သူငယ်ချင်းနှင့်အတူ အမဲပစ်ရာမှအပြန် စန်ဒရယ်တောအုပ်သို့အဝင်မှာ တဲကလေးတလုံးကို တွေ့ရပါသည်။ တဲကလေးမှာ များစွာပျက်ယွင်းနေသည်။ သို့သော် ရုတ်ခြည်းပင် ကျနော်သည် ဤတဲကလေးအား လွန်ခဲ့သော ၁၅ နှစ်ကျော်က မြင်ခဲ့ဖူးသည်ကို အမှတ်ရလာပါသည်။
ထိုအခါက တဲကလေးကား စပျစ်နွယ်များသိုင်းခြုံကာ သပ်ရပ်သန့်ရှင်းလှသည်။ ယခုတော့မူ သည်တဲကလေးမှာ အမိုးအကာပင် မရှိတော့။ ဤမျှပျက်စီးကာ အသွင်အပြင် ညှိုးချုံးလျက်ရှိရာ များစွာမှ စိတ်ချောက်ချားဖွယ် ဖြစ်နေပါသည်။
နောက်တခု မှတ်မိတာကလေး ရှိသေးသည်။ အလွန်မောပန်းလာသော နေ့တနေ့။ ထိုနေ့မှာ တဲရှင်မိခင်ကြီး၏ ဖိတ်မန္တကပြုချက်ဖြင့် သည်တဲကလေးမှာပင် အရက်တခွက်သောက်ခဲ့ရခြင်းပင်တည်း။
တဲရှင်များမှာ သားအမိ၊ သားအဖ ၃ ယောက်ဖြစ်သည်။ ဖခင်မှာ သူတပါးပိုင်မြေအတွင်း တိတ်တဆိတ်ဝင်၍ အမဲပစ်ခြင်း၊ ငါးဖမ်းခြင်း စသည်များပြုလုပ်ကာ အသက်မွေးသူဖြစ်သည်။
ထို့ကြောင့် တနေ့တွင် အစောင့်ရဲသား၏ သေနတ်ချက်မိကာ သေဆုံးသွားခဲ့သည်။ သားဖြစ်သူမှာ ပိန်ပိန်ရှည်ရှည်နှင့် သူ့ဖခင်လိုပင် အမဲလိုက်ကျွမ်းကျင်သူဖြစ်သည်ဟု သိခဲ့ရသည်။ သူတို့သားအမိ သားအဖ ၃ ယောက်ကို အဖေရိုင်း၊ အမေရိုင်း၊ သားလူရိုင်းဟု ခေါ်ကြသည်။ ဤနာမည်များမှာ သူတို့၏ အမည်ရင်းလား၊ အရပ်ပေး အမည်လားဟူ၍ ခွဲခြားမသိခဲ့ရပါ။
တဲကလေးကိုကြည့်ရင်း မှတ်မိသမျှတွေကို ပြန်လည်တွေးတောနေဆဲမှာ သူငယ်ချင်း ဆာဗော မီလာသဖြင့် …
“ဒီတဲကလေးကလူတွေ ဘယ်ရောက်ကုန်ကြပြီလဲ”
သူငယ်ချင်းက အောက်ပါဇာတ်လမ်းကို ပြောပြပါသည်။
(၂)
ပြင်သစ်နှင့်ဂျာမန် စစ်ပွဲစတင်ဖြစ်ပွားသောနှစ်တွင် သားလူရိုင်းသည် အသက် ၃၃ နှစ်ရှိပြီး သားသည် မိခင်မုဆိုးမကြီးကို တယောက်တည်း ထားပစ်ခဲ့ကာ စစ်ထဲလိုက်သွားသည်။ ဘေးလူများကမူ အမေ့အတွက် များစွာပူပန်ခြင်း မဖြစ်မိကြ။ အမေ့မှာ ငွေကြေးပြည့်စုံသည်ကို သိထားကြလေသည်။အမေရိုင်းသည် ရွာနှင့်အတန်လှမ်းသော အထီးကျန်တဲကလေးမှာ ဟန်မပျက်ပင်ဆက်လက်၍ နေထိုင်လျက်ရှိသည်။ ဤသို့နေရသည်ကို စဉ်းငယ်မျှ တုန်လှုပ်ပုံ မရချေ။ မိန်းမသားဖြစ်ပေမယ့်လည်း အမေသည် ယောက်ျားကြီးများပမာ အသည်းကောင်းလှ၏။ အမေကား အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် စိတ်ကြမ်း ကိုယ်ကြမ်း အဘွားကြီးဖြစ်သည်။ ပြုံးရယ်ခဲသူဖြစ်၍လည်း မည်သူကမှ အမေ့အား ရယ်ရွှန်းဖတ်ရွှန်း စကားမပြောရဲကြပေ။
အမှန်တော့လည်း အမေရိုင်းတို့လို လယ်တောသူတွေမှာ ပြုံးလား ရယ်လားနေတတ်ကြသူများ မဟုတ်။ ပြုံးပျော်ရွှင်မြူးဖို့ဆိုတာက ယောက်ျားသားတွေ၏ အလုပ်ဟု ယူဆထားတတ်ကြသူများဖြစ်သည်။ အမေတို့လို လယ်တောသူတွေ၏ဘဝကား တနေ့တနေ့ အပြောင်းအလဲ မရှိ၊ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်။
ထို့ကြောင့် သူတို့၏ဘဝအမြင်မှာလည်း ကျဉ်းမြောင်းကာအရာရာကို ရှုမြင်ရာတွင် ကရုဏာဖက်ခဲကာ ခက်ထန်တတ်သည်။ လယ်လုပ်သားတွေမှာမူ အရပ်ထဲက အရက်ဆိုင်သို့သွားကာ ယောက်ျားသားတို့၏ဘဝ ဟေးလား ဝါးလားနှင့် ပျော်ရွှင်မြူးထူးနိုင်ကြသည်။
ဇနီးသည်တွေမှာကား ယောက်ျားများနှင့် တဘာသာဖြစ်ကာ မျက်နှာထားတင်းတင်းနှင့် သုန်သုန်မှုန်မှုန် ဖြစ်နေတတ်ကြသည်။ မျက်နှာပေါ်က အကြောအခြင်တွေ အညောင်းအညာပြေစေရန်ဟူ၍ ပြုံးခြင်း ရယ်ခြင်း ပြုပေးသင့်ကြောင်းကို မသိကြသူများဖြစ်သည်။
ပြီးခဲ့သော ဆောင်းရက်များကဆိုလျှင် အမေ၏ တဲကလေးသည် နှင်းထုတွေကြားမှာ မြုပ်လုမတတ် နစ်နေခဲ့သည်။ သို့တိုင်အောင်လည်း အဘွားကြီးသည် ဟန်မပျက် ဆက်လက်၍ နေထိုင်ဆဲဖြစ်သည်။
အမေသည် တပတ်တခါ ရွာသို့ဝင်၍ လိုချင်သော ပေါင်မုန့်နှင့် သားငါးများ ဝယ်ယူတတ်သည်။ သူ့တဲကလေးနှင့် ရွာသို့သွားရာလမ်းမှာ လူသားစားဝက်ဝံများ သွားလာတတ်သဖြင့် အမေသည် သေနတ်ကိုကျောမှာပိုးကာ ဆောင်သွားလေ့ရှိသည်။ သည်သေနတ်မှာ သံချေးတက်နေပြီ။ သေနတ်ဒင်သာလျှင် သုံးဖန်များ၍ ပြောင်လက်နေသည်။
ခြေလှမ်းကျဲကြီးများလှမ်းလျက် နှင်းသည်းသော လမ်းပေါ်မှာသွားနေသော အမေ့ကိုမြင်ရလျှင် မြင်ရသူအဖို့ တမျိုးကြီးပဲဟု ဆိုချင်လာတတ်သည်။ အမေ၏ ဆံပင်ဖြူများမှာ မည်းနက်သော ဦးထုပ်၏အောက်တွင် တမျှင်မျှပင် မမြင်ရအောင် ပျောက်နေသည်။
ထို့ကြောင့် အမေ့ဆံပင်ဖြူများကို လူတွေ မမြင်ဖူးပေ။ သည်ဦးထုပ်နက်၏ နောက်တွင်ကား မိုးပေါ်ထောင်နေသော သေနတ်ပြောင်းကို ကျောမှာပိုးထားရသဖြင့် အမေ၏ကိုယ်သည် ရှေ့သို့အနည်းငယ် ကိုင်းနေသည်။
စစ်အတွင်း တနေ့တွင် ဂျာမန်စစ်သားများ ရောက်လာကြသည်။ စစ်မိန့်အရ ရွာခံလူများသည် မိမိတို့၏ အင်အားအလိုက် စစ်သားများကို လက်ခံ၍ နေရာပေး ကျွေးမွေးရသည်။ အမေရိုင်းမှာ ငွေကြေးတောင့်တင်းသည်ဟု အများ၏ပြောပြချက်အရ စစ်သား ၄ ယောက်ကို တာဝန်ယူရ၏။
အမေ၏တဲသို့ရောက်လာသော စစ်သား ၄ ယောက်မှာ သန်မာဖျတ်လတ်၍ အသက်ငယ်ငယ်၊ မျက်လုံးပြာပြာ၊ မုတ်ဆိတ်မွှေးရေးရေးနှင့် ရုပ်ချောကလေးများ ဖြစ်သည်။ စစ်ပွဲများစွာကို ဆင်နွှဲရပေမယ့်လည်း သူတို့သည် ဝဝဖြိုးဖြိုးပင် ရှိကြသည်။ စစ်ကိုအောင်နိုင်သူများအဖြစ်နှင့် စစ်ရှုံးသောနယ်မြေသို့ ရောက်လာကြရခြင်း ဖြစ်သည်။
သို့သော် သူတို့သည် ကိုယ်နှုတ်မူရာ မွန်ရည်ကြသည်။ အမေရိုင်း၏တဲကလေးမှာ အမေနှင့်အတူ လာနေကြရသည်တွင် အမေလုပ်စရာရှိသည့် အလုပ်များစွာကို အမေသက်သာအောင်ဟူ၍ သူတို့က ဝိုင်းကူ လုပ်ကိုင်ပေးကြသည်။
နံနက်အချိန်ဆိုလျှင် ရေတွင်းပတ်လည်ကို ၄ ဦးသား ဆေးကြောပွတ်တိုက်ကာ ရေမိုးချိုးနေသည်ကို တွေ့ရတတ်သည်။ ထိုအခိုက်မှာ အမေသည် သူတို့အတွက် စွပ်ပြုတ် ပြုတ်တိုက်သည်။ စွပ်ပြုတ်သောက်ပြီးသောအခါ သူတို့သည် အမေ့မီးဖိုချောင်မှာ အလုပ်များကြပြန်လေ၏။
တံမြက်လှည်းသူ လှည်း၊ ပြတင်းပေါက်တွေတိုက်သူ တိုက်၊ အဝတ်တွေလျှော်သူ လျှော်၊ ထင်းခွဲ၊ အာလူးအခွံသင် စသည်ဖြင့် အလုပ်များလုပ်ကြသည်။ ဤအလုပ်တွေအပြင် အိမ်တွင်းအလုပ်အားလုံးကို အမေ့အတွက် လုပ်ပေးကြသည်မှာ တာဝန်သိသော သားရင်းများနှင့် မခြားပေ။
သို့သော် အမေရိုင်းကတော့မူ သည်တချိန်လုံးမှာ သူ့သားကိုသာ သတိရနေ၏။ အရပ်ရှည်ရှည်၊ မျက်လုံးညိုညို၊ နှာရောင်ကောက်ကောက်၊ နှုတ်ခမ်းမွှေးထူထူနှင့် သားကြီးအကြောင်းကိုသာ တွေးနေသည်။ နေ့တိုင်းပင် အမေသည် ဂျာမန် စစ်သားကလေးများအား …
“ဟေ့ … မောင်ရင်တို့၊ ပြင်သစ်ခြေလျင်တပ်ရင်း ၂၃ ဘယ်ဘက်ကို ချီတက်သွားတယ်ဆိုတာ သိလား၊ ကျုပ်သားက အဲဒီ တပ်ထဲပါသွားတယ်ကွယ့်”
ခုလိုပြောတတ်၊ မေးတတ်သည့်အခါ စစ်သားကလေးများက သူတို့ လုံးဝမသိဟု ပြန်ပြောလေသည်။ အမေရိုင်းမှာ သားရှိသည်ဟုသိရသောအခါ စစ်သားကလေးများသည် သူတို့မှာလည်း မိခင်များရှိသဖြင့် စာနာမိကာ အမေ၏စိတ် ပြေရာပြေကြောင်းအတွက် တတ်နိုင်သမျှ ပြုမူနေထိုင်ကြသည်။
ဤသို့ဖြင့် အချိန်အတန်ကြာခဲ့သည်တွင် အမေကလည်း သူတို့အား ခင်မင်ရင်းနှီးလာသည်။ စင်စစ် တောင်သူလယ်သမားတွေဆိုတာက ရန်သူဆိုလျှင် အားလုံးကို မုန်းရမည်ဆိုသော မျိုးချစ်စိတ်မျိုးရှိတတ်သူများ မဟုတ်ကြ။ ဤသို့သော မျိုးချစ်စိတ်မျိုးမှာ အထက်တန်းလွှာအတွက်သာဖြစ်သည် မဟုတ်လား။
ထို့ပြင် တခါ စစ်အတွက်အကုန်ကျဆုံးမှာ တောင်သူလယ်သမားနှင့် ဆင်းရဲသားအားလုံးပေါ်တွင်သာ ကျရောက်တတ်သည်။ အဆုံးအရှုံး၊ အပျက်အစီးဆိုလျှင်လည်း အများဆုံးခံရသူမှာ သူတို့သာဖြစ်သည်။ ဆင်းရဲသားဆိုသည်မှာ လူဦးရေအားဖြင့်လည်း အများဆုံးဖြစ်သဖြင့် အမြောက်ကျည်ဆန်လုပ်ရန်အတွက် မြက်ခြောက်ကို သူတို့ကပဲ စုပေးရသည်။
ဤသို့ စစ်၏အနိဌာရုံကို အများဆုံးခံရသူများမှာ သူတို့သာဖြစ်သည်။ သူတို့ဆိုသည်မှာ စစ်ဒဏ်ကို အနည်းအကျဉ်းမျှပင် ခံနိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် စစ်ဆိုလျှင် အားတက်သရော မရှိနိုင်ကြ။ အမျိုး၏ဂုဏ် (သို့မဟုတ်) နိုင်ငံရေးရှုထောင့် စသည်တို့မှ သုံးသပ်ရှုမြင်နိုင်သူများ မဟုတ်ကြချေ။
စစ်ဖြစ်၍ ၆ လ အကြာတွင် နိုင်သူရော၊ ရှုံးသူ နှစ်ဘက်စလုံး ခြေကုန်လက်ပန်းကျလေတော့၏။
အမေရိုင်း လက်ခံထားရသော ဂျာမန်စစ်သား ၄ ယောက်နှင့် ပတ်သက်၍ကား သူတို့သည် ဇိမ်ကျနေပြီဟု အများက ပြောဆိုလာကြပြီ။
တခုသောနံနက်ခင်း၌ တဲကလေးမှာ အမေတယောက်တည်းရှိနေခိုက်တွင် တဲကလေးဆီသို့ဦးတည်၍ လျှောက်လာသော လူတယောက်ကို မြင်လိုက်ရသည်။ မကြာမီပင် ထိုလူသည် စာပို့သမားဖြစ်ကြောင်း အမေမှတ်မိလိုက်သည်။ စာပို့သမားက အမေ့အား စာရွက်ခေါက်ကလေးတခု ပေးသွားသည်။ အမေသည် အဝတ်ချုပ်သည့်အခါ တပ်လေ့ရှိသော မျက်မှန်ကိုထုတ်ကာ စာကိုဖတ်လိုက်သည်။
“အဒေါ်ရိုင်းထံ ဝမ်းနည်းစွာနှင့် အကြောင်းကြားအပ်ပါသည်။ အဒေါ်၏သား ‘ဗစ်တာ’သည် ယမန်နေ့က အမြောက်ဆန်သင့်၍ ခန္ဓာကိုယ်ထက်ပိုင်းပြတ်ကာ ကွယ်လွန်သွားခဲ့ပါသည်။ သူ ကျည်ဆန်မှန်စဉ်က ကျနော် သူ့အနီးမှာ ရှိပါသည်။ သူနှင့်ကျနော်မှာ တပ်တခုထဲမှာ အတူတာဝန်ကျပါသည်။ သူ တစုံတခုဖြစ်လျှင် ချက်ချင်းအကြောင်းကြားရန် သူ မှာလေ့ရှိပါသည်။ သူ့နာရီကို ကျနော်ယူပြီး သိမ်းထားပါသည်။ စစ်ပြီးလျှင် အဒေါ့်ထံ လာပို့ပါမည်။”
ကရုဏာများစွာနှင့်
ရှဲဆေးရီပိုး
ဒုတိယတန်းရဲဘော်
ခြေလျင်တပ်ရင်း(၂၃)
ရှဲဆေးရီပိုး
ဒုတိယတန်းရဲဘော်
ခြေလျင်တပ်ရင်း(၂၃)
စာ၏နေ့စွဲမှာ ရရှိသောနေ့ထက် ရက်သတ္တပတ် ၃ ပတ်စောသည်။
စာကိုဖတ်ပြီးနောက် အမေသည် မျက်ရည် လုံးဝမကျ။ စာကယူဆောင်လာသော သား၏သတင်းကြောင့် ပြင်းစွာ တုန်လှုပ်ထိတ်လန့်သွားကာ မလှုပ်မယှက်ကြီး ရပ်နေမိသည်။
အံ့အားကြီးသင့်ပြီး မည်သို့သောဝေဒနာမှ မခံစားရသလိုဖြစ်နေသည်။ တခုတော့ အမေ့အတွေးအာရုံထဲ ဝင်လာသည်။
“အင်း … အခုတော့ သားလည်း သူများသတ်လို့ သေရပြန်ပြီ”
ဤအတွေးဝင်လာသည်ဆိုလျှင် ချက်ချင်းပင် အမေ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ တိုးဝင်လာကြသည်။ အမေ၏ အသည်းနှလုံးမှာလည်း သောကမီးဖြင့် ဖူးရောင်လာလေ၏။
သားမရှိတော့ဘူးဆိုတော့ … …
သားမရှိတော့သည်၏နောက်ပိုင်း ဂျာမန်အဖြစ်သနစ်ကိုတွေးမိကာ အမေသည် နင့်နင့်သီးသီး ကြေကွဲရလေ၏။ သားသားကြီးကို ဘယ်တော့မှ နမ်းရတော့မယ်မဟုတ်။ ရဲသားတွေက ဖအေကို သတ်ပစ်တယ်။ သားက ဂျာမန် စစ်သားတွေရဲ့လက်ချက်နဲ့ သေရတယ်။ အမြောက်ဆန်မှန်တာများ ထက်ပိုင်းပြတ်သွားတယ် တဲ့။
သည်မြင်ကွင်း၏ ကြောက်စရာအဖြစ်ကို အာရုံထဲမှာ ထင်လာအောင် မှန်းကြည့်လိုက်သည်။ ကျည်ဆန်မှန်တယ် ဆိုရင်ပဲ သူ့ခေါင်းရှေ့ကို ငိုက်ကျသွားမှာပဲ။ ပြီးတော့ သူစိတ်ဆိုးတဲ့အခါ လုပ်လေ့လုပ်ထရှိတဲ့အတိုင်း သူ့နှုတ်ခမ်းမွှေးကို ဝါးနေမှာပဲ။
ဒါနဲ့ သားရဲ့ခန္ဓာကိုယ်ကို သူတို့ ဘယ်လိုလုပ်လိုက်ကြပါလိမ့်၊ အမေ့ဆီများပို့ပေးရင် ဘယ်လောက်ကောင်းမလဲ ကွယ်တို့။ သူ့အဖေအလောင်းကတော့ အမေ့ဆီရောက်လာတယ်လေ။ သူ့အဖေ နဖူးတည့်တည့် ကျည်ဆန်မှန်သွားတာ။
ခုလိုတွေးတောနေဆဲ၊ အသံဗလံတွေကြားရသည်။ ရွာမှပြန်လာကြသော ဂျာမန်စစ်သားကလေးများ၏ အသံဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖော် - မင်းကျော်ခိုင်
No comments:
Post a Comment