Thursday, January 7, 2010

အနုပညာ၊ လွတ်လပ်ခွင့်၊ သမိုင်း၏ အဆုံးအမ

ဂျစ်ကားကို နင်းခုံကလေးပေါ်ရုံ အနီးကပ်ရိုက်ပြထား၏။ ထို့နောက် ဖျာစုတ်ပေါ် နင်းလျှောက်လာသော သရုပ်ဆောင် စမ်းစမ်းအေး၏ ခြေထောက်များ … ဟော … ဆေးလိပ်တိုကလေးများကို ခြေဖြင့်တိုက်ကာ ဂျစ်ကားနင်းခုံပေါ် တက်လိုက်၏။ ကားထွက်သွားပြီ။

‘ခြေဖဝါးတော်နုနု’ ဇာတ်ကားထဲက သရုပ်ဆောင် စမ်းစမ်းအေးတယောက် သဘင်လောကမှ ရုပ်ရှင်ဘက် ကူးတော့မည့်ပြကွက်ကို အထက်ဖော်ပြပါ သင်္ကေတကလေးများဖြင့် ၂ မိနစ်ခန့် ရိုက်ပြသွားခြင်းဖြစ်သည်။

ထိုခေတ်က စက်မှုပိုင်းဆိုင်ရာတွင် အလွန်ခေတ်နောက်ကျသည့် ပစ္စည်းများဖြင့် ရုပ်ရှင်အနုပညာကို ဖန်တီးနေကြရသော အချိန်။ သို့သော်လည်း စိတ်ကူးစိတ်သန်း အနုပညာကိုယ်ခံအားနှင့် ရသဖန်တီးမှု လက်ရာတို့ကား သာလွန်ကောင်းမွန်နေသည်ချည်း ဖြစ်သည်။

စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်ဆိုသော အနုပညာကား စိတ်ကူးစိတ်သန်းကို ချဲ့ထွင်နိုင်သမျှ ချဲ့ထွင်ရသော ကိစ္စပင်။ သို့ ချဲ့ထွင်ရာတွင် ဗဟိဒ္ဓ အမြင်အတွေ့ကို အဇ္ဈတ္တတွင် ကူးစက်ခံစားပြီး တုံ့ပြန်မွေးဖွားရသည်လည်း ပါသည်။

လူတွေကို ခံစားရသည်။ အဖြစ်အပျက်များကို မှတ်သားရသည်။ အပြောင်းအလဲများကို မျက်ချည်မပြတ်ဘဲ လူ့လောက၏ ရသအစုံကို ဒဿနဖြင့် ခြုံငုံသုံးသပ် ဖန်တီးတတ်ရသည်လည်း ရှိသည်။

ထိုသို့တွေးခေါ်သုံးသပ် ဆုံးဖြတ်ဖန်တီးရာ၌ လွတ်လပ်မှုရှိဖို့သည် ပဓာနကျလှပေသည်။ အနုပညာဆိုသည်ကား လွတ်လပ်မှုကြောင့်ပင် ရှင်သန်တိုးတက်နေသောအရာ ဖြစ်ပေတော့၏။

တလောက … တေးဂီတရုပ်မြင်သံကြား (စီဒီ)ဓာတ်ပြားတခွေကို မိတ်ဆွေတဦးအိမ်တွင် ကြုံကြိုက်ခိုက် ထိုင်ကြည့်မိသည်။ ခင်မောင်တိုး၏ သီချင်းများကို သရုပ်ဆောင်တို့၏ လှုပ်ရှားမှုများဖြင့် တင်ဆက်ထား၏။

စက်မှုပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ တိုးတက်ခေတ်မီလာသော ဒီဘက်ခေတ်တွင် တေးဂီတရုပ်မြင်သံကြား (MTV) ဓာတ်ပြားတွေ အတော့်ကို ခေတ်စားလာသည်။ စီဒီဓာတ်ပြားတွေနှင့် တချပ်ပြီးတချပ် တဖျပ်ဖျပ် ရိုက်ကူးဖြန့်ချိနေကြ၏။ သို့သော် …

အထူးသတိထားမိသည်မှာ အနုပညာ ကိုယ်ခံအားနည်းပါးသော (MTV) ရိုက်သူများ၏ လက်ရာပင်။

စိတ်ကူးစိတ်သန်းတွေက မလတ်ဆတ်သဖြင့် ရိုက်ချက်တွေကလည်း ချာတာတာ။ သရုပ်ဆောင်တွေကလည်း ပျာယာယာနှင့် ဖြစ်နေသည်။

ဥပမာ… အဆိုတော် ခင်မောင်တိုး၏ မဟာဆန်သူသီချင်းထဲမှ “အနောက်ဘက်မျက်နှာ ကျားကွက် ရွှေ့လိုက်တယ်ပေါ့” ဆိုသော စာသားနေရာတွင် တကယ့်ပကတိ ဘုရားစူးပါရစေဆိုရမည့် ကျားကွက်အစစ်ပေါ်မှ ကျားကိုရွှေ့ပြသည့် ရိုက်ချက် ထည့်သွင်းထားသည်။

အလွန့်ကိုပင် တိကျသေချာလှသော သရုပ်ဖော်မှုပါတည်း။

သို့သော်လည်း ပြောစရာ၊ ဆိုစရာတွေကတော့ ရှိသည်။ အခြားမဟုတ်။ လွတ်လပ်မှုပင်။

လက်ရှိ စစ်ခေါင်းဆောင်များ၊ အာဏာသိမ်း၍ အုပ်ချုပ်နေသော မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်း၊ စာနယ်ဇင်းနှင့် အနုပညာလွတ်လပ်ခွင့် ဆိတ်သုဉ်းသောနိုင်ငံအဖြစ် သတင်းကြီးနေသည် မဟုတ်လော။

ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် အနုပညာကိုယ်ခံအားနည်းသူများ၊ အနုပညာကိုယ်ခံအား လုံးပါးပါးရသူများ နှင့် အနုပညာကို ခုတုံးလုပ် ကိုယ်ကျိုးရှာသူများ ပေါ်ပေါက်လာရခြင်း ဖြစ်ပေတော့၏။

အနုပညာကိုယ်ခံအားနည်းသူတို့ကား တပွဲတိုး၊ ဆူလွယ်နပ်လွယ် ဖန်တီးမှုများမှတဆင့် ပရိတ်သတ်၏ လျစ်လျူရှုခြင်းကိုခံရကာ အနုပညာကပင် ထိုသူတို့ကို မောင်းထုတ်ပစ်မည်ဖြစ်သည်။

အနုပညာ ကိုယ်ခံအားလုံးပါးပါးရသူတို့ကား မိမိ၏အဖြစ်သနစ်ကို ခေတ်၏အခြေအနေနှင့် ဆန်းစစ်ဝေဖန်နိုင်ပါက နိုင်ငံရေးစနစ်သစ် ရောက်လာလျှင် မော်ကွန်းတင် ကမ္ဗည်းထိုးနိုင်သော၊ မှတ်ကျောက်တင်နိုင်သော အနုပညာလက်ရာများကို ပြန်လည်ဖန်တီးနိုင်ကြမည်ဖြစ်သည်။

အနုပညာကို ခုတုံးလုပ် ကိုယ်ကျိုးစီးပွားရှာသူတို့က အနုပညာနှင့် ပရိသတ်၏ ဒဏ်ခတ်ခြင်းကိုခံရမည်သာမက သမိုင်း၏ အဆုံးအမကိုပါ ခံကြရဦးမည်ဖြစ်သည်။

ရေးနေရင်း … တလောက နအဖ အကယ်ဒမီဆုတွေ အများကြီးရသွားသည့် မင်းသားကို သတိရမိသည်။ အနှီ မင်းသား ရိုက်ကူးသမျှ အင်္ဂလိပ်နယ်ချဲ့နှင့် ဖက်ဆစ်တော်လှန်ရေးဇာတ်လမ်းတွေသာ များလွန်းသောကြောင့် “သီဟတင်စိုးကတော့ ခုထိ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တိုက်တုန်းပဲ” ဟု နာမည်ကြီးသူပင်။

ထိုနာမည်ကြီး သီဟတင်စိုးဆိုသူ မင်းသားက ဖိနှိပ်အုပ်ချုပ်သော စစ်ခေါင်းဆောင်များအလိုကျ ‘ငရဲသား’ အမည်ရှိ ဇာတ်လမ်းကိုရိုက်ကူးကာ ‘နအဖ အကယ်ဒမီဆု’တွေ ယူသွား၏။

ထိုသို့ အကယ်ဒမီဆု ၂ ဆုကို တဦးတည်း တနှစ်တည်းရသွားသဖြင့် သူ့အစား ကျနော် ဂုဏ်မယူပါ။ အဘယ်ကြောင့်ဆိုသော် ဖိနှိပ်အုပ်ချုပ်သူများ၏ အလိုကျ သူ့ကိုယ်ကျိုးအတွက် အနုပညာကိုခုတုံးလုပ်ခဲ့သဖြင့် သမိုင်း၏ အဆုံးအမကို အနှီမင်းသားတယောက်ခံရတော့မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။

သမိုင်းကား ရပ်တန့်မနေ။ အစဉ်ပြောင်းလဲနေသည် မဟုတ်လော။

ရေစီးသံဂျာနယ်
အတွဲ ၆၊ အမှတ် ၁
မေလ ၁ ရက်၊ ၂၀၀၂ ခုနှစ်

No comments: