သူ့လမ်းကြောင်းအတိုင်း သူ သွားပါစေ
ဒုဂ္ဂတိဘုံသို့ ရောက်သည်အထိပေါ့။
ညဟာ အေးခဲ
တိတ်ဆိတ်ခြင်း၊ လမင်းနဲ့ အလွမ်းအူသံများ
အခိုးမသတ်ရသေးတဲ့ ဒေါသ
မီးညှိမရတော့တဲ့ ဆေးလိပ်တို တတို။
ထွေးထုတ်ပစ်လိုက်
ထွေးထုတ်ပစ်လိုက်
အကုသိုလ်တရားတွေ ထွေးထုတ်ပစ်လိုက်
ဖန်ခွက်တွေထဲက
ဟောင်သံတွေကို ထွေးထုတ်ပစ်လိုက်။
ဟောဒီည
တိတ်ဆိတ် ညဥ့်နက်လိုက်ပုံကတော့
ခွေးလေခွေးလွင့်တွေနဲ့ ကိုယ်ပဲရှိရဲ့
လမ်းမကြီးပေါ်မှာ။
ကိုယ့်ကို သယ်ဆောင်ဖို့
လမ်းဟာ ရှိခဲ့လေသလား
လမ်းကို သယ်ဆောင်ဖို့
ကိုယ်ဟာ ရှိခဲ့လေသလား။
ကိုယ့်နောက်ကျောက
ကိုယ့်မိတ်ဆွေတွေရဲ့ ဓားကို ကိုယ်စမ်းမိရဲ့
ဒါပေမယ့် ကိုယ့်အသည်းနှလုံးတည့်တည့်ကို
မထိုးစိုက်နိုင်ခြင်းဟာ
မောင်ရင်တို့ရဲ့ ညံ့ဖျင်းမှုပါလေ။
ဒီလိုပါပဲ
ကံမကောင်းခြင်းများနဲ့ ကြုံရတဲ့အခါ
ဓာတ်တိုင်တွေနဲ့ တိုးမိ တိုက်မိ
ပိုပြီး ကံဆိုးလှတဲ့ ဒီညအဖို့မှာ
အတင်းအဖျင်းတွေနဲ့ ဝင်တိုက်ခဲ့ရ။
ထွေးထုတ်ပစ်လိုက်။
ဟောဒီ စနေသား သွားလေရာရာကိုမှ
ကံဆိုးခြင်းတွေ လိုက်လိုက် ရွာချတတ်ပေရဲ့
ကိုယ်ကလည်း ကိုယ်ပဲလေ
ကိုယ်နေထိုင်တဲ့ ကမ္ဘာမြေကြီးပေါ်
မူးမူးပြီး အန်လို အန်ချ
အသုံးမကျတဲ့ အတ္တတွေနဲ့
ချာချာလည်အောင် မူးလား မူးရဲ့။
အို ... မှုန်ပျပျ လရောင်များနဲ့ ဒီည
လွတ်လပ်၊ ကျယ်ဝန်း၊ နက်ရှိုင်းခြင်းက
ရှေ့ဆက်မရအောင် ကိုယ့်ကို တုတ်နှောင်ပေါ့။
သိုးတွေသာ
သူတို့လမ်းအတိုင်း သူတို့ သွားပါစေ။
ပိုင်စိုးဝေ
ဟန်သစ်၊ ၁၉၉၇၊ ဧပြီ၊ အမှတ် ၇၈
ဟန်သစ်၊ ၁၉၉၇၊ ဧပြီ၊ အမှတ် ၇၈
No comments:
Post a Comment