကျော်လောက်တွင် အရှေ့ဘက် ပင်လယ် ကမ်းခြေ ရေထဲသို့ လှေကျသွားပါသည်။ လှေနှင့်အတူတင်ဆောင်သွားမည့် ရေချိုပုံးများ၊ လိပ်သားခြောက်၊ ကန်စွန်းဥ အိတ်၊ သခွားသီးအိတ်၊ အခြား ရွက်တိုင်၊ ခတ်တက်၊ ဝါးဖောင်များကို ခပ်သွက်သွက်ကလေး ဝိုင်း၍ ထမ်းချပါသည်။
ပြီးတော့မှ လှေပေါ်ကို အားလုံး တင်ပါသည်။ ဝန်စည်စလယ်ပစ္စည်း အကုန်တင်ပြီးနောက် ၂၆ လုံးတွဲ ဝါးဖောင်ကိုစည်းကို လှေဘေးတွင် အသင့်ရိုက်ထားသော လက်ကိုင်နှင့် ဝါးဖောင်ကို သံမဏိကြိုးနှင့် ချည်သည်။ လှေဦး၊ လှေပဲ့၊ အလယ် ၃ ချက် ဖထီးမန်း ဦးဆောင်ချည်ပါသည်။ ပြီးလျှင် အလားတူစွာ ကျန်တဖက်ကို ဆက်၍ ဝါးဖောင်ချည်ပါသည်။ လှေဖောင် ဆိုသော ဝေါဟာရမှာ ကျနော်တို့လှေကိုပြောလျှင် ပိုပြီး အဓိပ္ပာယ်ရှိ လေးနက်ပါသည်။ လှေတစင်းကို ဘေးကဖောင်ပါ တွဲလိုက်သည့်အတွက် ကျနော်တို့လှေမှာ လှေဖောင်အစစ် ဖြစ်ပါသည်။ အားလုံး အဆင်သင့်ဖြစ်ပါပြီ။
ဤတွင် ဖထီးမန်း အောင်ကြည်က ...
“ခဏလေး ကျွန်းထိပ်ဘက် ခဏသွားကြည့်လိုက်အုံးမယ်”
ပြောပြီး ထွက်သွားပါသည်။ ၁၅ မိနစ်လောက် ကြာမည်ထင်သည်။ ဖထီးမန်းပြန်ရောက်လာသည်။ သူ ဘာမှမပြောဘဲ လှေပေါ်သို့တက်လိုက်ပါသည်။ ဆက်တိုက်ဆိုသလိုပင် ထောင်ထောင် မောင်းမောင်း လူတယောက်ပေါ်လာပြီး ဘွားခနဲ ခုန်တက်လိုက်ပါသည်။ လိုက်ပို့သည့် ရဲဘော် ၆ ယောက်၏မျက်နှာကို ကျနော် တချက်ဝေ့ပြီး အကဲခတ်လိုက်သည်။ သူတို့အားလုံးသည် မှင်သက်အံသြခြင်းမက အံ့သြနေကြသည်။
ဤပုဂ္ဂိုလ် လှေပေါ်သို့ ခုန်တက်လိုက်ခြင်းသည် ဤရဲဘော် ၆ ယောက်သာမက ကိုကိုးကျွန်း အကျဉ်းစခန်းဝင်း တခုလုံးရှိ ဘဝတူအကျဉ်းသားများ မည်သူမှ မသိပါ။ ယုတ်စွအဆုံး သူ၏ဆိုင်ရာပါတီမှပင် မသိလိုက်ပါ။ သူနှင့် အလွန်ရင်းနှီးပြီး အိပ်ယာချင်းကပ်နေသူ ယခုလှေကို လိုက်ပါကူတွန်းချပေးနေသူ ဆရာဦးလှဖေသည်ပင်လျှင် လုံးဝ မသိလိုက်ပါ။ သူ၏ လွတ်လပ်စွာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မိမိဖာသာ လွတ်လပ်စွာ အတည်ပြု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
ကျနော်ပြောခဲ့သည့် ဇာတ်လမ်းတလျှောက်လုံးတွင် ရှေ့တန်းမှ မပါခဲ့ပဲ နောက်မှာ တိုးတိုးတိတ်တိတ် သရုပ်ဆောင်ခဲ့သူ ဆရာ ဦးအောင်ငွေဖြစ်ပါသည်။
ဆရာဦးအောင်ငွေက …
“ဆရာဦးလှဖေ၊ ကျနော်သွားတော့မယ်”
“ရဲဘော်တို့အားလုံး သွားတော့မယ်” လှေပေါ်မှ လှမ်းနှုတ်ဆက်ပါသည်။
ဖထီးမန်းအောင်ကြည်က တက်မကို တပ်မထားသဖြင့် ရေထဲတွင်ရှိနေသော ကျနော်က တက်ကိုကိုင်ပြီး တက်မဆီ တက်မကွင်းနှင့် လှေပဲ့မှသံကွင်းကို ညီအောင်ချိန်ပေးနေရသည်။ သံကွင်းအပေါက်ချင်းညီပြီး ထပ်သွားသည်နှင့် ဖထီးမန်းက လှေအပေါ်မှနေပြီး သံချောင်းနှင့်ထိုးချလိုက်ပါသည်။
ကမ်းစပ်တွင် ကျနော့်ပေါင်လယ်လောက် ရေအနက်တွင်ရပ်နေရာမှ ကမ်းခြေဘက်သို့ ကျနော် လှည့်လိုက်ပါသည်။ လိုက်ပို့ခဲ့သော ရဲဘော် ၆ ဦး၏ မျက်နှာကို တယောက်ချင်း လိုက်ကြည့်ပါသည်။ ကျနော့် ရင်ထဲတွင် တက်ကြွခြင်း၊ လှုပ်ရှားနေခြင်း၊ ဝမ်းနည်းခြင်းများနှင့် ရောထွေးနေပါသည်။ လာတော့မည့် မိနစ်ပိုင်းအတွင်း ဘဝနှင်းရင်း၍ တိုက်ရတော့မည့်တိုက်ပွဲအတွက် ကျနော့်ရင်မှာ လှုပ်ရှားတက်ကြွနေပါသည်။
ရန်သူ၏ ဖိနှိပ်မှု၊ ရက်စက်ညှဉ်းပမ်းမှုမျိုးစုံအောက်တွင် ကျောချင်းကပ်၊ ရင်ချင်းကပ်၍ အတူတကွ လက်တွဲ တိုက်ပွဲဝင်လာခဲ့ကြ၊ ခါးသီးခံခဲ့ကြရတာ မဖော်ပြနိုင်သော ရဲဘော်ရဲဘက် သံယောဇဉ်၊ တော်လှန်ရေး သံယောဇဉ်များဖြင့် နှောင်ဖွဲ့ခဲ့ကြသော ချစ်ခင်လေးစားရသည့် ရဲဘော်များနှင့် ခွဲခွာသွားရတော့မည်ဆိုသော အသိကြောင့် ကျနော် ဝမ်းနည်းစိတ်ထိခိုက်မိသည်။
ကျနော် ဤရဲဘော်များကို နှုတ်ဆက်လိုက်သည်။ ကျနော့်အသံမှာ တုန်နေသည်။
“ရဲဘော်တို့၊ ရဲဘော်တို့ရဲ့ နွေးထွေးမှုကို ကျနော် ဘယ်တော့မှမမေ့ပါဘူး။ ကျနော်ဟာ ရန်သူကိုသေတဲ့အထိ တိုက်သွားမယ်ဆိုတာ ကတိပြုပါတယ်”
ရဲဘော် ၆ ယောက်ကို အလေးပြုပြီး သူတို့ကလည်း အလေးပြန်ပြုကြသည်။ ကျနော် လှေဘက်သို့ ပြန်လှည့်လိုက်ပြီး လှေကို တရွေ့ရွေ့တွန်းထုတ်နေသည်။ ရေမှာ ကျနော့်ခါးလယ်လောက် ရောက်လာပါသည်။ ဖထီးမန်းက လှမ်းပြောသည်။
“လှေပေါ်တက်တော့ ... ငါးမန်း စိတ်မချရဘူး”
ကျနော်သည် လက်နှစ်ဖက်ကိုအားပြု၍ လှေပေါ်သို့ ခုန်တက်လိုက်သည်။ ဆရာဦးလှဖေက လှမ်းပြောသည်။
“သောင်ပြင်မှာ ဝါဒါတွေ လက်ထွန်ပစ်တတ်တယ်။ သတ္ထုပန်းကန်ပြားနဲ့ ရေပက်ရင် လရောင်နဲ့အရောင်လက်ပြီး အဝေးကနေ မြင်ရတယ်၊ သတိထား”
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment