၅၃ ရက်တိုက်ပွဲ
အဲဒီတော့ ကျနော်တို့ နဂိုခေါင်းထဲမှာရှိနေတဲ့ တိုက်ပွဲဆီကိုပဲ ကျနော်တို့ အာရုံတွေပြန်ရောက်လာတာ။ အဲဒီကနေ ကျနော်တို့ ကိုကိုးကျွန်းမှာ တိုက်ပွဲတကာတို့ရဲ့မိခင် (Mother of all demonstration and strikes) လို့ ပြောရမယ့် ၅၃ ရက် တိုက်ပွဲကြီးကို ၁၉၇၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က နေပြီးတော့ ဇူလိုင်လ ၃၁ ရက်နေ့အထိ တိုက်ပွဲကို စလိုက်ခဲ့ကြတယ်။
အဲဒီတော့ ဒီတိုက်ပွဲ စတဲ့အကြောင်းမပြောခင် ဒီတိုက်ပွဲမတိုင်ခင်မှာ ကျနော်တို့ စောစောကပြောခဲ့သလိုပဲ အင်မတန်ကြီးမားတဲ့ အခက်အခဲတွေနဲ့ ကြုံရတာကို ထပ်ပြောပြပါမယ်။
ပြဿနာတွေက ကျနော်တို့ အကျဉ်းစခန်းထဲမှာ၊ အဖွဲ့အစည်းတွေအတွင်းမှာ သွေးစည်းညီညွတ်ရေးက သိပ် မကောင်းဘူး။ အဖွဲ့အစည်းတခုနဲ့ တခုအကြားမှာ၊ အဖွဲ့စည်းတခုချင်းရဲ့အတွင်းမှာ ပြဿနာလေးတွေ ရှိ ရှိနေတယ်။ ပြောပြော ဆိုဆို၊ သွားသွား လာလာ အဲဒီလိုကတော့ ရှိပါတယ်။ ဒါပေမယ့် တကယ့် တကယ် နိုင်ငံရေးလှုပ်ရှားမှုတခုလုပ်ဖို့ နိုင်ငံရေး စကားပြောကြပြီဆိုလို့ရှိရင်တော့ ကွဲလွဲမှုလေးတွေ ရှိနေကြတယ်။
နောက်ပြီး မကြာခင်ကမှပြီးသွားတဲ့ ရဲနီတွေရဲ့ တိုက်ပွဲကလည်း ရှုံးသလိုဖြစ်ထားတာကိုး။ အဲဒီတော့ ရန်သူက အင်မတန် အားတက်နေပြီးတော့ ဘာမဆို အထက်စီးကချည်း ပြောနေလုပ်နေတဲ့ အနေအထားနဲ့။ ဒါပေမယ့် ဒီတိုက်ပွဲ ခက်ခဲရတဲ့ အဓိကအကျဆုံးအချက်က ကျနော်တို့ရဲ့တောင်းဆိုချက်ပဲ။ ဒီတိုက်ပွဲအတွက် တောင်းဆိုတဲ့ အချက် သိပ်ကို အခရာကျလွန်းတယ်။ တောင်းတာ ၂ ချက်တည်း။
ပထမတချက်က … ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေး။
ဒုတိယအချက်က … ပြည်မထောင် အခွင့်အရေးတွေ ကျနော်တို့ဆီမှာလည်း ရရှိရေး။
ဒါကို ကျနော် နည်းနည်း ထပ်ပြီး ရှင်းပြမယ်။ ကိုယ်ထူကိုယ်ထစနစ်ဆိုတာ ကျနော်ပြောခဲ့သလိုပဲ နိုင်ငံရေး အကျဉ်းသားတွေကို ထင်းခွေ၊ ရေခပ်၊ တောင်ယာစိုက်၊ ထမင်းချက်အလုပ်တွေ လုပ်ခိုင်းတဲ့အပြင် ဗမာပြည်ထောင်သမိုင်းမှာ ဘယ်တုန်းကမှ မရှိဘူးတဲ့ ဖိနှိပ်ရေးစနစ်တခု ဖြစ်တယ်။ ဒီအလုပ်တွေလုပ်ပေးဖို့ ထောင်အာဏာပိုင်တွေအနေနဲ့ ဝန်ထမ်းရှာတာ (ဒါမှမဟုတ်) နောက်ထပ် သာမန် ရာဇဝတ်သား အကျဉ်းသားတွေ ခေါ်လာတာ စတဲ့ စရိတ်တွေကို ကာမိအောင်ခိုင်းတာ မဟုတ်ဘူး။ သူတို့ အဲဒီငွေ အကုန်မခံနိုင်လို့ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ့်ဟာကိုယ် အလုပ် လုပ်ခိုင်းနေတာ မဟုတ်ဘူး။
အဓိကဟာ နိုင်ငံရေးအကျဉ်းသားတွေကို နံနှိမ်တာ။ နိုင်ငံရေးဂုဏ်သိက္ခာကို ချပစ်တာ၊ စော်ကားတာ။ အဲဒါအပြင် နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ ထပ်ခေါ်လာပြီးတော့ ဒီကျွန်းပေါ်မှာ တသက်လုံး ပို့ထားဖို့ဆိုတဲ့ အစီအစဉ်နဲ့ အကုန်လုံးက ဆက်နေတဲ့ဟာတွေ။ ဒါကြောင့်မို့လို့ ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေး ဆိုတာဟာ ဒီထောင်ရဲ့ အခရာအကျဆုံး ပေါ်လစီကို တိုက်တာဖြစ်တယ်။
နောက်တခုက ပြည်မထောင် အခွင့်အရေး ရရှိရေး။ ဆိုလိုတာ ကျနော်တို့ ဒီမှာက ဆက်သွယ်ရေး ခက်တယ်၊ မိုးတွင်းဆိုလို့ရှိရင် သင်္ဘော သွားလို့ လာလို့ မရဘူး၊ အစရှိတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ချုပ်ချယ်မှုတွေ အမျိုးမျိုးခံနေရတာ။
အဲဒီတော့ ကျနော်တို့ တောင်းတဲ့ဟာက ရိက္ခာကအစ ထောင်ဝန်ထမ်း အပါအဝင် အိမ်ကပစ္စည်းပို့တာအဆုံး တခြား ပုံမှန်ထောင်တွေမှာ ရခွင့်ရှိတဲ့ အခွင့်အရေးတွေအားလုံးရရှိရေး။ ဒါက ဖြစ်နိုင်လျှင် ကြိုက်သလောက် ချဲ့လို့ရတယ်ဗျာ။ နောက်ဆုံးပြောလို့ရှိရင် သာရေး နာရေးမှာ သက်ဆိုင်ရာ ဘာသာအလျှောက် ပြုလုပ်ဆောင်ရွက်ခွင့် အဲဒါမျိုးတွေ ကျနော်တို့ ချဲ့လို့ရတယ်။ အဲဒီတော့ ဒါကလည်း သိပ်ကို အခရာကျတာ။
ထောင်အာဏာပိုင်တွေအဖို့က ငွေရေးကြေးရေး၊ အချိန်၊ လုပ်အား အဲဒီဘက်က ကြည့်လိုက်လို့ရှိရင် ပြည်မထောင်တွေအတိုင်း အခွင့်အရေးတွေပေးဖို့ဆိုတာ လုံးလုံးကို မဖြစ်နိုင်ဘူး။ အဲဒီတော့ အဲလို လိုက်လျောလိုက်လို့ရှိရင် အစစအရာရာ ကျနော်တို့ကို အလျော့ပေးရပြီ။ သူတို့မှာ သွားပြီး သူတို့ ဦးကျိုးပြီ။ သူတို့ ခေါင်းဖော်နိုင်စရာ မရှိတော့ဘူး၊ နောင် ဘာပဲဖြစ်ဖြစ် ကျနော်တို့တောင်းသမျှ သူတို့ လိုက်လျောရမယ့် အခြေအနေဖြစ်တော့မှာ။ အဲဒီတော့ ဒီဟာက အသည်းချင်းပေါက်ကြတယ်ဆိုတဲ့ တိုက်ပွဲမျိုး ဖြစ်ရတယ်။
အဲဒီတော့ တိုက်ပွဲတိုက်တော့မယ်ဆိုတော့ ဒီတောင်းဆိုချက် ၂ ချက်ဟာ ဘယ်သူမှငြင်းမရတဲ့ အချက်တွေ၊ ဒါ တထောင်လုံးနဲ့လည်း ဆိုင်တယ်။ ကျနော်တို့ အကျဉ်းထောင်ထဲမှာ ဘယ်သူကမှ မဆန့်ကျင်ကြဘူး။ ဒီတိုက်ပွဲကို အားလုံးက ထောက်ခံကြတယ်။ ဒါပေမယ့် ထောက်ခံတယ်ဆိုတာတော့ ဟုတ်တယ်၊ ဒါပေမယ့် တကယ် တိုက်ပွဲဝင်တဲ့အခါကျတော့ သက်ဆိုင်ရာ ကျနော်တို့အဖွဲ့အစည်း (ကျနော်တို့ရိက္ခာရုံ) အဲဒီကလူတွေကပဲ သီးခြား တိုက်ရသလိုဖြစ်တယ်။ ကျန်တဲ့လူတွေက စာနာတဲ့အဓိပ္ပာယ်ပဲ ဖော်ပြကြတယ်။
အဲဒီတော့ ကျနော်တို့ ဒီ ကိုကိုးကျွန်းအကျဉ်းစခန်းမှာ တိုက်ပွဲရဲ့အဓိကအဆောင်ဟာ ကျနော်နေတဲ့ နံပါတ် ၉ အဆောင်ပဲ။ အဲဒီတော့ ပြန်ပြောပြပါဦးမယ်။ ဒီ အကျဉ်းစခန်းမှာက စခန်းပေါင်း ၃ ခု ရှိတယ်။ ဒါပေမယ့် ကျနော်တို့က စခန်းတခု။ အဲဒီ စခန်းထဲမှာဆိုလို့ရှိရင် အဆောင် ၁၂ ဆောင် ရှိတယ်။ အဲဒီ အဆောင်၁၂ ဆောင်ကို ဟိုဘက် ၆ ဆောင်၊ ဒီဘက် ၆ ဆောင် ကြားမှာသံဆူးကြိုး ၂ ထပ်နဲ့ ခွဲထားတယ်။ ဒါပေမယ့် သွားလို့ လာလို့ရတဲ့ အပေါက်တော့ ရှိတာပေါ့။
နောင်ကျတော့ ကျနော်တို့တတွေ ချိုးဖောက်လိုက်တော့လည်း သံဆူးကြိုးတွေက ဘာမှကို အဓိပ္ပာယ် မရှိတော့ပါဘူး။ အဲဒီတော့ အဲဒီ အဆောင် ၁၂ ဆောင်မှာ တဆောင်ကို လူ ၂ဝ ပတ်ဝန်းကျင်လောက် နေရတယ်။ အဲဒီတော့ အဆောင် ၁ က ဆန်ဂိုဒေါင်၊ အဆောင် ၂ က ဆေးခန်း၊ အဲဒီ ကျန်တဲ့ တဆောင်က လူနေဆောင်တွေ။
အဲဒီတော့ ကျနော်တို့ရိက္ခာရုံက လူများတဲ့အခါကျတော့ ကျန်တဲ့ အဆောင် ၁ဝ ဆောင်ထဲမှာ ကျနော်တို့ ရိက္ခာရုံကချည်း အဆောင် ၄၊ အဆောင် ၈၊ အဆောင် ၉၊ အဆောင် ၁ဝ၊ အဆောင် ၁၁ ဆိုပြီးတော့ အဆောင် ၅ ဆောင် ယူထားတယ်။ အဲဒီမှာ မျှနေတယ်။
အဲဒီတော့ အဲဒီ အဆောင် ၅ ဆောင်ထဲမှာ ကျနော်တို့အဆောင် ၉ ဟာ တဘက်က အဆောင် ၁ဝ ရယ်၊ အဆောင် ၈ ရယ်ကလည်း ကျနော်တို့ရဲဘော်တွေပဲ နေကြတာ။ အဲဒီကြားထဲမှာဆိုတော့ လျှို့ဝှက်ရေးအရ၊ လုံခြုံရေးအရ ကောင်းတဲ့အဆောင်လို့ ကျနော်တို့ သတ်မှတ်တယ်လေ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment