ဘယ်ကိုပဲ လွမ်းလွမ်း၊ လွမ်းတာတော့ လွမ်းတာပါပဲ။ လွမ်းပုံချင်းတွေကတော့ မတူကြပါ။ တချို့က မိုးကလေးညို့ရင် လွမ်းတတ်ကြပြီး တချို့ကတော့ သီချင်းသံကလေးကြားရင် လွမ်းပါသတဲ့။ ဘယ်သူမဆို အနည်းနဲ့အများ လွမ်းတတ်ကြတာချည်းပါပဲ။
အလွမ်းစိတ်တွေထဲမှာ ကျေးလက်အလွမ်းစိတ်က မြို့ပြကိုလွမ်းတဲ့စိတ်ထက်ပိုပြီး အတိုင်းအဆမြင့်မယ်လို့ ထင်ပါတယ်။ မြို့ပြဟာ ကျေးလက်ထက်စာရင် ပျော်ပါးစရာ၊ သွားလာစရာ များပြားလှပေမယ့် မွန်းကျပ်မှုက ကျေးလက်ထက် ကြီးမားပါတယ်။ ဆူညံလှတဲ့ မြို့ပြမှာ ချိုးကူသံကို ကောင်းကောင်းကြားရမှာ မဟုတ်သလို လသာတဲ့ ညချမ်းတွေကိုလည်း အရသာခံပြီး ကြည့်လို့မရနိုင်ပါ။
ဒါက တိုးတက်မှု နှေးကွေးပင်နှေးငြားသော်လည်း ကျေးလက်ရဲ့ အားသာမှုတခု ဖြစ်တယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။
မြို့ပြမှာ မွေးဖွားကြီးပြင်းလာသူတွေက တောသားတွေရဲ့ ရွာလွမ်းစိတ်ကို ကိုယ်ချင်းစာတတ်ချင်မှ စာတတ်ပါမယ်။ ဒါပေမယ့် တောကနေမြို့ကို ပြောင်းရွှေ့အခြေချခဲ့သူတွေကတော့ ကိုယ်ချင်းစာတတ်ပါလိမ့်မယ်။ ဒါဆိုရင် မြို့ကို ရောက်နေတဲ့သူတွေက ရွာကို ဘာကြောင့်လွမ်းပါသလဲ။ မြို့ကြီးကိုရောက်သူတွေကရော မြို့ငယ်တွေကို ဘာကြောင့်သတိရကြပါသလဲ။
တိုင်းတပါးကိုရောက်နေတဲ့သူတွေက ကိုယ့်နိုင်ငံကို ဘာကြောင့် တမ်းတကြပါသလဲ။ သေချာတဲ့အချက်ကတော့ လူတကိုယ်စာဆိုတဲ့ နေထိုင်ရပ်တည်စရာနေရာကြောင့် မဟုတ်ပါဘူး။ လွမ်းဆွတ်လောက်၊ တမ်းတလောက်တဲ့ ဆွဲဆောင်နိုင်မှုတွေရှိနေလို့သာ ဖြစ်ပါတယ်။
ကျနော်တို့ဟာ တစုံတရာ အောင်မြင်နေသူလား၊ ဒါမှမဟုတ် ငွေကြေးဥစ္စာကို အရင်ကထက် ပိုမို ရှာဖွေနိုင်သူတွေလား၊ ဒါမှမဟုတ် လူမှုနယ်ပယ်တွေမှာ အတိုင်းအတာ အထိုက်အလျောက် ဝင်ဆံ့နေပြီလား။
အဲဒါတွေဟာ နေ့ချင်းညချင်း ဖြစ်လာတာတော့ မဟုတ်ပါဘူး။ တဖြည်းဖြည်း ကျယ်ဝန်းလာတာသာ ဖြစ်ပါတယ်။ သူတို့ရဲ့ မြစ်ဖျားခံရာက ကျနော်တို့ ဘဝရဲ့ ရှေ့ပိုင်းနှစ်တွေနဲ့ ရှေ့ပိုင်းပတ်ဝန်းကျင်၊ ရှေ့ပိုင်း အခင်းအကျင်းတွေပါပဲ။ အဲဒါတွေကပဲ လွမ်းစိတ်များဖြစ်ပေါ်အောင် နှိုးဆော်တယ် မဟုတ်ပါလား။
လူနေမှုမြင့်မားရေး ဘဝတိုးတက်ရေးဆိုတဲ့ မျှော်လင့်ချက်တွေ၊ တောင့်တလိုလားချက်တွေနဲ့ ကျနော်တို့ဟာ ကျေးလက်တောရွာ လယ်ကန်သင်းရိုးကလေးတွေကနေ လမ်းကြမ်းပေါက်တဲ့အရပ်၊ အဲဒီကနေ ကတ္တရာလမ်းရှိတဲ့အရပ်တွေကို ပြောင်းရွှေ့ရင်း လူရည်လည်ဖို့ ကြိုးစားခဲ့ကြပါတယ်။
အဲဒီကမှ သိပ်ပြီးအဆင်ပြေရင်တော့ နိုင်ငံရပ်ခြားကို ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့။ ရည်ရွယ်ချက်မျိုးစုံ၊ ဘဝပေး အခြေအနေမျိုးစုံမို့ တယောက်နဲ့တယောက် ဦးတည်ချက်ချင်းတော့ တူမှာမဟုတ်ပါဘူး။ ဒါကြောင့် ရလဒ်တွေကလည်း ကွဲပြားနေမှာပါပဲ။
စပါးနှံကလေးတွေကိုကိုက်ချီပြီး အသိုက်အမြုံဆီ ပျံသန်းသွားတဲ့ ငှက်ကလေးတွေကို ကျနော်တို့ တွေ့ဖူးကြပါတယ်။ ငွေနဲ့ ပစ္စည်းပစ္စယ အထုပ်အပိုးတွေကိုပိုက်လို့ အိမ်ပြန်သွားသူတွေကိုလည်း ကျနော်တို့ မြင်ဖူးကြပါတယ်။
ဒီလိုပဲ ကိုယ့်တကိုယ်စာ စားသောက်ပြီးပြန်သွားတဲ့ သတ္တဝါတွေနဲ့ အပြင်မှာစိတ်ကြိုက် ပျော်ပါးပြီး လက်သပ်ကိုယ်ကျွတ် အိမ်ပြန်သွားသူတွေကိုလည်း ကျနော်တို့ တွေ့ဖူးကြတာပါပဲ။ ဘယ်နည်းဘယ်ပုံနဲ့ အိမ်ကို ပြန်တာပဲဖြစ်ဖြစ် အားလုံးကတော့ “အိမ်ကို သတိရလို့” တဲ့။
မြို့ကလူတွေဟာ ကိုယ်နေထိုင်ခဲ့ဖူးတဲ့ ရွာကိုပြန်တဲ့အခါ မြို့ကနေ စားစရာဖြစ်ဖြစ်၊ လက်ဆောင်ပစ္စည်း ကလေးတွေပဲဖြစ်ဖြစ် ဝယ်သွားယူသွားတတ်ကြပါတယ်။ အဲဒီလိုယူသွားတဲ့အခါ ဟိုကလူတွေကလည်း တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သူတို့ကို သတိတရရှိတယ်ဆိုတဲ့အတွေးတွေနဲ့ ပျော်လို့။
ဘာမှ မပေးနိုင်ရင်တောင် မြို့ကိုရောက်ပြီး ပညာတွေဘယ်လောက် တတ်နေပြီ၊ ဘယ်လောက်ဝင်ဆံ့နေပြီ စတဲ့ သတင်းစကားတွေက ဟိုမှာရှိတဲ့သူတွေအတွက် ကြွားစရာ၊ ဂုဏ်ယူစရာတွေပေါ့။ တို့ဆီမှာနေသွားတဲ့ ဘယ်သူတော့ဖြင့် မြို့မှာ ဘယ်လောက်အောင်မြင်နေပြီ၊ ဘယ်ဝါတော့ဖြင့် ဘယ်လောက်တိုးတက်နေပြီ စသဖြင့်ပါပဲ။
ဒီလိုဆို ကျနော်တို့ကရော …။
ကျနော်ဟာ မြို့ကိုရောက်လာတဲ့ တောသားတယောက် ဆိုကြပါစို့။ ကျနော်လည်း ရွာကိုလွမ်းတာပါပဲ။ လွမ်းတယ်လို့ ပြောမှာပါပဲ။ ဒါပေမယ့် ကျနော်က ရွာကိုပြန်ဖြစ်ချင်မှ ပြန်ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ယစ်မူးခြင်းနဲ့ ရှုံးနိမ့်ခြင်းများက ရွာကိုမပြန်ဖြစ်အောင် တားဆီးထားလို့ပါ။
ယစ်မူးခြင်းဆိုတာ အရက်သေစာမူးယစ်ခြင်းကို ဆိုလိုတာမဟုတ်ဘဲ ငြိတွယ်စရာတခုခုကနေ ရုန်းမထွက်နိုင်တာကို ဆိုလိုပါတယ်။ အပျော်အပါးတွေပဲ ဖြစ်ဖြစ်၊ အခွင့်အလမ်းတွေပဲ ဖြစ်ဖြစ်၊ သာယာမှုတွေပဲ ဖြစ်ဖြစ် ကိုယ့်ကိုဆွဲဆောင်လို့ ကိုယ်ကလည်း အဲဒီအပေါ်မှာ မက်မောငြိတွယ်သွားပြီဆိုရင်တော့ အဲဒီအနေအထားကလေး ပျက်သွားမှာစိုးလို့ ကိုယ်ခုံမင်ရာ ဝန်းကျင်လေးကို မစွန့်နိုင်တော့ပါဘူး။
ဒီစွဲလမ်းမှုက နောက်ကိုပြန်မလှည့် ကြည့်ရုံတင်မကဘဲ ရှေ့ကိုဆက်သွားဖို့ တနည်းအားဖြင့် ကိုယ့်ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့တောင် ပျက်ကွက်ပြီး လမ်းတဝက်မှာ ရပ်နေတတ်တဲ့ အထိပါပဲ။
ရှုံးနိမ့်ခြင်းဆိုတာကတော့ အောင်မြင်မှုမရတဲ့အနေအထားတခုပေါ့။ ဘယ်ကိုရောက်ရင် ငါဟာ ဘာဖြစ်ရမယ်လို့ ကြွေးကြော်ထားသူများအနေနဲ့ သူတို့ကြွေးကြော်ထားသလို မဖြစ်တဲ့အခါ မူလထွက်ခွာခဲ့တဲ့နေရာကိုပြန်ဖို့ ဝန်လေးကြပါတယ်။ ကိုယ်လိုချင်တဲ့အတိုင်းအတာကို မရောက်တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်နေပြီလို့ ထင်တတ်ကြတယ် မဟုတ်လား။
ဒါက စောစောက ယစ်မူးခြင်းထက်စာရင် တော်သေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း စိတ်ပျက်အားငယ်မှုပေါင်း များစွာနဲ့ပဲ အချိန်တွေကုန်ခန်းစေမယ်ဆိုရင်တော့ ဘာမှမထူးပြန်ပါဘူး။ သေချာတဲ့အချက်ကတော့ ကျနော်တို့ဟာ အိမ်အပြန်လှဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးတခုသာပါပဲ။
ကျနော့်ရွာမှာ ကျနော်တို့ကို ကျွေးမွေးလိုက်ရလို့ မြေဆီသြဇာတွေ ကုန်ခန်းခဲ့ပါပြီ။ ကျနော်တို့ ထင်းဆိုက်လို့လည်း သစ်ပင်တွေ ကုန်သွားပါပြီ။ သီးပင်စားပင်လေးတွေလည်း နည်းပါးလာပါပြီ။ ကျနော်တို့က ကြော့လို့၊ ဟိုမှာကတော့ လျော့လို့။
အဲဒီလျော့ပါးမှုတွေကို ဖြည့်ဆည်းဖို့ ကျနော်တို့က ပြန်ကြမှာလား၊ ဒါမှမဟုတ် ကျန်နေတဲ့ အရင်းအမြစ်ကလေးတွေကိုပဲ ထပ်မံသွားရောက်ပြီး စားသောက်ကြမှာလား။
ဒီတော့ ကျနော်တို့ရဲ့ အပြန်ခရီးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ။ ကိုယ့်ရဲ့ လက်ရှိနေထိုင်မှုတွေကရော ပြင်ဆင်နေခြင်းတွေလား။
ကျနော်တို့က ရွာကို တကယ်လွမ်းတာလား။ ။
ထိန်လင်း
သရုပ်ဖော်ပုံ - အင်တာနက်
ရေစီးသံ ဂျာနယ်
အတွဲ ၇၊ အမှတ် ၃
ဇွန်လ ၁၆ ရက်၊ ၂၀၀၃ ခုနှစ်
အတွဲ ၇၊ အမှတ် ၃
ဇွန်လ ၁၆ ရက်၊ ၂၀၀၃ ခုနှစ်
No comments:
Post a Comment