Wednesday, January 6, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၁)

မကြာပါချေ၊ ဖထီးမန်းအောင်ကြည် ကူးလာပါသည်။ ထမင်းကြမ်းခဲ တခုနှင့် ငါးပိကျော်ခဲ တခဲ ပါလာပါသည်။ ကျနော်ကို ထမင်းထုတ်ပေးထားခဲ့ပြီး …

“ကျနော် အလုပ် သွားလုပ်လိုက်ဦးမယ်၊ ဒီဘက်ကမ်းကိုကူးလာတဲ့ လူတွေကို သေသေချာချာ စောင့်ကြည့်ပါ”

ထမင်းကြမ်းခဲကို ဖြစ်သလိုစားပြီး အုန်းပင်ပေါ်ပြန်တက် ကင်းစောင့်ပါသည်။ အုန်းပင်ပေါ်ရောက်တော့ သေချာနေရာယူပြီးမှ အုန်းသီး သားပြည့် ရေပြည့်တလုံးကို ဆွတ်လိုက်သည်။ အရည်ဖောက်သောက်ပြီး အသားကို ခွဲစားပါသည်။ အခွံကိုတော့ အောက်ကိုပစ်မချပါ။ လက်စလက်န မပြချင်လို့။ အုန်ပင်ခွကြားထဲမှာပဲ ညှပ်ထားလိုက်ပါသည်။ ခဏကြာတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့် ထုသံရိုက်သံ ကြားရသည်။

တနာရီကျော်လောက်အကြာတွင် လူ ၂ ယောက်သောင်ခုံပေါ်မှ ပေါ်လာသည်။ ရမ်းဗြီး နဲ့ ကိုအောင်ထီပါလား။ ကျနော် အုန်းပင်ပေါ်မှ လျောဆင်းလိုက်သည်။ ချုံနားကိုပြန်ကပ်ပြီး ချောင်းကြည့်သည်။ သူတို့ ၂ ယောက် ရေလက်ကြားသို့ ဆင်းလာစပြုနေပါသည်။ ဖထီးမန်းရှိသည့် ဆပ်သွားဖူးရုံသို့ သုတ်ခြေတင်ပြေးပြီး သန္တာကျောက်ခက်တလုံးနှင့် ချုံထဲသို့ လှမ်းပစ်သွင်းလိုက်သည်။ ထုသံ ရိုက်သံ တိတ်သွားသည်။

ချုံရိပ်ကိုခိုပြီး သူတို့ကို ပြန်ချောင်းသည်။ သူတို့ ၂ ယောက် ကျွန်းကလေးဘက်သို့ ကူးလာပြီး ကမ်းခြေအတိုင်း ပတ်မလျှောက်ပါ။ ကျွန်းပေါ်သို့ တက်လာသည်။ ချုံစပ်နားတလျှောက် ဖြတ်လျှောက်ပြီး ဟိုကြည့် ဒီကြည့် လုပ်သွားသည်။ ကျွန်းကိုပတ်ပြီး ရေလက်ကြားကို ပြန်ကူးသွားသည်။ ကျွန်းမကြီးပေါ်သို့ ဆက်တက်သွားသည်။ သူတို့က တစုံတရာကို ခြေရာကောက်ပြီး လိုက်လံ ချောင်းမြောင်းနေသည်။

သို့သော် သူတို့ကို ပြန်ပြီးချောင်းနေသူ တယောက်ကိုတော့ သူတို့ မတွေ့၊ မသိ၊ မမြင်ရပါ။ သူတို့ ပြန်ကူးသွားသည်ကို မျက်စေ့တဆုံးကြည့်ပြီး လူလုံးပျောက်မှ ဖထီးမန်းအလုပ်လုပ်သည့် ချုံထဲသို့ဝင်သွားသည်။

“ကိုကံမြင့်နဲ့ ကိုအောင်ထီပဲ ဖထီးမန်း၊ ကမ်းခြေကိုမလျှောက်ဘဲ ကျွန်းပေါ် တက်လာတယ်။ ချုံကြိုချုံကြားတွေ လျှောက်ကြည့်တယ်”

ဖထီးမန်း တွေပြီး ရပ်နေသည်။ သူ့ချွေးတွေကို သုတ်လိုက်သည်။ ပြီးမှ ...

“လုံခြုံရေးကို သတိထားပေါ့ဗျာ၊ ခင်ဗျား ဘာမှသွားမလုပ်နဲ့နော်၊ ကျနော်တို့ရည်မှန်းချက်တွေ ပျက်စီးကုန်မယ်” ဒါပဲ သူ ပြောသည်။

မနေ့က ကျနော်ခူးထားပေးသော သားပြည့်ရေပြည့် အုန်းခိုင်မှတလုံးကို ယူဖောက်ပြီး ဖထီးမန်းကို ပေးလိုက်သည်။ သူက ယူသောက်ပြီး ဖထီးမန်းတယောက်တည်း ချွေးတလုံးလုံးနှင့် ကျနော် မကြည့်ရက်ပါ။ ကျနော် အလွန်သနားပါသည်။ ကျနော် ကူပြီးဝိုင်းလုပ်ပေးချင်သည်။ ကင်းစောင့်ဖို့ကလည်း မရှိလျှင်မဖြစ်ပါ။

“ကဲ … ခင်ဗျား ကင်းကို သေသေချာချာ ပြန်ပြီးသွားစောင့်”

ကျနော် ချုံထဲက ပြန်ထွက်လာသည်။ ကျနော့်နေရာ အုန်းပင်ထိပ်သို့ ပြန်တက်သည်။

တနာရီကျော်ကျော်လောက်တွင် ရေလက်ကြားသည် လူတရပ် ခေါင်းမြုပ်လောက်ထိ ရေတက်လာပါပြီ။ ဒီလို ရေအနက်မျိုး ဘယ်သူမှ ကူးမလာတော့ပါ။ ရေစီးကလည်း အလွန်သန်နေပါသည်။ ဖထီးမန်းရှိသည့် ချုံထဲသို့ ပြန်ဝင်လာသည်။ သူက …

“ခင်ဗျား ဘာလာလုပ်တာလဲ”

“ဖထီးမန်း ရေပြည့်နေပြီ၊ လူတရပ်လောက် ရှိတယ်။ ဘယ်သူမှ ကူးမလာနိုင်တော့ဘူး”

“ကဲ … ဒါဆိုလည်း အဲဒီသံချောင်းတွေကို ဖြောင့်ပြီးတော့ ထိပ်က တုံးနေတာတွေ ပြန်သွေး”

ကျနော်တို့လှေမှာ ပျဉ်းဟောင်း၊ သံဟောင်းနှင့်လုပ်ရတာ ရှိတဲ့ပစ္စည်းနဲ့ဖြစ်သလို လုပ်ရတာဖြစ်ပြီး တခါတရံ လှေပျဉ်ချပ်တချပ်ကို သံချက်ရိုက်လို့ပြီးခါနီးမှာ ပျဉ်ကကွဲသွားတာမျိုးလည်း ရှိသည်။ ဒါဆို ပျဉ်တွေပြန်ခွာ၊ သံတွေပြန်နုတ်။ တခါတလေလည်း သံတွေက ဟောင်းနေတော့ ရိုက်ရင်းနဲ့ နဖားပွင့်ကျိုးပြီး ပြန်နုတ်ရတာလည်း ရှိသည်။

ပျဉ်ကလည်း သစ်အမျိုးအစား မတူ၊ အထူအပါးကလည်း မတူဖြစ်ပါသည်။ ကျနော်သံကို ဖြောင့်သည်။ တုံးနေသော သံချောင်းကို အဖျားချွန်အောင် ပြန်သွေးသည်။ ဖထီးမန်းက အမောဖြေရင် ဓားတွေ၊ ဆောက်တွေကို ပြန်သွေးသည်။ ကျနော်တို့တွင် လက်လုပ် လွှကလေးတချောင်း ရှိသည်။ ဒါလည်း ကိုအုန်းမောင်ကြီးပညာနဲ့ ဖြစ်လာတဲ့လွှဖြစ်ပါသည်။

၂ လကျော်လောက်အကြာတွင် ကျနော်တို့လှေမှာ တံကူတွေဆင်လို့ ပြီးပါသည်။ လှေဝမ်းပျဉ်တွေလည်း ရိုက်လို့ပြီးပြီ။ ဘေးကပျဉ်တွေလည်း တချို့ရိုက်လို့ပြီးပြီ။

ညနေစောင်း ရေကျပြီး ပြန်ကူးလို့ရလောက်ချိန်တွင် ဖထီးမန်းက ...

“မနက်ဖြန်ကျရင် လှေစပ်တာ ခဏနားကြမယ်ဗျာ၊ နည်းနည်းသက်သာတဲ့ ရွက်တိုင်နဲ့ ခတ်တိုင်တွေကို လုပ်မယ်၊ တောထဲမှာ ရွက်တိုင်နဲ့ ခတ်တက်လုပ်လို့ကောင်းတဲ့ အပင်တွေကို လိုက်ရှာမယ်၊ ကဲ … သွားကြစို့”

ထွက်ကြစို့ဆိုပြီး ဒီအတိုင်းကောက်ပြီး ထွက်လာကြသည် မဟုတ်ပါ။ ဆပ်သွားဖူးရွက်ကို ဝင်လာတဲ့နေရာမှာ အသာလေး ကန့်လန့်ဖြတ် မသိမသာ တင်ထားလိုက်ပါသည်။ တကယ်လို့ ကျနော်တို့နေရာကို သူများ ချောင်းရင်၊ ဝင်လာကြည့်ရင် ခြေရာလက်ရာ ပျက် မပျက်သိအောင် ထားခြင်းဖြစ်သည်။

ကျနော်တို့လှေဝမ်းသည် ဆပ်သွားဖူးရုံအချို့နေရာများတွင် အပြင်ကနေ အတွင်းကိုကြည့်ရင် မြင်နိုင်သည့် အချို့အပေါက်တွေရှိသည်။ အတွင်းပိုင်းမှ ဆပ်သွားဖူးညွန့်တခု ခုတ်ဖြတ်ပြီး ထိုမြင်နိုင်သည့် အပေါက်ကို ဆို့ပိတ်လိုက်သည်။ ၎င်းဆို့ထားသည့် ဆပ်သွားဖူးညွန့်သည် ၃ ပတ်ကျော် ခံသည်။ ပြီးတော့ ဝါသွားပါသည်။ ဤသို့ဖြစ်လာလျှင် ဝါသွားသော ဆပ်သွားဖူးညွန့်နေရာတွင် အသစ်အစားထိုးလိုက်ပါသည်။

ဂျယ်ရီကျွန်းကလေးက ထွက်လာပြီး ကမ်းစပ်ရောက်လာသည်။ ကမ်းခြေကို ဆင်းဖို့အလုပ်မှာ ဖထီးမန်းက လှည့်စားမှုတခုကို ပြုလုပ်လိုက်ပါသည်။ အဆင်းခြေရာကို အတက်ခြေရာပြလိုက်ပါသည်။ သောင်စပ်ကလေးတွင် ကျနော်တို့ ၂ ယောက်၏ခြေရာမှာ ဂျယ်ရီကျွန်းပေါ်သို့ တက်သွားသည့် ခြေရာကိုပြနေပါသည်။ တကယ်က ကျနော်တို့ ၂ ယောက် ရေလက်ကြားကို ဖြတ်နေပါသည်။

ဤကျွန်းကလေးပေါ်တွင် လှေစပ်ခြင်းအမှုကိုပြုသည့် ကာလတလျှောက်လုံး ကျွန်းကလေးပေါ်ကိုတက်လျှင် အဆင်းခြေရာပြ၊ ကျွန်းကလေးပေါ်က ပြန်ဆင်းလျှင် အတက်ခြေရာကို ပြထားပါသည်။

ဆက်လက်ဖော်ပြပါမည်

No comments: