Wednesday, January 13, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၃)

မြုပ်ကွယ်နေသော ဇာတ်ကောင်

ရွက်ပုံစံ၊ ရွက်အမျိုးအစားကို ရှင်းလင်းပီပြင်စွာ သိလိုက်ရပါပြီ။ ဘာများကျန်ပါသေးသနည်း။ ကျန်ပါသော်ကော ကျန်သော်ကောဗျာ။ ဒီဇာတ်လမ်းမှာ ဇာတ်လမ်းရဲ့အစနဲ့ အလယ်တောင်တောင် ရောက်လာပါပြီ။ အဓိက ဇာတ်ကောင်တကောင်က မြုပ်နေသည်။ အနှီဇာတ်ကောင်ကတော့ အခြားဟုတ်ရိုးလား။

ဆရာဦးအောင်ငွေ ဖြစ်ပါသည်။ ဒီဇာတ်လမ်းရဲ့အစပိုင်းမှာတော့ ဆရာဦးအောင်ငွေက အစကတည်းက ရိုးရိုးလေးနဲ့ ပါဝင်လာခဲ့တာပါ။ နောက်ပိုင်းကျတော့ နိုင်ငံရေးပြဿနာတွေက နွယ်လာဝင်လာတော့ အတော်လေးသတိထားပြီး ကိုင်ရ တွယ်ရ ထိန်းသိမ်းခဲ့ရတာ။ ဖြစ်ပုံကတော့ ဒီလိုပါ။

ဖထီးမန်းအောင်ကြည်ရဲ့ ဒီတိုက်ပွဲအစီအစဉ်ကို ရိပ်စားမိသူတွေ ရှိတယ်။ ဒီမှာတင် ဆရာဦးမြသန်းတင့်က ဖထီးမန်းအောင်ကြည်ကို သဘောထား တီးခေါက်ကြည့်တယ်။ အတည်ပြုချက်ရတော့ ဒီတိုက်ပွဲဟာ မှန်တယ်၊ တိုက်ရမယ်။ သူလည်း ပါဝင်ပြီး တိုက်မယ်ပေါ့။ ဖထီးမန်းအောင်ကြည်ကလည်း လှိုက်လှဲပျူငှာစွာ ကြိုဆိုတာပေါ့ဗျာ။

ဆရာမြသန်းတင့်တို့၊ ဆရာဗန်းမော်တို့ဟာ ဟို မြေပေါ်မှာကတည်းက ဖထီးမန်းအောင်ကြည်တို့၊ မန်းဒါဝိတ်တို့နဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံမှုတွေ ရှိခဲ့တာမဟုတ်လား။ တိုက်ပွဲအစီအစဉ်အထဲမှာ ဆရာဦးအောင်ငွေ ပါဝင် ပတ်သက်နေတာကိုလည်း ဆရာဦးမြသန်းတင့် သိသွားတယ်။ ကွန်မြူနစ်ပါတီရဲ့ တာဝန်ရှိတဲ့ ဆိုင်ရာ ဆိုင်ရာတွေ သိသွားပါတယ်။

ဆရာဦးအောင်ငွေကလည်း ကွန်မြူနစ်ပါတီကဖြစ်နေတော့ ဆိုင်ရာသူ့ပါတီက ဆရာဦးအောင်ငွေကို ခေါ်ဆွေးနွေးတာပေါ့။ သူ့ပါတီသဘောထားကတော့ တကယ်လို့ ဒီတိုက်ပွဲကို တိုက်မယ်ဆိုရင် ပါတီရဲ့ အစဉ်အလာနဲ့ ပါတီရဲ့ ဦးဆောင်မှုအောက်မှာ တိုက်သင့်တာပေါ့။ သူများပါတီရဲ့ခေါင်းဆောင်မှုအောက်မှာ ဘယ်တိုက်သင်ပါ့မလဲဆိုပြီး သဘောထားပေး ဆွေးနွေးတော့ ၂ ပါတီရဲ့ ဆက်ဆံရေးက နိုင်ငံရေးဖြစ်လာတယ်။

ဖထီးမန်းအောင်ကြည်လည်း ကိုယ်ရှိန်သတ်ပြီး ရပ်လိုက်ရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ KNUP ဟာ (မဒညတ) အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု မဟာမိတ်တွေဖြစ်နေတယ်။ နှစ်ပါတီရဲ့ နိုင်ငံရေး၊ စည်းရုံးရေး၊ ဆက်ဆံရေးတွေ ထိခိုက်မှာစိုးတယ်။

ဆရာဦးအောင်ငွေက ၁၁ ဆောင်မှာနေတယ်။ ဆရာဦးလှဖေနဲ့က အိပ်ရာချင်းကပ်ရက်။ တနေ့တော့ ဆရာဦးအောင်ငွေက ဆရာဦးလှဖေကို မေးတယ်။ ကွန်ပတ် သံလိုက်အိမ်မြှောင် လုပ်ပုံလုပ်နည်းကို မေးတယ်။ ဆရာဦးလှဖေက …

“ဦးအောင်ငွေ ဘာလုပ်ဖို့လဲ”

လို့ ဆရာက ပြန်ပေးတယ်။

“တောတိုးရင် အရပ်မျက်နှာသိအောင်၊ လမ်းမမှားအောင်လို့ပါ”

ဆရာဦးလှဖေကလည်း သံလိုက်အိမ်မြှောင် လုပ်ပုံလုပ်နည်းကို နည်းပေးလမ်းပြ ပြောပြလိုက်တယ်။

ဒီမှာတင် ဆရာဦးအောင်ငွေက လက်တွေ့လုပ်တော့တာပဲ။ ဆေးပုလင်းဖြတ်တဲ့ စတီးလွှကလေးကို အဖျား ၂ ဖက်ကို သွေး၊ ဖင်ချွန်း ခေါင်းချွန်းမှာ ထားပြီးတော့မှ သင်္ဘောပျက်ကြီးပေါ်က မော်တာပျက်အိုးထဲက သံလိုက်တုံးကိုယူ၊ အဖျား ၂ ဖက် ချွန်နေတဲ့ စတီးလွှကလေးကို တောင်နဲ့မြောက်မှန်းပြီး မြေကြီးပေါ်မှချ၊ စောစောက သံလိုက်တုံးနဲ့ စတီးဓားချွန်လေးကို တောင်ကနေ မြောက်ကိုကပ်ပြီး အကြိမ်ပေါင်း ရာနဲ့ချီ ပွတ်ပေးပြီးတော့မှာ စတီးဓားချွန်လေးနဲ့ သံလိုက်တုံးကို ပူးပြီး မြေကြီးထဲမှာ တလကျော်ကျော် မြှုပ်ထား။ အဲဒါကို ပြန်ဖော်လိုက်တဲ့အခါကျတော့ သွေးထားတဲ့စတီးဓားချွန်လေးဟာ သံလိုက်ဝင်သွားတယ်။

သံလိုက်ဝင်နေတဲ့ အိမ်မြှောင်လေးကို အလယ်တည့်တည့်မှာ သံချွန်လေးနဲ့ ချိုင့်ကလေးဖြစ်အောင် ထု၊ ငါးကြီးဆီ ဆေးပုလင်း အဖုံးကလေးကို သံချွန်ကလေးတခုစိုက် ချိုင့်ခွက်ဖြစ်နေတဲ့ သံလိုက်အိမ်မြှောင်ကလေးကို သံချွန်ဖျားကလေးပေါ်တင်လိုက်တော့ တောင်နဲ့မြောက်ပြတဲ့ သံလိုက်အိမ်မြှောင်တခု ဖြစ်လာတော့တာပေါ့။

မြောက်ဘက်ကိုပြတဲ့ အဖျားချွန်ကို သင်္ဘောဆေး အဖြူသုတ်၊ တောင်ဘက်ပြတာကို အနီသုတ်၊ အပေါ်က မှန်ကလေးတခုနဲ့ အုပ်၊ တောင်နဲ့မြောက်ကို ထင်ထင်ရှားရှားပြတဲ့ သံလိုက်အိမ်မြှောင်တခုရဲ့ အကျိုးပြယုဂ်။

ဆရာဦးအောင်ငွေက စိတ်ရှည်သည်။ အနုစိတ်လုပ်တတ်သည်။ အဲဒီလို သံလိုက်အိမ်မြှောင်မျိုး ၂ ခုတောင် လုပ်ပေးထားတာ။ ၂ ခုလုပ်တဲ့သဘောကတော့ လက်လုပ်ဆိုတော့ သိပ်မသေချာမှာစိုးလို့။ သံလိုက်အိမ်မြှောင် ၂ ခုကိုယှဉ်ပြီးချလိုက်ရင် မြောက်အရပ်ကို အနီးဆုံးပြတဲ့ ရပ်ညွှန်းကို သိရတာပေါ့။ တကယ်က ဆရာဦးအောင်ငွေရဲ့ ပညာလက်စွမ်းပြတာ တကယ်ပဲကောင်းပါတယ်။

ရိက္ခာကိစ္စကလည်း လိပ်သားကျပ်တိုက်ခြောက်တွေလည်း ပြည့်စုံပါပြီ။ ကန်စွန်းဥပဲ ကျန်ပါတော့တယ်။ ဗိုလ်တင့်တယ်နဲ့ ဖထီးစောမောင်မောင်တို့ တောင်ယာကလည်း အသီးအနှံကလည်း မျိုးစုံပါဘိ။ တစခန်းလုံးမှာ အယုတ် အလတ် အမြတ် မရွေး၊ အနီအဖြူ အရောင်အသွေး မည်သူ့ကိုမှ မပေးဘဲ မရှိစေရ။ ခေါ်ခေါ်ပြီး ပေးတာတောင် တစခန်းလုံး ဝလင်အောင် စားရတဲ့ဘဝပါ။

ပုဂံခေတ်က တောင်သူကြီးမင်းရဲ့တောင်ယာဟာ ဒီတောင်ယာကို မီမယ်မထင်ပါဘူး။ ဒါကြောင့်မို့လို့ ဗိုလ်တင့်တယ်ကို ကျနော်တို့လူငယ်တွေက “တောင်သူကြီးမင်း” “တောင်သူကြီးမင်း” နဲ့ ကွယ်ရာမှာ ဂုဏ်ပြု ချီးမြှောက်ကြပါတယ်။ ပုဂံခေတ်တောင်သူကြီးမင်းရဲ့ တောင်ယာက သခွားသီးတွေဟာ ခွေးငယ်နို့စို့သလိုပဲလို့ သင်ခဲ့၊ သိခဲ့၊ မှတ်ခဲ့ရတယ်။

ဗိုလ်တင့်တယ်တို့၊ ဖထီးစောမောင်မောင်တို့ တောင်ယာမှာရှိတဲ့ ဘူးစင်က ဘူးသီးတွေကတော့ ပြွတ်ခဲအောင် သီးနေတာပဲ။ ကျနော်စိတ်ဝင်စားတာက တိုးလိုးတွဲလောင်းနဲ့ ပြွတ်ခဲနေအောင်သီးတဲ့ ဘူးသီးတွေ မဟုတ်ပါ။ မြောင်းဘောင်မို့မို့၊ လှလှပပ၊ သပ်သပ်ရပ်ရပ်နဲ့ စိုက်ထားတဲ့ မြောင်းဘောင်အောက်က လက်မောင်းထက် မအောက်အောင် အင်မတန် ဖွံ့ဖြိုးအောင်မြင်နေတဲ့ ကန်စွန်းဥကြီးတွေပါ။

ကျနော် အလွန့်အလွန်ကိုပဲ စိတ်ဝင်စားတာပါ။ ကျနော်တို့တိုက်ပွဲမှာ မပါမဖြစ် မရှိမဖြစ်တဲ့ ရိက္ခာပြဿနာလေ။
ဗိုလ်တင့်တယ်ကို တနေ့မနက်တော့ ကန်စွန်းဥ နည်းနည်းစားချင်တဲ့အကြောင်း အသားလိုလို့ အရိုးတောင်းကြည့်ပါတယ်။ မဆိုင်းမတွဘဲ တူးဆွပြီး ကန်စွန်းဥတွေကို ပေးစားပါတယ်။ တအိုးပြုတ်စာပေါ့။

စိတ်ထဲကတော့ ပြောလိုက်ပါတယ်။ ဦးရယ် … ကျနော်စားချင်တာက တအိုးတပြုတ်စာ မဟုတ်ပါဘူး။ တထမ်းတထုတ်လောက် လိုချင်တာပါ။

မတော်လောဘကို ဖော်ပြောပြလို့ ဘယ်ကောင်းပါ့မလဲ။ ဗိုလ်တင့်တယ်တူးပေးလိုက်တဲ့ စေတနာ ကန်စွန်းဥကို ကျေးဇူးတင်ကြောင်း အခါခါ ဦးညွတ်ပြောရင်း ပြန်လာခဲ့တယ်။

စိတ်ထဲကတော့ ကောက်ချက်ချလိုက်ပါပြီ။ ထွက်ခါနီး လသာသာ ညတညမှာတော့ ကန်စွန်းဥတွေကို တထမ်းတထုတ်လောက် လာပြီး တူးထုတ်လိုက်မယ်ပေါ့။ ဒီ မကောင်းတဲ့ မနောကံစရိုက်လည်း တကယ်မလုပ်ဖြစ်လိုက်ပါ။ ဖြစ်ပုံက နောက်မှ ရေးပြောပြမယ်။

မတို့ရဲ မထိရဲတဲ့ ရိက္ခာ

ကန်စွန်းဥထက် အဆများစွာ သာလည်းသာ ကောင်းလည်းကောင်းတဲ့ ရိက္ခာက ရှိနေ မြင်နေရတယ်။ ဒါပေမယ့် မတို့မထိရဲဘူး။ ကျနော်တို့ဖိုကြီးက ထမင်းချက်တဲ့ဒယ်အိုးကြီးက တတင်းခွဲလောက်ဆန့်တဲ့ ဧရာမ မိုးဗြဲဒယ်အိုးကြီး။

ကျွန်းကိုရောက်စတုန်းကတော့ အတွေ့အကြုံက မကျွမ်းကျင်သေးတော့ ချက်လိုက်တဲ့ထမင်းတွေဟာ မနပ်တဲ့အခါ မနပ်၊ တူးတဲ့အခါလည်း ထမင်းနံ့သင်းသင်း မဟုတ်တော့ဘဲ ချိုးနံ့စူးစူး ဖြစ်နေတယ်။

နောက်တော့လည်း အတွေ့အကြုံက ဘဝကိုသင်ပေးလိုက်တာ ထမင်းချက်တဲ့ ဒယ်အိုးကြီးကိုတူးနေတာကို စင်အောင်ခြစ်ထုတ်၊ ရေနဲ့စင်အောင်ဆေး၊ ရေခမ်းအောင်သုတ်၊ မီးကလေးနဲ့ကင်၊ ရေခြောက်ပြီဆိုတော့ ဆီပါးပါးလေးသုတ်၊ မီးနဲ့ နည်းနည်းကင်လိုက်၊ ရေထည့်၊ ရေဆူတော့မှ ဆေးထားတဲ့ဆန်ကိုထည့်။ ထမင်းဟာ လုံးဝ မတူးတော့ဘူး။ မနူးမနပ်ဖြစ်တာလည်း မရှိတော့ဘူး။

ထမင်းကိုခူးပြီးလို့ ကျန်တဲ့ အိုးဖင်ကပ် ထမင်းချိုး အချပ်လိုက်ကြီးကို ဆီကလေးနဲ့ ရွှဲအောင်လူး၊ မီးကျည်ခဲနဲ့ နှပ်လိုက်ပြီးတော့မှ ချိုးအချပ်လိုက်ကြီးကို ခွာလိုက်ရင် ဝါဝင်းပြီး အနံ့သင်းနေတဲ့ ချိုးချပ်ဟာ ကြွပ်ကြွပ်ရွရွနဲ့ စားလို့လည်းကောင်း၊ ဝါးလို့လည်းကောင်းပါ့။

အစတုန်းက ချိုးကပ်ကို သူစားချင် ငါစားချင်နဲ့ ပုံစံနဲ့တောင် ဝေဝေပေးခဲ့ရတာ ကျနော် ပြန်မြင်ယောင်သေးတယ်။ မနက်မိုးလင်းပြီဆိုရင် ဆရာ ဗန်းမော်ကြီးက လက်ဖက်ရည်ထည့်တဲ့ ဆွဲပုံးကလေးရယ်၊ ဆန်ပြုတ်ထည့်တဲ့ ဆွဲပုံးကလေးရယ်ဆွဲပြီး မီးဖိုကြီးကိုသွား၊ ပြန်လာရင် ချိုးချပ်ဝေစုကလေးကို ယူလာပြီး ရဲဘော်လေးတွေကို ဝေပေးပါတယ်။

ပြီးတော့မှ ပင်လယ်ကမ်းစပ်ကို အညောင်းပြေ လမ်းလျှောက်ထွက်ရှာတယ်။ ရက်တွေများစွာ၊ လတွေပါ ကြာလာတဲ့အခါကျတော့ အင်မတန်ကောင်းပါတယ်ဆိုတဲ့ ထမင်းချိုးချပ်ကို ဘယ်သူမှ မလွေးချင်ကြတော့ပါဘူး။

ချိုးဟာ အချပ်လိုက်ကြီး နှမြောစရာလည်းကောင်းလှတော့ ဒလ ဦးထွန်းစိန်ကြီးက အခြောက်လှမ်းရှာတယ်။
ကျနော်ပြောတဲ့ ကန်စွန်းဥထက် အဆများစွာ သာလည်းသာ၊ ကောင်းလည်းကောင်းတဲ့ ရိက္ခာဆိုတာ အဲဒီ ထမင်းချိုးအချပ်ကြီးကို ပြောတာပါ။

ဒီ ထမင်းချိုးအချပ်ကြီး ၁၀ ချပ်ကျော်ကျော်လောက် စုလိုက်ရင် ရိက္ခာခြောက်အဖြစ်နဲ့ သိပ်ကိုကောင်းတာပေါ့။ ဒါပေမယ့် ဒါပေမယ့်ပေါ့ဗျာ၊ ထမင်းချိုးကို ဒီလောက် တပုံတခေါင်းကြီးစုတာ ဘာလုပ်မလို့လဲဆိုတဲ့ စူးစမ်းမှု၊ သံသယတွေ ဝင်လာရင် ပြဿနာရှိနိုင်တယ်လေ။

ပါတီတိုင်း၊ အဖွဲ့အစည်းတိုင်းကလည်း ကိုယ့်ပါတီခေါင်းဆောင်မှု ကိုယ်ထူထောင်နေကြတာ၊ တယောက်အရိပ်အကဲကို တယောက်ကြည့်နေတာ။ ချက်ဆို နားခွက်က မီးတောက်ကြတဲ့ လူတွေချည်းပဲ။ မြင်ရုံသာမြင်ရပြီး မစုဆောင်းရဲတဲ့ အခြေအနေကျမှတော့ ထမင်းချိုးကိစ္စကို ကျနော်လက်လျှော့ပြီး နေလိုက်ရပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်။

No comments: