၎င်းသစ်ဖြူသည် ပျော့ညွတ်ပြီး အသားဆတ်လွယ် ကျိုးလွယ်ခြင်း မရှိပါ။ ဤသစ်ဖြူသားကို ရွက်တိုင်အဖြစ် အသုံးပြုဖို့ ရွေးချယ်လိုက်ပါသည်။ ခြေသလုံးအရွယ်ရှိ သစ်ဖြူပင် ၂ ပင်ကို ရှာပြီး ခုတ်လိုက်ပါသည်။
ရွက်တိုင်အရှည်ကို ၁၂ ပေခန့်ထားပါသည်။ ရွက်တိုင် ၂ တိုင်ကို အခွံခွာပြီး တောထဲမှ ထမ်းထုတ်လာခဲ့သည်။ ဗိုလ်တင့်တယ်တို့တောင်ယာနားတွင် ဝှက်ထားလိုက်ပါသည်။ ရွက်တိုင် ၂ တိုင်မှာ ကျန်တတိုင်သည် အရံရွက်တိုင်အဖြစ် အဆင်သင့်လုပ်ထားခြင်းဖြစ်သည်။
နောက်နေ့များတွင် လှော်တက်ကို လိုက်ရှာခုတ်ပါသည်။ လှော်တက်မှာ စစ်ပင်မှ စစ်သားကို ရွေးပါသည်။ ကျနော်တို့မြစ်ဝကျွန်းပေါ်တွင် လှော်တက်လုပ်သည့် အသားများထဲတွင် ကျွန်း၊ ပျဉ်းမနှင့် စစ်ပင်အသားကို လှော်တက်လုပ်တာ တွေ့ဖူးပါသည်။ လှော်တက်ကို ၃ ချောင်း ခုတ်သည်။ တချောင်းမှာ အရံအတွက်ဖြစ်သည်။ ၇ ပေကျော်လောက် ရှည်မည်ထင်သည်။ ရွက်တိုင်နှင့် လှော်တက်များကို ခုတ်ပြီးသည့်နောက် ညဘက်တွင် ဂျယ်ရီကျွန်းကလေး၏ ဆပ်သွားဖူးရုံထဲသို့ ပို့ထားလိုက်ပါသည်။
လှေအတွက် ပွဲညက် (အင်တွဲ) လိုပါသည်။ လှေပျဉ်အစပ်တွင် ပွဲညက်နှင့် ထေးရ ဖာရပါသည်။ ကျွန်းပေါ်တွင် တောဂွေးပင်နှင့်ဆင်တူသော အပင်တမျိုးရှိပါသည်။ ၎င်းအပင်သည် လေမိုးဒဏ်ကြောင့် အကိုင်းကျိုးကျသည့် နေရာတွင် အစေးများထွက်ပါသည်။ ၎င်းအစေးများသည် လနှင့်ချီပြီးကြာလျှင် မာခြောက်ပြီး ခဲသွားပါသည်။ မာခြောက်ပြီးခဲသွားသော အင်တွဲတုံးကို ကျနော်တို့ ၂ ယောက် လိုက်ရှာကြပြီး ကောက်ပါသည်။
အင်တွဲတုံးကို အမှုန့်ထောင်းရာတွင် တောထဲသွားပြီး ထောင်းပါသည်။ ဖထီးမန်းက ခြုံထဲဝင်ပြီး ထောင်း၊ ကျနော်က အပြင်က ကင်းစောင့်။ အမှုန့်ဖြစ်လာတော့ အင်တွဲမှုန့်၊ တချို့က ပွဲညက်မှုန့်ဟု ခေါ်ပါသည်။ ၎င်းအမှုန့်ကို ရေနံဆီနှင့်နယ်လျှင် ပျော့အိပြီး စီးလာပါသည်။ လှေပျဉ်ချပ် ၂ ခု၏ အစပ်ကြားတွင် ပွဲညက်နှင့် ဖာရ ထေးရပါသည်။
ရွက်တိုင်လည်း ပြီးပြီ။ လှော်တက်လည်း ပြီးပြီ။ ပွဲညက်လည်း ပြီးပြီ။ လှေကို ဘေးကနေ ဝါးလုံးညှပ်ပြီး တွဲထားမည်။ ဘောအဖြစ်နှင့် ဖြစ်ပါသည်။ လှေလူးခြင်း၊ တိမ်းခြင်းနှင့် လှိုင်းဒဏ်ခံနိုင်အောင် ဖြစ်ပါသည်။ ဤအစီအစဉ် စိတ်ကူး စိတ်သန်းများ သည်လည်း ဖထီမန်းအောင်ကြည်၏ အစီအမံနှင့် စိတ်ကူးစိတ်သန်း ဖြစ်ပါသည်။
ကျွန်းမှာ ဝါး အတော်ရှားပါသည်။ စခန်းနှင့် ၃ မိုင်လောက်ဝေးသော တောနက်ထဲတွင် ဝါးရုံတရုံ ရှိပါသည်။ လူကြီး လက်ကောက်ဝတ်လောက် အရွယ်အစားတွေကို ခုတ်ယူပါသည်။ လှေတဖက်တချက်ကို ၂၅ လုံးစီ တွဲထားမည်။ ဝါးလုံးများကို ၉ တောင်ခန့်စီ အရှည်ခုတ်ပါသည်။ ပြီးတော့ ဗိုလ်တင့်တယ် တောင်ယာအထိ ထမ်းလာပြီး ဝှက်ထားပါသည်။
ဝါးလုံးကိုချည်ဖို့အတွက် သွပ်နန်းကြိုးကို ၁၂ လုံးတွဲ ဝင်းအသစ်တခုထဲမှ ဘားတိုက်တန်းလျားထဲတွင် သွယ်ထားသော သွပ်နန်းကြိုးကို ကျနော်ယူပြီး ခိုးဖြုတ်ယူလိုက်သည်။ လျှပ်စစ်ဝါယာကြိုးတွေကိုလည်း အလားတူ ဖြုတ်ယူပါသည်။
ကျနော်တို့ အကျဉ်းသမားများနေသော ၁၂ လုံး ဝင်းမျိုး ၃ ခုရှိပါသည်။ ရန်သူက နဂိုမူလ အစီအစဉ်က ကျနော်တို့ကို ရာဇဝတ်ထောင်ကျ အကျဉ်းသားတွေလို သဘောထားပြီး အုန်းခြံစိုက်ပျိုးဖို့ အစီအစဉ် ရှိထားသည်။ ရန်သူ၏အစီအစဉ်ကို ကျနော်တို့အကျဉ်းသားများသိရှိရပြီးနောက် နည်းပေါင်းစုံတို့ဖြင့် တိုက်ပွဲဝင်ခဲ့ကြပါသည်။ ကျနော်တို့ကို အုပ်ချုပ်မရ၊ ထိန်းသိမ်းမရသည့် အခြေအနေများ၊ ထောင်တိုက်ပွဲများ အဆက်မပြတ် တိုက်လာခဲ့သည့် အခြေအနေကြောင့် ကျွန်းသို့ နောက်ထပ်ပို့မည့် ကျနော်တို့နှင့် ဘဝတူ နိုင်ငံရေးအကျဉ်းသားများကို မပို့ဖြစ်တော့ပါ။
ထိုစဉ်က မဆလ၏ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူသူမှာ ဗိုလ်စိန်မြ ဖြစ်ပါသည်။ မဆလ၏ ဖိနှိပ်ရေး ပေါ်လစီကို တာဝန်ခံ အကောင်အထည်ဖော်ခဲ့သူ ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲကြီး ပေါ်ပေါက်လာပြီးနောက် နယ်စပ်သို့ ရောက်ရှိလာသည်။
ဒညတ ထဲတွင်ရှိနေစဉ် ထိုစဉ်က ဆရာဦးလှဖေသည် ဆန်ခလတွင် ဦးစိန်မြတို့နှင့် အတူရှိနေသည်။ ဆရာဦးလှဖေထံ ကျနော်သွားခဲ့ပါသည်။ ဦးစိန်မြကိုလည်း ကျနော် တွေ့ပါသည်။ ဦးစိန်မြကို တွေ့တွေ့ချင်း ကျနော် ဦးဆုံးပြောသည့် စကားမှာ …
“ခင်ဗျားဟာ ကျနော်တို့ရန်သူဖြစ်ခဲ့တယ်၊ ခင်ဗျား ပြည်ထဲရေးဝန်ကြီးဘဝမှာ ကျနော်တို့ ကျွန်းကရဲဘော်တွေ ၁၂ ယောက် ကျခဲ့တယ်။ ခင်ဗျားမှာ တာဝန်အရှိဆုံးပဲ၊ အေး … ဒါပေမယ့် ဒီအချိန်မှာ ပြည်သူတွေဘက်က ရပ်တည်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အတွက် ပြီးခဲ့တဲ့ကိစ္စတွေကို ခွင့်လွှတ်နိုင်ပါတယ်”
ကျနော် စွမ်းသမျှလည်း နိုင်ငံရေးအရ ဝိုင်းရံပေးခဲ့ပါသည်။
လှေမလူးအောင် ရေစူးဆိုတာ
လှေကိုတည်ဆောက်ရာတွင် လှေမလူးအောင် ရေစူးဆိုသည့်အရာကို လှေအောက်တွင် ရိုက်ထားရပါသည်။ ဖထီးမန်း မမြင် မတွေ့ဘူးသည့်အတွက် တကယ့်လက်တွေ့တွင် ဘယ်လိုလုပ်ရမည်ကို ခက်နေပါသည်။တနေ့မနက်တွင် ဖထီးမန်းနှင့် ကျနော်တို့နှစ်ယောက် လိပ်သောင်ဘက်သို့ ထွက်လာပါသည်။ လိပ်သောင်၏ အလယ် လောက်အရောက်တွင် ကမ်းခြေတောစပ်ထဲသို့ဝင်ပြီး တောင်ကြောပေါ်သို့ တက်ခဲ့ပါသည်။ တောင်ကြောပေါ်မှ ပြန်ဆင်းခဲ့ရာ ရေမရှိတော့သော စမ်းခြောက်တခုကို တွေ့ရပါသည်။ စမ်းခြောက်ကလေးမှာ ကျောက်တုံး၊ ကျောက်ခဲ သေးသေးများ ညီညီညာညာ ဖြန့်ဖြူးစွာရှိပြီး အလွန်သာယာပါသည်။
လက်မောင်းခန့်ရှိသည့် နွယ်ကြိုးများမှာ ပေါင်ရင်းလောက်အမြင့်တွင် စမ်းခြောက်လေး၏ ဟိုဘက်နှုတ်ခမ်း သည်ဘက်နှုတ်ခမ်းထိ သွယ်တန်းနေပါသည်။ ကလေးများ ဒန်းလုပ်ပြီး စီးချင်စဖွယ် ဖြစ်ပါသည်။
ဤနွယ်တန်းလေးများမှာ မိုးအခါ တောင်ကျရေနှင့်ဆိုလျှင် ပုခက်လွှဲသကဲ့သို့ဖြစ်ပြီး အလွန်ကြည့်ကောင်းပါ သည်။ ကျနော်တို့ ၂ ယောက် ၎င်းစမ်းခြောက်လေးအတိုင်း အရှေ့ဘက်ကမ်းခြေသို့ မှန်းပြီးလာခဲ့ပါသည်။ မြေပြင်မှာလည်း ညီညာပြန့်ပြူးပြီး ပင်ကြီးပင်ငယ်များဖြင့် သာသာယာယာရှိပါသည်။ ကျနော်တို့လည်း အတော်လျှောက်လာခဲ့ပြီဖြစ်၍ ထမင်းလည်းဆာ ရေလည်းငတ်ပါသည်။
ရှေ့သို့အနည်းငယ်ဆက်လျှောက်လာရာ လက်ခုပ်တဖောင်ကျော်ကျော်ရှိပြီး သီးခိုင်သီးရင့်များဖြင့် ပြွတ်ခဲနေသော အုန်းပင်ပျိုတစုကို တွေ့လိုက်ရပါသည်။
ကျနော်တို့လည်း ဆာလောင်မောပန်းနေသည်ဖြစ်၍ နားလိုက်ပါသည်။ ကျနော် အုန်းပင်ပေါ်တက်ပြီး သားပြည့် ရည်ပြည့် ဇွန်းခြစ်အုန်းခိုင်တခိုင်ကို ခုတ်ချလိုက်ပါသည်။ အုန်းရည်သောက် အုန်းသီးဇွန်းခြစ် အသားနုနုကိုစား ဒီနေ့မနက်အဖို့တော့ ထမင်းလွတ် အုန်းသီးနုနုအသားကို အဝစားကြပါသည်။ အမောအပန်းဖြေ ခဏနားပြီး အုန်းသီးနုနုသားကို အပိုယူခဲ့ပါသေးသည်။
စမ်းချောင်းလေးအတိုင်း လိုက်လာရာ အရှေ့ဘက်ကမ်းခြေကို ဘွားခနဲ မြင်လိုက်ရပါသည်။ ကမ်းခြေအတိုင်း တောင်ဘက်သို့ပြန်လာခဲ့ပါသည်။ ၁၅ မိနစ်ခန့် လျှောက်လာရာ ကမ်းခြေအစပ်တွင် လှေတစီးပျက်ပြီး တင်နေသည်ကို လှမ်းမြင်ရ၍ ကျနော်သွားကြည့်ပါသည်။ လှေပျက်သည် လှေဝမ်းသာကျန်ပြီး လှေ၏ဘေးကာ ပျဉ်ပြားမရှိတော့ပါ။ လှေဝမ်း မှာလည်း မှောက်ခုံဖြစ်နေပါသည်။
ဤမှာတင် လှေဝမ်းတွင်စပ်ရမည့် ရေစူးပြဿနာသည် ရှင်းသွားပါတော့သည်။ ကျနော်က ဝမ်းသာအားရဖြင့်...
“ဖထီးမန်း၊ ဖထီးမန်း … ဒီမှာလာကြည့်စမ်း”
လှမ်းခေါ်လိုက်သည်။ ဖထီးမန်းရောက်လာသောအခါ လှေဝမ်းကို ကျနော်လက်ညှိုထိုးပြလိုက်သည်။ လှေဝမ်း၏အလယ်ကြော ပျဉ်ချပ်တွင် ၆x၂ ပျဉ်တချပ်ကို လှေဝမ်းနှင့်ကပ်လျက် ရိုက်ထားပါသည်။ ဖထီးမန်းလည်း ရေစူးပျဉ်ရိုက်ထားပုံကို သေသေချာချာ ကြည့်ထားပါသည်။ ရေစူးမှာ လှေကိုငြိမ်အောင် လှေကိုမလူးအောင် ထိန်းထားပုံရပါသည်။
ဒီမနက်တော့ ကျနော်တို့ တောင်တက် တောတိုး မောရကျိုးနပ်ပါသည်။ ဖြေရှင်းမရသည့် ရေစူးပြဿနာသည် ဝိရိယအကျိုးကြောင့် ရှင်းလင်း၍ သွားပါသည်။
ရေစူးပျဉ် ရေစူးပျဉ် … ဘယ်မှာရနိုင်မလဲ စဉ်းစားပါသည်။ အိမ်ဟောင်းများတွင် လိုက်ရှာရာ အိမ်က ပန်းပိတ်ရိုက်ထားသည့် ၆x၁ခွဲ ပျဉ်တချပ်ကိုတွေ့ပြီး ခွာယူလိုက်ပါသည်။ ခြုံထဲတွင် ဝှက်ထားပြီးမှ ညမိုးချုပ်တွင် ဂျယ်ရီးကျွန်းကလေးက ခြုံထဲသို့ ပို့ထားလိုက်ပါသည်။
နောက်ရက်အရောက်တွင် လှေကိုမှောက်ပြီး ၆x၁ခွဲ ပျဉ်နှင့် ရေစူးပျဉ်ကို ရိုက်ပါသည်။ ရေစူးပြဿနာလည်း ရှင်းလို့ ပြီးသွားပါသည်။
ရွက်ပြဿနာ ကျန်ပါသေးသည်။ ရွက်မှာ ကျနော်တို့တိုင်းပြည်တွင် ရှေးအစဉ်အလာက အသုံးပြုခဲ့သော လေးထောင့်ရွက်ကို မြင်ဖူးတွေ့ဖူးပါသည်။ မခက်ပါ။ ခက်နေတာက အနောက်တိုင်းရွက်ပုံစံ။
ဖထီးမန်းစိတ်ကူးထားတာက လေးထောင့်ရွက်ရော၊ အနောက်တိုင်းရွက်ပုံစံရော သုံးမည်။ ဒါမှ လေခိုအား ကောင်းပြီး ရွက်တိုက်လှေသွားနှုန်း မြန်မည်။ ဤပြဿနာလည်း မမျှော်လင့်ဘဲ ပြေလည်သွားပြန်သည်။
ဝင်းထဲရှိ အမှတ် ၂ အဆောင်ကို ဆေးခန်းအဆောင်အဖြစ် သတ်မှတ်ထားသည်။ တာဝန်ကျဆရာဝန်သည် ဆေးခန်းဖွင့်ချိန်တွင်လာပြီး ဆေးခန်းပိတ်ချိန်တွင် ပြန်သွားသည်။ ဆေးခန်းတွင် အမြဲနေသူမှာ ကျနော်တို့နှင့်ဘဝတူ မန္တလေး ဆေးတက္ကသိုလ်မှ ဟိန္ဒူအမျိုးသား ဆရာဝန်ကြီး ဒေါက်တာကူမား အမြဲနေသည်။
တာဝန်ကျဆရာဝန်က နယူးဝိစ် မဂ္ဂဇင်းကို ဒေါက်တာကူးမားကြည့်ဖို့ ထားခဲ့သည်။ တညနေ ဆေးခန်းသို့ ကျနော်သွားလည်ရာ နယူးဝိစ်မဂ္ဂဇင်း၏ နောက်ကျောဖုံးတွင် ဖူဂျီစတီလ် ကြော်ပြာတခုကို တွေ့ရသည်။
နေဝင်ဆည်းတာ နောက်ခံတွင် စုံတွဲ ၂ ဦးသည် ရွက်လှေကလေးပေါ်တွင် ဆည်းဆာအလှကို ကြည်နူးနေသည့် ပုံဖြစ်သည်။ ပုံကို အနီးကပ်ရိုက်ထားသည့်အတွက် ရွက်လှေကလေးပေါ်တွင် အနောက်တိုင်းရွက်ပုံစံ ထောင့်ချွန်း (ကျနော်တို့ပြည်က အခေါ် စွန်တောင်ရွက်) ရွက်အကြီးတခု ရွက်အသေးတခုကို အနီးကပ် ကွက်ကွက်ကွင်းကွင်း ရှင်းလင်းပီသစွာ ရိုက်ထားသည့်ပုံဖြစ်သည်။
ကျနော် စာအုပ်ကိုယူကြည့်ပြီး ဟိုလှည့်ဒီလှည့်လျှောက်ကြည့်ပြီးမှ ရွက်လှေပုံစံကို အသေအချာကြည့်ခဲ့ပြီး ကျနော့်မျက်စေ့ထဲ ဓာတ်ပုံရိုက်၍ မှတ်သားထားလိုက်ပါသည်။ ဖထီးမန်းဆီ ကပျာကယာပြန်လာပြီး သတင်းကောင်းလေးကို ပြောပြလိုက်ပါသည်။ ဖထီးမန်းလည်း ဒေါက်တာကူးမားဆီသွားလည်ပြီး လိုရင်းကိစ္စကို လေ့လာခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment