စစ်သားကလေးများမှာ စိတ်တက်ကြွနေပုံရသည်။ သူတို့လက်ထဲမှာ ယုန်တကောင်ပါလာသည်။ အလစ်သုတ်လာခြင်း အမှန်ပင် ဖြစ်ရမည်။ သူတို့သည် အမေ့အား ခြေပြလက်ပြနှင့် ပွဲကောင်းတပွဲ ချက်ပြုတ်စားသောက်လိုကြောင်း ပြောကြသည်။ ချက်ချင်းပင် အမေသည် နေ့လယ်စာအတွက် စတင်ပြင်ဆင်သည်။
ယုန်ကိုသတ်ရမည့်အချိန်သို့ရောက်သည်တွင် အမေ စိတ်မပါတော့ပေ။ ယုန်ကို သတ်ရမည့်အလုပ်မှာ အမေ့အဖို့ မလုပ်စဖူးသော အလုပ်မဟုတ်ပေမယ့်လည်း ယခုတွင်မူ အမေက မပြုရက်အောင် ဖြစ်နေသည်။
ထို့ကြောင့် စစ်သားကလေးတယောက်က ယုန်ကို နားထင်တချက်ထိုးပြီး သတ်ပေးရသည်။ အသက်မရှိတော့မှပင် အမေသည် ယုန်ကို အရေခွံဆုတ်ခွာရသည်။ ဤတွင်လည်း ယုန်ကလေး၏ ပူနွေးသောသွေးများက မိမိ၏လက်နှစ်ဖက်လုံးမှာ ပေကျံပြီး တဖြည်းဖြည်းနှင့် အေးစက်ကာခဲလာသည်ကို မြင်ရသောအခါ အမေသည် တကိုယ်လုံး ခြေဆုံးခေါင်းဖျား တုန်လှုပ်သွားသည်။ အမေ၏ မျက်စိထဲတွင်လည်း ခန္ဓာကိုယ်ထက်ပိုင်းပြတ်ကာ သေပွဲဝင်ရရှာသော သားကြီးကို မြင်ယောင်လာသည်။
ကျည်ဆန်ထိမှန်စဉ်ကဆိုလျှင် သားကြီးမှာသည် ယုန်ကလေးလိုပင် သွေးစိမ်းတွေလွှမ်းကာ အသည်းနှလုံး ကတော့ လှုပ်ခတ်နေဆဲဖြစ်ပေလိမ့်မည်။
ထမင်းစား စားပွဲမှာ အမေသည် စစ်သားကလေးများနှင့်အတူ ထိုင်လိုက်သည်။ သို့သော် အမေသည် တလုတ်မျှပင် မျို၍ မရပါချေ။ စစ်သားကလေးများက ဒါကို သတိမထားမိ။ ယုန်သားကိုသာ ခေါင်းပင်မဖော်နိုင်ဘဲ ပလုတ်ပလောင်း စားကြသည်။
ခုလို သူတို့စားပုံကို အမေက မျက်စိထောင့်ကပ်၍ ကြည့်နေကာ စိတ်ထဲမှာ အကြံတခုဖြစ်ပေါ်နေ၏။ နှုတ်ကတော့မူ ဘာတခွန်းမှ မပြော။ ဤသို့ဖြင့် အမေ့မျက်နှာမှာ ဘာမျှ ထူးခြားချက်မတွေ့နိုင်ရာ စစ်သားကလေးများက ဘာကိုမျှ မရိပ်မိ။
ခုလိုနေရင်းက အမေသည် ရုတ်တရက်ပင် စစ်သားကလေးများအား …
“ဟေ့ … တို့များ အတူနေလိုက်ကြတာ တလတောင်ရှိသွားပြီ၊ မင်းတို့နာမည်တွေ အမေ မသိရသေးပါလား”
(အမေနှင့် ဘာသာစကားချင်းမတူသဖြင့်) ခြေပြလက်ပြနှင့် အမေပြောသည်ကို အတန်ကြာမှ သဘောပေါက်သွားကြသည်။ ထိုအခါမှ စစ်သားကလေးများသည် အမေ့အား သူတို့၏နာမည်တွေကို ပြောပြသည်။
အမေကမူ နာမည်တွေကို ကြားရရုံနှင့် မကျေနပ်သေး။ စာရွက်တရွက်ပေါ်မှာ တဦးချင်း၏ နာမည်၊ မိသားစု၏ နေရပ်လိပ်စာတွေကို ရေးပေးခိုင်းသည်။ ထို့နောက် အမေသည် နာမည်နှင့် လိပ်စာတွေကို သူ့မျက်မှန် ထုတ်တပ်ကာ ဖတ်ကြည့်လိုက်သည်။ ဂျာမန်စာမို့ သူ မဖတ်တတ်။
သို့သော် သည်စာရွက်ကိုခေါက်ကာ သားဖြစ်သူသေဆုံးကြောင်း အကြောင်းကြားစာနှင့်အတူ အိပ်ကပ်ထဲမှာ ထည့်ထားလိုက်သည်။ စားသောက်ပြီးစီးသောအခါ အမေက …
“ဟေ့ … မင်းတို့အတွက် အမေ အလုပ်တခု စီစဉ်ထားတယ်”
ပြောရင်း အမေသည် စစ်သားကလေးများ အိပ်စက်ရာ အထပ်ခိုးပေါ်သို့ မြက်ခြောက်များကိုစ၍ သယ်ဆောင်တော့၏။ စစ်သားကလေးများမှာ ပါးစပ်အဟောင်းသားနှင့် အမေ ဘာတွေလုပ်နေပါလိမ့်ဟု တွေးနေကြသည်။ အမေကမူ သူတို့တတွေ အိပ်စက်သည့်အခါ ပို၍နွေးနွေးထွေးထွေးရှိစေရန်ဟု နှုတ်မှ သူ့ဘာသာ ပြင်သစ်ဘာသာစကားနှင့်တမျိုး၊ လက်ရိပ်ခြေရိပ်နှင့်တစ်မျိုး ရှင်းပြသည်။
သည်တွင် စစ်သားကလေးများကလည်း မြက်ခြောက်တွေ ဝိုင်းဝန်း သယ်ပိုးကြလေသည်။ မြက်ခြောက် အလွှာတွေကား တဲ၏ခေါင်မိုးနှင့် ထိလုမတတ် များပြားလှ၏။ ဤသို့ဖြင့် သူတို့အိပ်ရာမှာ ခပ်သင်းသင်းကလေး မွှေးနေဆဲဖြစ်သော မြက်ခြောက်များ လေးဖက်လေးတန် ဝန်းရံလျက် ရှိနေလေ၏။
ညစာစားချိန်တွင်လည်း အမေသည် ဘာမျှမစားနိုင်ဖြစ်နေ၏။ ဤသည်ကိုမြင်သောအခါ စစ်သားလေးတဦးက စိုးရိမ်တကြီး မေးလာသည်။ ထိုအခါ အမေသည် လေနာထသည်ဟု ရှင်းပြသည်။
စားသောက်ပြီးစီးသွားသောအခါ အမေသည် မီးဖိုကာ လှုံနေလိုက်သည်။ စစ်သားကလေးများသည် ညစဉ်ပြုနေကျအတိုင်း သူတို့အိပ်စင်ရှိရာသို့ လှေကားမှ တက်သွားကြသည်။
သူတို့ အိပ်စင်ပေါ်သို့ ရောက်သည်ဆိုလျှင်ပင် အမေသည် လှေကားကို ဘေးဘက်သို့ ရွှေ့ထားလိုက်သည်။ ထို့နောက် အမေသည် တံခါးကို အသံမကြားအောင်ဖွင့်ပြီး အပြင်ဘက်သို့ ထွက်သွားကာ ကောက်ရိုးတွေ သယ်လာပြီး မီးဖိုခန်းထဲတွင် ခန်းလုံးပြည့် ပုံလိုက်သည်။
နှင်းသည်းနေသဖြင့်လည်း အမေ သွားလာလှုပ်ရှားသံတို့ကို စစ်သားကလေးများ မကြားရပေ။ အမေသည် မကြာခဏ အပြင်ထွက်ကာ အမေ အထက်ထပ်ကို နားစွင့်ကြည့်သည်။ စစ်သားကလေးများကား အိပ်မောကျနေကာ တယောက်ကိုတမျိုး သံစုံကျူး၍ ဟောက်နေကြလေပြီ။
မိမိ၏ပြင်ဆင်မှုများ ပြည့်စုံပြီးစီးပြီဟု ယူဆသောအခါ အမေသည် ကောက်ရိုးအထုံးတထုံးကို စောစောက ဖိုထားသော မီးဖိုပေါ်သို့ ပစ်တင်လိုက်သည်။ ဤကောက်ရိုးစည်းမှာ မီးစွဲသောအခါ အခြားကောက်ရိုးစည်းတွေ အပေါ်သို့ ပစ်တင်လိုက်ပြန်၏။ ပြီးလျှင် အမေသည် တဲအပြင်ထွက်ပြီး စောင့်ကြည့်နေလိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် တဲ၏အတွင်းပိုင်းတခုလုံး မီးတွေထိန်ကာ မီးဖိုထဲမှာဆိုလျှင် မီးပုံကြီးတပုံဖြစ်လာသည်။ မီးတောက်မီးကျည်းတွေ ရဲရဲတောက်နေသော မီးဖိုကြီးအဖြစ်သို့ ပြောင်းလဲသွားတော့၏။
ထိုမီးဖိုကြီးမှထွက်လာသော မီးလျှံများကြောင့် အပြင်ဘက်က နှင်းပြင်ကြီးမှာ အနီရောင် လွှမ်းသွားလေသည်။
ရုတ်တရက်ပင် အထက်ထပ်မှာ ကျယ်လောင်သော အသံတခု ထွက်လာသည်။ ၎င်းနှင့်တဆက်တည်းပင် ထိတ်လန့်ခြင်း၊ နာကျင်ခြင်း စသော ဝေဒနာများကြောင့် စူးရှသော အော်သံများလည်း ကြားရသည်။ မကြာမီ တံခါးပေါက်ရှိ နံရံကြီးပြိုကာ အထက်ထပ်မှာလည်း ပြိုသွားသည်။
ဤတွင် မီးညွန့်မီးတောက်မှာ ပို၍ကြီးထွားလာပြီး အထက်သို့ လိပ်၍လိပ်၍ တက်လာပြန်၏။ ထိုမှတခါ တဲ၏အမိုးကို မီးတောက်များသည် ထိုးဖောက်ကာ အလွန်ကြီးမားသော လက်နှိပ်ဓာတ်မီးကြီးပမာ ကောင်းကင်ဘက်သို့ အလင်းရောင် ထိုးနေ၏။ ဤအချိန်တွင်ကား တဲကလေးတခုလုံးမှာ မီးလျှံများဖြင့် ဟုန်းဟုန်းတောက်သွားတော့၏။
တဲအတွင်းမှ နံရံများ ပြိုကျသံများနှင့် ယက်မ၊ ထုတ် စသည်များ ပြိုကျသံများကလွဲ၍ အခြားအသံများ မကြားရ။ အမိုးတခုလုံးပြိုကျပြီးနောက် မီးလုံးကြီးမှာ မီးတောက်များ ဝေဝေဆာလျက် တက်သွားပြန်၏။ ဤတွင် နှင်းကျနေသော တဲ၏ဝန်းကျင်တခုလုံးမှာ နီကျင်ကျင်ဖြစ်နေသော ဘော်ငွေရောင်ဝတ်လွှာရုံသဖွယ် မြင်ရလေသည်။
အဝေးဆီက ခေါင်းလောင်းသံတခု စတင်ထွက်ပေါ်လာသည်။ အမေရိုင်းကား မီးလောင်ကျွမ်း၍ ပျက်စီးသွားပြီဖြစ်သော သူ၏ တဲကလေးရှေ့မှာပင် ရပ်မြဲရပ်လျက်။ အမေသည် ပုခုံးထက်မှာ သေနတ်ကို လွယ်ထားသည်။ သား၏သေနတ် ဖြစ်သည်။ အကယ်၍တဲအတွင်းမှ စစ်သားကလေး တယောက်ယောက် ပြေးထွက်လာလျှင် ပစ်သတ်ရန် ရည်ရွယ်ချက်နှင့်ပင်တည်း။ တဲတခုလုံး မီးကျွမ်းသွားတော့မှ အမေသည် သေနတ်ကို မီးတောက်တွေထဲသို့ ပစ်သွင်းလိုက်သည်။ ဤတွင် ပေါက်ကွဲသံတချက် ထွက်သွားသည်။
ခေတ္တအကြာတွင် လယ်သမားအချို့နှင့် ဂျာမန်စစ်သားများ ရောက်လာကြသည်။ အမေကား တစုံတခုအတွက် ကျေနပ်အားရသည့်အသွင်နှင့် ဣန္ဒြရစွာပင် သစ်ငုတ်တိုတခုအပေါ်မှာ ထိုင်နေသည်။ ပြင်သစ်စကားကို ပြင်သစ်တစ်ယောက်ကဲ့သို့ ပြောဆိုတတ်သော ဂျာမန်စစ်သားတစ်ယောက်က အမေ့အား …
“ခင်ဗျာ့ စစ်သားကလေးတွေကော ဘယ်မှာလဲ”
အမေသည် သူ၏ အရိုးပေါ်အရေတင် လက်တချောင်းကို မီးပုံကြီးဘက်သို့ ဆန့်တန်းပြီး စီလွင်သောအသံဖြင့် ဖြေလိုက်သည်။
“ဟော … ဟိုထဲမှာ”
ဤတွင် စစ်သားများသည် အမေ့အနီးသို့ ဝိုင်းအုံတိုးဝှေ့လာကာ …
“မီးက ဘယ်လို စလောင်တာလဲ”
အလောတကြီး မေးကြသည်ကို အမေက ဟစ်ကြွေးဖြေလိုက်သည်။
“ငါ … ငါ ရှို့လိုက်တာ”
ရုတ်တရက်သော် စစ်သားများမှာ အမေ့စကားများကို မယုံနိုင်ကြ။ သူ့တဲကလေး မီးလောင်သွားသည့် သောကရတက်ကြောင့် စိတ်ဖောက်ပြန်သွားသည်ဟု ထင်လိုက်သည်။
သို့သော် လူတွေက အမေ့အနီးသို့ရောက်အောင် တိုးဝှေ့ ဝိုင်းအုံလာကြသည့်အခါ အမေသည် သားဖြစ်သူ သေဆုံးသည့်အကြောင်းစာရရှိသည်မှအစ တဲကလေးနှင့်အတူ မီးသင့်သွားကြသော စစ်သားများ၏ အော်သံအဆုံး၊ အမေ၏ခံစားချက် စသော အသေးစိတ်ကလေးများပါမကျန် ပြောပြလိုက်လေသည်။
ဇာတ်ကြောင်းအကုန်အစင် ပြောပြပြီးသောအခါ အမေသည် အိပ်ကပ်ထဲမှ စာရွက်ကလေး ၂ ရွက်ကို ထုတ်လိုက်သည်။ ပြီးလျှင် တဲကလေးဘက်မှလာသော မီးရောင်ဖြင့် ဖတ်ရှုရန် မျက်မှန်ကိုပါထုတ်ပြီး တပ်လိုက်သည်။ ထို့နောက် စာရွက်တရွက်ကိုပြကာ …
“ဒါက သားကြီး သေဆုံးကြောင်း သတင်းပါတဲ့စာပဲ”
ပြောပြီး နောက်စာရွက်ကိုထုတ်ကာ မီးတောက်တွေနှင့် ရဲရဲနီနေဆဲဖြစ်သော တဲဘက်သို့ခေါင်းဆတ်ပြရင်း … …
“ဒီစာရွက်မှာ သူတို့နာမည်တွေ၊ လိပ်စာတွေ ပါတယ်။ သူတို့မိသားစုတွေဆီ အကြောင်းကြားနိုင်အောင်လို့”
ပြောပြောဆိုဆို ထိုစာရွက်ကို အမေသည် အေးအေးလူလူပင် ဂျာမန်စစ်ဗိုလ်အား ပေးလိုက်သည်။ ထို့နောက် အမေသည် သူ့ပုခုံးပေါ်တွင် လက်တဖက် တင်ထားသော ဂျာမန်စစ်ဗိုလ်ကို မော့ကြည့်ကာ …
“ဒီမယ် မောင်ရင်၊ ဒီကလေးတွေ ဘယ်လိုသေတယ်ဆိုတာ သေသေချာချာ စာရေးအကြောင်းကြားပါ၊ ကျုပ် သတ်လို့ သေတယ်ဆိုတာကိုလည်း ထည့်ရေးပါ၊ ကျုပ်နာမည်က ‘ပီတိုရေဆင်မွန်’ အဲ … အဲ … အမေရိုင်းကြီးလို့ လူတွေခေါ်ကြတဲ့ မိန်းမကြီးပေါ့၊ ဒါကို မမေ့ပါနဲ့”
စစ်ဗိုလ်သည် ဂျာမန်ဘာသာနှင့် အမိန့်တရပ်ကို ဒေါသတကြီး အော်ဟစ်ထုတ်ပြန်လိုက်သည်။ ဤတွင် စစ်သားများက အမေ့အားဆွဲခေါ်ကာ တဲ၏နံရံတခုသို့ တွန်းထိုးကပ်ထားလိုက်သည်။ ထို့နောက် စစ်သား ၁၂ ယောက်သည် အမေနှင့် ကိုက် ၂၀ အကွာတွင် တန်းစီကာ ရပ်လိုက်ကြသည်။
အမေကမူ စဉ်းငယ်ကလေးမျှ တုန်လှုပ်ခြင်း မရှိ။
နားလည်မှုရှိနှင့်ထားသူပီပီ သူ့ဘဝနိဂုံးကို အေးအေးလူလူပင် စောင့်နေလိုက်၏။
စစ်ဗိုလ်ထံမှ အမိန့်ပေးသံ ထွက်လာသည်။ ချက်ချင်းပင် သေနတ်သံတွေ စည်စည်ညံသွားသည်။ ထို့နောက် သေနတ်သံတချက် ဆက်၍ ကြားလိုက်ရသည်။ အမေကား ပုံလျက်သားလဲပြိုမသွားဘဲ ခြေထောက်တွေ အဖြတ်ခံလိုက်ရသကဲ့သို့ ရှေ့သို့ စိုက်ကျသွားသည်။
ဂျာမန်စစ်ဗိုလ်သည် အမေ့အနီးသို့သွားကာ ကြည့်လိုက်သည်။ အမေ့၏ ခန္ဓာကိုယ်မှာ ထက်ပိုင်းပြတ်လုနီးနီး ဖြစ်နေ၏။ လက်တဖက်ကတော့မူ သူ့သားသေဆုံးကြောင်း သတင်းပို့လိုက်သည့် စာခေါက်ကလေးကို ဆုပ်မြဲဆုပ်ထားသည်။ ထိုစာခေါက်ကလေးမှာ ယခုအခါ သွေးခြင်းခြင်းနီနေပြီတည်း။
* * *
ဇာတ်လမ်းဆုံးသွားသောအခါ သူငယ်ချင်း ဆာဗောက …“ဂျာမန်တွေည်း ဒေါသမထိန်းနိုင်သေးဘဲ တဲကလေးနဲ့ အနီးဆုံးဖြစ်နေတဲ့ အိမ်ကြီးကို ဖျက်ဆီးလိုက်ကြတယ်။ ကျနော့်အိမ်ကြီးပေါ့ဗျာ”
ကျနော်ကတော့မူ တဲကလေးနှင့်အတူ မီးလောင်ကာ သေဆုံးသွားကြသည့် စစ်သားကလေးများ၏ မိခင်များကို တလှည့်၊ တဲ၏နံရံကိုမှီကာ သေနတ်အချက်ပေါင်းများစွာကို ခံယူရင်း ရဲရဲဝံ့ဝံ့ သေပွဲဝင်သွားသည့် မိခင်၏ သတ္တိကို တလှည့် တွေးနေမိသည်။ထိုသို့ တွေးနေရာက မြေပြင်ကို ငုံ့ကြည့်မိပြီး ခဲကလေးတလုံးကို ကောက်ယူလိုက်မိသည်။ ထိုခဲလုံးကလေးမှာ မီးသင့်ထားသဖြင့် မည်းလျက်ပင်ရှိနေပါသေးသည်။
ဗမိုး - မြန်မာပြန်
(နိုင်ငံတကာ အမေမှ)
မော်ပါဆွန်း၏– Mother savage
(နိုင်ငံတကာ အမေမှ)
မော်ပါဆွန်း၏– Mother savage
သရုပ်ဖော် - မင်းကျော်ခိုင်
No comments:
Post a Comment