ရထားထွက်ခါနီးမှ ဦးလေးတို့ ရောက်လာကြပါတယ်။ ဦးလေးကိုကြည့်ရတာ ခါတိုင်းနဲ့ မတူပါဘူး။ ပျော့ယိုင်ယိုင် ဖြစ်နေသလိုပဲ။ ဦးလေး လမ်းလျှောက်ပုံက ခါးက ကော့ကိုင်းကိုင်းဖြစ်နေပါတယ်။ ခါးကိုဆန့်နိုင်သမျှ ဆန့်ထားလို့ ကော့ယောင်ယောင်ဖြစ်နေတာထင်ပါရဲ့။
ဒါပေမယ့် ကိုင်းတိုင်းတိုင်း။ ခါးကတော့ ကိုင်းတိုင်းဟာ ကိုင်းတိုင်းတိုင်းမို့ ကော့ကိုင်းကိုင်းဟန် ပေါက်နေတာပါ။ ခါးကိုင်းတော့ ဦးလေးဝတ်နေကျ အနက်ရောင် မန်ကျည်းစေ့ကွက် တိုက်ပုံအင်္ကျီကြီးက ရှေ့ကို ပိုပြီး ဖားလျားကျနေတယ်။ တောင့်တောင့်မတ်မတ်ဆိုလို့ ခါးပေါ်က လုံချည်ရဲ့မီးခိုးရောင် ကွက်တုံးကြီးတွေပဲ ရှိတော့သယောင် ထင်ရပါတယ်။
ဦးလေးရဲ့ ဘယ်ဘက်လက်မှာ တောင်ဝှေးလို တုတ်တချောင်း ကိုင်ထားတယ်။ တုတ်ကို အတော်လေး အားပြုနေရတော့ လမ်းလျှောက် တုတ်မကိုင်သလိုဘဲ တောင်ဝှေးကိုင်သလို ကိုင်ထားတယ်။ ဒါကြောင့် တောင်ဝှေးလိုတုတ်လို့ စိတ်ထဲမှာ မှတ်မိလိုက်တာပါ။
ဒေါ်ဒေါ်က လိုက်ပို့သူတွေကို နှုတ်ဆက်ပြီး ရထားတွဲပေါ်ကို ချက်ခြင်းတက်သွားပါတယ်။ ဦးလေးစင်္ကြံပေါ်မှာ တာရှည်ရပ်မနေဘဲ ရထားတွဲပေါ် တက်ထိုင်နိုင်အောင်ဆိုတဲ့ သဘောနဲ့တူပါတယ်။ ဒါပေမယ့် ဦးလေးက တွဲပေါ်ကို ချက်ချင်း လိုက်မတက်ပါဘူး။ ဦးလေး ရထားတွဲပေါ်တက်ထိုင်ပြီး အပေါ်က စကားပြောချင်နိုင်အောင်လို့ ကျနော်လည်း တွဲဘေး စင်္ကြံတွင်းပိုင်းအထိ ဝင်လိုက်သွားပါတယ်။
“တနေ့လုံးထိုင်သွားရမှာပဲ ကိုဝင်းတင်ရယ်၊ မတက်သေးပါဘူး” တဲ့။
ဦးလေးက စင်္ကြံပေါ်မှာပဲ အကြာကြီးရပ်ပြီး ကျနော်နဲ့ စကားပြောနေပါတယ်။ ဦးလေးက နိုင်ငံတကာအရေး၊ တိုင်းရေး ပြည်ရေး၊ စာရေးပေရေးတွေကို ပြောနေပါတယ်။
“လူတွေ စာဆိုး ပေညံ့တွေကိုချည်းဖတ်နေရင် နှစ်ပေါင်း သုံးလေးဆယ် အတွင်း နလပိန်းတုံးတွေ ဖြစ်ကုန်နိုင်တယ် ကိုဝင်းတင်ရေ့၊ ဖေတော့မောင်တော့ အီး အား ဒိန်း ဒိုင်း စာတွေနဲ့ပဲ လူတွေ အချိန်ကုန်နေလို့ မဖြစ်သေးဘူး။ စာကောင်းတွေ ရေးဖို့ ထုတ်ဖို့ သိပ်လိုနေပြီ၊ စာကောင်းတွေ ဖတ်မှ လူကောင်းတွေ ဖြစ်မယ်၊ လူတွေကောင်းမှ တိုင်းပြည်ကောင်းမှာ မဟုတ်ဘူးလားဗျာ”
ဦးလေးကိုကြည့်ရတာ ခါတိုင်းလို ရွှန်းရွှန်းဝေဝေ မရှိပါဘူး။ ဦးလေးဟာ စကားပြောရာမှာသာ ရွှန်းရွှန်းဝေဝေ ရရှိတယ်လို့ ဆိုနိုင်သူမဟုတ်ပါဘူး။ ပြုံးကြည်တဲ့ မျက်နှာ၊ ဖျတ်လတ်တဲ့ ကိုယ်ဟန်ကြောင့် ပြုမူလှုပ်ရှားရာမှာလည်း ရွှန်းရွှန်းဝေဝေရှိလှတယ်လို့ ဆိုနိုင်သူဖြစ်ပါတယ်။
“ကိုဝင်းတင် မန္တလေးမရောက်တာ ဘယ်နှနှစ်လောက်ရှိပြီလဲ”
ဦးလေးက သူ့မေးခွန်းကို သူဖြေပြီး ဆက်ပြောသွားပါတယ်။
“၅ နှစ်လောက်တောင် ရှိတော့မှာပါလား၊ မန္တလေးကလူတွေက ကိုဝင်းတင်ကို ခင်ကြတယ်။ ကိုယ့်ကို ခင်တဲ့သူတွေနဲ့ သိပ်အဆက်မပြတ်ကောင်းဘူးလေ။ ဦးလေးရေးလိုက်တဲ့စာ ရတယ်မဟုတ်လား။ ဝါကျွတ်တော့ လာဖြစ်အောင်လာပေါ့ ကိုဝင်းတင်ရယ်”
ဦးလေးပြောတဲ့စာက ဇွန် ၃ ရက်နေ့စွဲနဲ့ ရေးလိုက်တဲ့စာပါ။ အဲဒီစာကို မနေ့ (သြဂုတ် ၁ ရက်)ကပဲ ကျနော် ရပါတယ်။ ဦးလေးရေး လိုက်တဲ့စာလို့ဆိုပေမယ့် အမှန်က ဒေါ်ဒေါ့်ရဲ့စာပါ။ ဒေါ်ဒေါ်ရဲ့စာအောက်မှာ သီတင်းကျွတ် ကိုသိန်းတို့နဲ့ အတူလာရင်ကောင်းမယ်လို့ တကြောင်းထဲ ဦးလေး ဝင်ဖြည့်ရေးနိုင်လိုက်တဲ့စာပါ။ ကိုသိန်းဆိုတာ ဆရာ ဇဝနကို ပြောတာပါ။
ဦးလေးဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘယ်တော့မှ စာအဆက်အသွယ်ပြတ်သူ မဟုတ်ပါဘူး။ စာပြန်ပျင်းတဲ့ ကျနော့်လိုလူမျိုးဆီကိုတောင် မပြတ်လိုလိုသတိရ စာရေးတတ်သူဖြစ်ပါတယ်။ ဒီတခါတော့ တယ်ပြီး နေကောင်းထိုင်သာမရှိလှလို့နဲ့ တူပါရဲ့။ ဒေါ်ဒေါ့် ၅ မျက်နှာစာရှည်ကြီးအောက်မှာ တကြောင်းလောက်သာ ဝင် ‘တို့’ နိုင် ပါတော့တယ်။
“လာမှာပေါ့ ဦးလေးရယ်၊ ဟုတ်မှာပဲ၊ မန္တလေး မရောက်တာလည်း ကြာလှပြီပဲ”
ကျနော် ဦးလေးကို ကတိပေးလိုက်ပါတယ်။
ရထားထွက်တော့ ဦးလေးက အကြာကြီး လက်ပြနှုတ်ဆက်သွားပါတယ်။ မျက်စိအောက်က လူလုံးပျောက်သွားတဲ့အထိ ဦးလေးက ပြူတင်းပေါက်မှာ ခေါင်းထုတ်ပြီး လက်တရမ်းရမ်းလှုပ်ပြသွားလို့  အကြာကြီးလို့ အမှတ်ထားလိုက်မိတာပါ။
အဲဒီနေ့က ကျနော့်နေ့စဉ်မှတ်တမ်းမှာ ဦးလေးရေးမှတ်တာတွေကို ရေးမှတ်ရင်း အပြီးသတ်မှာ “ရထားထွက်တော့ ဦးလေးက အကြာကြီး (၂) လက်ပြနှုတ်ဆက်သွားတယ်။ (။)”လို့ ရေးလိုက်မိပါတယ်။ (၂) က အကြာကြီးဆိုတာ တော်တော့်ကိုကြာတဲ့ အကြာကြီး မှန်းမှတ်မိအောင်လို့ထပ်ကိန်းနဲ့ တေးထားတာပါ။ (။) ကတော့ ကျနော့်စိတ်ထဲမှာ ထင့်နေတဲ့ ပူပန်မှုကို ဘယ်လိုမှ ထုတ်မရေးရက်လို့ မေးခွန်းသင်္ကေတနဲ့ မှတ်ထားတာပါ။
အဲဒီနေ့က ကျနော့်စိတ်ထဲမှာ ထင့်ခနဲဖြစ်လိုက်ရတဲ့ ပူပန်မှုက ဦးလေးရဲ့ကျန်းမာရေးအခြေအနေ သိပ်များဆိုးနေပြီလား၊ ဖွဟဲ့၊ လွဲပါစေ၊ ဖယ်ပါစေ။ ဦးလေးကို နောက်ဆုံးတွေ့လိုက်ရတာများ ဖြစ်နေမလား၊ ဦးလေးအကြာကြီး လက်ပြနှုတ်ဆက်သွားတာက ဘာသဘောလဲ၊ ဦးလေး စိတ်ထဲမှာလည်း ငါတို့ကို နောက်ဆုံး တွေ့ရတာပဲလို့ ထင်နေလားဆိုတဲ့ ပူပန်မှုပါပဲ။
ကျနော် ဘူတာကြီးကပြန်တော့ ဆရာ တက်တိုးတို့အိမ်ကို ဝင်သွားပါတယ်။
“ဦးလေးလှတော့ ကျန်းမာရေး အတော်ဆိုးနေပြီထင်တာပဲ ဆရာရယ်၊ စိတ်မကောင်းဘူး၊ အသက်မှရှည်ပါ့မလား မသိဘူး”
လို့ နိမိတ်မရှိ၊ နမာမရှိ ကျနော် ပြောလိုက်မိပါတယ်။
ဆရာတက်တိုးနဲ့ ဆရာကတော် ဒေါ်နုယဉ်တို့လည်း ဟုတ်လား၊ ဟုတ်လားနဲ့ စုတ်တသပ်သပ် ဖြစ်နေကြပါတယ်။ ဆရာက သူတို့မင်္ဂလာဆောင်တုန်းက ဦးလေးပို့ပေးတဲ့ လက်ဆောင် ပစ္စည်းကလေးကို ထုတ်ပြပါတယ်။
“ကိုလှက သိပ်စိတ်ကောင်းရှိတဲ့လူ၊ သိပ်ချစ်တတ် ခင်တတ်တဲ့လူကွ”
ဆရာက နှစ်နှစ်လိုလို ပြောပါတယ်။
“အေးပေါ့ကွာ အသက်တွေကြီးလာတော့လည်း သေကြရမှာပေါ့၊ ငါ့ကိုကော သေခါနီးပြီလို့  မင်းက ထင်နေသလား”
“ဟာ … ဆရာကလည်း မဟုတ်တာ”
“ထင်လည်း အရေးမကြီးပါဘူး မောင်ရာ၊ အသက်ကြီးတဲ့လူတွေဆိုတာ ကြီးလာလေ သေရမှာ မကြောက်လေပဲကွ၊ မှတ်ထား၊ အချိန်မရှိတော့ဘူးဆိုတာသိတော့ ပိုအလုပ်လုပ်တယ်၊ အလုပ်ပိုလုပ်တော့ အသက်ပိုရှည်ပြန်ရောကွ၊ ကိုလှ အသက်ရှည်မှာပါကွာ၊ မပူပါနဲ့၊ သူက တသက်လုံး သိပ်အလုပ်လုပ်တဲ့လူ၊ ခုအချိန်ဆို ပိုတောင် အလုပ်လုပ်နေအုံးမှာ၊ ဒီတော့ ပိုအသက်ရှည်မှာမောင်ရေ့ စိတ်သာချ”
ဆရာတက်တိုးစကားကြောင့် ကျနော့်စိတ်ထဲမှာထင့်နေတာ သက်သာတန်သလောက် သက်သာသွားပါတယ်။
သက်သာရာရတယ်ဆိုပေမယ့် ရက်ပိုင်းပါပဲ။ သြဂုတ် ၇ ရက် မနက်စောစောမှာ ဆရာဇဝနဆီက စာတိုကလေးတစောင် ရောက်လာပါတယ်။
ဦးလေးဆုံးပြီ ဆိုတဲ့သတင်းကို ဆရာသုခက တယ်လီဖုန်းဆက်ပြောကြောင်း … …
အလွန်ခိုင်ခံ့တောင်းတင်းတဲ့ ဆရာဇဝနလက်ရေးနဲ့ရေးထားတဲ့ စာရွက်ပေါ်က စာလုံးတွေဟာ ကျနော့်ရဲ့မျက်စိထဲမှာ ယိမ်းပြိုလာသလို ထင်ရပါတယ်။ စာလုံးတွေယိမ်းပြိုတာကို မျက်စိထဲမှာ မြင်နေရသလိုပဲ ရင်ထဲမှာလည်း ကျောက်သား တောင်ကြီးတလုံး ဝုန်းခနဲ ပြိုကျသွားတာကို ကြည့်မြင်နေရသလို ခံစားလိုက်ရပါတယ်။
(၂)
ချက်ခြင်းပဲ မန္တလေးသွားဖို့ ကျနော် စီစဉ်ပါတယ်။ ဆရာဇဝနကလည်း အတူသွားကြမယ်၊ မန္တလေးမှာ ရက်လည်အောင် နေကြမယ်ပေါ့။ ဒါပေမယ့် အစီအစဉ်ပျက်သွားပါတယ်။ ဆရာဇဝန သိပ်စိတ်ထိခိုက်နေပြီ၊ သွေးတက်နေပြီ။ မန္တလေးကို လိုက်နိုင်မယ့်အခြေအနေ လုံးဝ မရှိတော့ဘူး။
ဒေါ်ဒေါ့်ဆီကို စာရှည်ကြီးတစောင်ရေးပြီး သူ့သားမက် ဆရာကိုမျိုးအောင်ကိုပဲ ကိုယ်စားလွှတ်နိုင်တော့မယ်။ ဒါနဲ့ ကျနော်တယောက်တည်း မန္တလေးကို ထွက်ခဲ့ရတော့တယ်။ ရထားပေါ်ကျတော့မှ ဦလေးရဲ့မိတ်ဆွေကြီး ဦးအေးကြည်တို့၊ စာရေးဆရာမ ခင်ဆွေဦး သားအမိတို့နဲ့ ဆုံပါတယ်။ မန္တလေးရောက်မဆိုက်ဘဲ လူထုတိုက်ကို တန်းသွားကြပါတယ်။
“ကိုဝင်းတင်ရယ် ရှင့်ဦးလေးက ရှင့်ကို မန္တလေးလာစေချင်တာ ဒီပုံမျိုးနဲ့လာစေချင်တာ မဟုတ်ပါဘူး ကိုဝင်းတင်ရဲ့”
လို့ ဒေါ်ဒေါ်က ငိုပါတယ်။
ဒေါ်ဒေါ်က မျက်ရည်လည်ရွဲနဲ့ ကြေကွဲတဲ့စကားတွေကို ပြောနေပါတယ်။ ကျနော်လည်း မျက်ရည်မကျအောင် အနိုင်နိုင် ထိန်းနေရပါတယ်။ ဦးလေးရဲ့ရုပ်ကလာပ်ကို ကျနော် အကြာကြီး စိုက်ကြည့်နေမိပါတယ်။
ပြီးတော့ ကျနော့်မျက်စိကို အကြာကြီး မှိတ်ထားလိုက်ပါတယ်။ မှိတ်ထားတဲ့မျက်စိထဲမှာ ဦးလေးရဲ့ သက်မဲ့ရုပ်ကလာပ်ကို မမြင်ပါဘူး။ ကြည်သာရွှန်းဝေတဲ့ မျက်နှာ၊ လန်းဆန်းဖျတ်လတ်တဲ့ ကိုယ်ဟန်နဲ့ သက်ရှိလှုပ်ရှားနေတဲ့ ဦးလေးကိုပဲ မြင်ယောင်နေမိပါတယ်။ စိတ်အာရုံထဲမှာလည်း ဦးလေးရဲ့ စိတ်ကောင်းလူကောင်း ဂုဏ်ဒြပ်တွေကို တစေ့စေ့ တွေးမှတ်နေမိပါတယ်။
“ဒေါ်ဒေါ်ရယ် ဦးလေးဟာ လူ့လောက ကောင်းကျိုးကို အများကြီး သယ်ပိုးသွားတဲ့ သူဆိုတော့ လူ့လောကမှာ အကြာကြီး နေသွားရဖို့ ကောင်းတာပေါ့။ အသက် ခုနှစ်ဆယ်ကျော်အထိ နေရတယ်ဆိုတာလဲ အကြာကြီးပါပဲ။ ဒါထက် ကြာကြာကြီး ပိုမနေရတဲ့အတွက် နှမြောစရာကောင်းတာ တခုပါပဲ”
ဆက်လက်ဖော်ပြပါမယ်။
ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်
လက်ရေးစာလုံး - ဒေါင်းနီ
No comments:
Post a Comment