Sunday, January 3, 2010

တို့ဗမာ သခင်ကြီးများ၊ ရဲဘော်သုံးကျိပ်ဝင် တပ်မှူးများ မျှော်မှန်းခဲ့သည့် လွတ်လပ်ရေးနှင့် ယနေ့ နအဖ ခေတ် လွတ်လပ်ရေး မည်သို့ ကွာခြားနေသနည်း

“ဒါ တိုက်ပွဲပဲလေ။ လွတ်လပ်ရေးရအောင် နယ်ချဲ့သမားကို တိုက်ရတယ်။ နယ်ချဲ့သမားကို ကျနော်တို့ ပြည်သူတွေက အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဆင်ရတယ်။ ဒီကနေ့ကတော့ ဒီမိုကရေစီရရှိရေးအတွက် လူတွေကတိုက်ရတဲ့ တိုက်ပွဲပဲ။ လူထုကတော့ တခုခုလိုချင်တယ်ဆိုရင် ဒီလိုပဲ တိုက်ပွဲဝင်ရမှာပဲ။ ဟိုတုန်းက တိုက်ပွဲနဲ့ လုံးဝ ထပ်တူတော့ မဟုတ်ဘူး။ ဟိုတုန်းက နယ်ချဲ့စနစ်ကို တိုက်ရတယ်။ ဒီကနေ့ကတော့ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရတယ် …”

ဒို့ဗမာ သခင်ကြီးတွေ၊ ရဲဘော်သုံးကျိပ်ဝင် တပ်မှူးတွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်ရေးနဲ့ ဒီကနေ့ နအဖ ခေတ် လွတ်လပ်ရေး ဘယ်လိုကွာခြားနေပါသလဲ ဆိုတာတွေကို အခုတပတ် တနင်္ဂနွေ သတင်း အစီအစဉ်အဖြစ် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီ အစီအစဉ်အတွက် ဆက်သွယ်မေးမြန်းထားသူတွေကတော့ လွတ်လပ်ရေးတိုက်ပွဲဝင် ဒို့ဗမာသခင်တဦးဖြစ်သူ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သခင် စိုးမြင့်၊ ရဲဘော်သုံးကျပ်ဝင်တဦးဖြစ်သူ ဗိုလ်မှူးချုပ် ကျော်ဇောနဲ့ ပြည်သူ့ရဲဘော် အဖွဲ့ဝင်တဦးဖြစ်သူ ဦးထိန်လင်းတို့ ဖြစ်ပါတယ်။

နယ်ချဲ့အင်္ဂလိပ်တွေ၊ ဖက်ဆစ်ဂျပန်တွေကို ကိုယ်တိုင် ဦးစီးတိုက်ခိုက်ပြီး မြန်မာနယ်မြေထဲကနေ မောင်းထုတ်နေစဉ်က မျှော်မှန်းခဲ့တဲ့ လွတ်လပ်ရေး အခြေအနေနဲ့ အခုလက်ရှိ (နအဖ ခေတ်) လွတ်လပ်ရေး အခြေအနေ ဘယ်လို ကွာခြားနေပါသလဲ ဆိုတဲ့ ပထမ မေးခွန်းကို သူတို့ ၃ ဦးက အခုလို စတင် ဖြေကြားခဲ့ပါတယ်။

ဗိုလ်မှူးချုပ် ကျော်ဇော ။ ။ ကျနော်တို့လွတ်လပ်ရေးတိုက်ပွဲကို တိုက်ခဲ့ကြတုန်းက ဗမာ့လွတ်လပ်ရေးရရှိပြီးရင် တိုင်းပြည်ကြီး ချမ်းသာဝပြောလာမယ်၊ ပြည်သူတွေ ဆင်းရဲတွင်းက လွတ်ကင်းကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ မျှော်လင့်ချက်တွေ ပျက်ပြားခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နယ်ချဲ့ပယောဂနဲ့ လုပ်ကြံခံရပြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေး ပျက်စီးသွားပြီး ပြည်တွင်းစစ်မှာ မျောပါခံခဲ့ရပါတယ်။

သခင် စိုးမြင့် ။ ။ မျှော်မှန်းတာနဲ့ ဖြစ်လာတာနဲ့၊ ဆန္ဒနဲ့လက်တွေဖြစ်ရပ်နဲ့က မကိုက်ဘူး။ ဆန္ဒဟာဆန္ဒပဲ။ လက်တွေ့ကျတော့ ဆယ်နှစ်ကာလလောက်ပဲ ဒီမိုကရေစီရဲ့ အသီးအပွင့်ကို ထိုက်သင့်သလောက် ခံစားရတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်း မငြိမ်မသက်မှုတွေက ရှိနေတာကိုး။ တော်တော်လေး Stability ရလည်းရလာရော ၆၂ ခုနှစ်နဲ့ လာကြုံရော။ အဲဒီ ကြိုးပမ်းမှုနဲ့ အခု လာတွေ့နေတဲ့ အခြေအနေနဲ့က မကိုက်ဘူး။ ပြည်သူပြည်သားတွေ အခွင့်အလမ်းတွေ နစ်နာဆုံးရှုံးနေတာပေါ့။

ဦးထိန်လင်း ။ ။ လွတ်လပ်ရေးမရခင်က ကျနော်တို့က နယ်ချဲ့သမားရဲ့အုပ်ချုပ်မှုအောက်မှာ နေရတယ်။ အသက်၊ သွေး၊ ချွေးနဲ့ တိုက်ယူပြီး လွတ်လပ်ရေးရတော့ ကိုယ့်မင်းကိုယ့်ချင်းလို့ ပြောလို့ရတာပေါ့။ ကိုယ့် သမ္မတ၊ ကိုယ့် အုပ်ချုပ်ရေး၊ ကိုယ့် ပြည်သူ့လွှတ်တော်နဲ့ နေခဲ့ရတယ်။ ဒါ ထူးခြားတာပေါ့။ ပါလီမန်ဒီမိုကရေစီ ခေတ်တုန်းကတော့ လွတ်လပ်ရေးရဲ့ အရသာလို့ပြောမလား လွတ်လပ်စွာ ဟောပြောစည်းရုံး ဖွဲ့စည်းခွင့်တွေ ရခဲ့တယ်။ သို့သော်လည်း အခု ဒီဘက်ခေတ်၊ စစ်အစိုးရအုပ်ချုပ်တဲ့ ခေတ်ကျတော့ ပါလီမန်ဒီမိုကရေစီစနစ် ကိုလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့တကွ အကုန် ဖျက်သိမ်းခဲ့ပြီးတော့ စစ်အုပ်ချုပ်ရေး၊ စစ်အာဏာရှင် အုပ်ချုပ်ရေးဖြစ်လာတော့ လူတွေ နိုင်ငံရေးမှာလည်း လွတ်လပ်မှု မရှိဘူး၊ စီးပွားရေးမှာလည်း (သိတဲ့အတိုင်း) အခြေအနေ မကောင်းဘူး။ အတိုချုပ်ပြောရရင်တော့ အဲဒီအခြေအနေပဲ။

ဒီလို မျှော်မှန်းချက်နဲ့လက်တွေ့ ကွဲလွဲနေရတာဟာ ဘာကြောင့်ဖြစ်မယ် ထင်ပါသလဲဆိုတဲ့ အမေးကိုတော့ ‘ပြည်တွင်းစစ်ကြောင့် ဖြစ်တယ်’ လို့ သူတို့ ၃ ဦးစလုံးက အခုလို ထပ်မံဖြေကြားခဲ့ပါတယ်။

သခင် စိုးမြင့် ။ ။ လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ အမျိုးမျိုး အနှောက်အယှက်တွေ၊ ပြည်တွင်းစစ် ဖြစ်လာတာ။ ဒီတော့ အခုရောက်နေတဲ့ အခြေအနေမျိုးဟာ တကယ်ကျတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေမှ မဟုတ်ဘဲ။ မဖြစ်သင့် မဖြစ်ထိုက်တဲ့အခြေအနေဘဲ။ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အခြေအနေတွေကို ဖြစ်အောင် လုပ်နေကြတယ်ဆိုတာက လွတ်လပ်ရေးနဲ့မှ မဆိုင်ဘဲဗျ။ လွတ်လပ်ရေးရလို့ ပျက်တယ်ဆိုတဲ့ အမြင်ကတော့ မကောင်းဘူး။

ဗိုလ်မှူးချုပ် ကျော်ဇော ။ ။ အဲဒီကာလ နိုင်ငံရေးခေါင်းဆောင်များဟာ အသက်အရွယ် ငယ်ကြသေးပြီး အတွေ့အကြုံလည်း မရင့်ကျက်ကြတာတွေ တကြောင်းအဖြစ် ပါဝင်ပါတယ်။ တိုင်းပြည်ကို ဒီမိုကရေစီအုတ်မြစ် အပေါ် အခြေခံပြီး မတည်ဆောက်လိုက်ရနိုင်ပါဘူး။ ဒါတွေကို အခွင့်အရေးသမား ဗိုလ်နေဝင်းက အခွင့်ကောင်းယူပြီး ဗမာ့တပ်မတော်ကို ‘တလက်ကိုင် ကြေးစားတပ်’ အဖြစ် ပြောင်းပြီး စစ်အာဏာရှင်စနစ်ကို ထူထောင်လိုက်ပါတယ်။ ဒီနေ့ တိုင်းပြည် ခံစားနေရတဲ့ ဒုက္ခဆင်းရဲအဖုံဖုံဟာ စစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံပါတယ်။

ဦးထိန်လင်း ။ ။ ကျနော်တို့က လွတ်လပ်ရေးယူတာ မမှားဘူး။ အဓိက,ကတော့ ကျနော်တို့နိုင်ငံမှာ ဖြစ်တဲ့အကြောင်းကတော့ ‘ပြည်တွင်းစစ်’ ဖြစ်တယ်။ ပြည်တွင်းစစ် ဘာကြောင့်ဖြစ်ရတာလဲဆိုရင် ပြောရရင်တော့ အရှည်ကြီးပေါ့။ အတိုချုပ်ပြောရရင်တော့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မာန်မာန၊ အာဃာတ၊ ဂိုဏ်းဂဏတွေ ပြင်းထန်တဲ့အတွက် ပြည်တွင်းစစ် ဖြစ်တာ။ အဲလို ပြည်တွင်းစစ်ဖြစ်တဲ့အထဲမှာ အာဏာရတဲ့ ဖဆပလ က နှစ်ခြမ်းကွဲတယ်။ ကွဲတဲ့အပေါ်မှာ တပ်မတော်က ခေါင်းထောင်လာတယ်။ နောက်ဆုံး အာဏာသိမ်းတဲ့အထိပဲ။ တကယ်လို့သာ ကျနော်တို့က ပြည်တွင်းစစ် မဖြစ်ဘူးဆိုရင် ဒီလိုမဖြစ်ဘူး။ လွတ်လပ်ရေးရလို့ ဖြစ်တာမဟုတ်ဘူး။ လွတ်လပ်ရေးရပြီးတဲ့အခါမှာ ခေါင်းဆောင်တဲ့ ပါတီရဲ့ ဂိုဏ်းဂဏဝါဒ၊ မာန်မာန၊ တယောက်နဲ့တယောက် အာဃာတတွေကြောင့် ပြည်တွင်းစစ်ဖြစ်တယ်။ ပြည်တွင်းစစ်ကြောင့် စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာတယ်။ ဒါ အတိုချုပ်ပဲ။

နယ်ချဲ့လက်အောက် ကိုလိုနီခေတ် ပြည်သူတွေရဲ့ဘဝ လွတ်လပ်ခွင့် အခြေအနေနဲ့ ဒီကနေ့ နအဖခေတ် လူထုတွေရဲ့ လွတ်လပ်ခွင့်အခြေအနေ ကွာခြားချက်တွေကိုတော့ …

ဦးထိန်လင်း ။ ။ အင်္ဂလိပ်နယ်ချဲ့အုပ်ချုပ်ရေးကတော့ ချုပ်ချယ်မှုတွေ ရှိတယ်။ သို့သော်လည်း(ကျနော်က သတင်းစာသမားဖြစ်နေတော့) သတင်းစာကိစ္စပဲ ပြောမယ်ဆိုရင်တောင်မှ သတင်းစာလွတ်လပ်ခွင့် ရှိတယ်။ ပုဂ္ဂလိက သတင်းစာတွေ ရှိတယ်။ လွတ်လပ်စွာ ရေးသားနိုင်တယ်။ တကယ်လို့ ငြိစွန်းရင် အာမခံ တောင်းမယ်။ နောက်တခါ ကျူးလွန်ရင် ထုတ်ဝေခွင့် ရုတ်သိမ်းမယ်။ (အဲဒါက အင်မတန် ဖြစ်ခဲပါတယ်။) တပါတီစနစ်နဲ့ စစ်အာဏာရှင်ခေတ်မှာကျတော့ သတင်းစာတွေဟာ ပုဂ္ဂလိကပိုင် မရှိတော့ဘူး။ အားလုံး ပြည်သူပိုင်ချည်းပဲ။ လွတ်လပ်စွာ ရေးသားခွင့် မရှိဘူး။ သတင်းတွေကို လူထုက မသိရဘူး။ အမှောင်ချတယ်။ စာပေသမားတွေ ဆိုရင်လည်း လွတ်လပ်စွာ ရေးသားခွင့် မရှိဘူး။ စာပေစိစစ်ရေးက ဖြတ်တောက်တယ်။ အဲဒီလို ခြားနားတာပေါ့။ ဒီနေ့လွတ်လပ်ရေးရပြီးမှ ပိုဆိုးသွားတာကတော့ တပါတီစနစ်။ တပါတီစနစ်ရဲ့အဆက်ဖြစ်တဲ့ စစ်အာဏာရှင် အုပ်ချုပ်ရေးအခြေအနေပေါ်မှာတော့ လွတ်လပ်ခွင့်က ပိုဆုံးရှုံးသွားတာပေါ့။

ဒီ အခြေအနေတွေကနေ လွတ်မြောက်ပြီး တကယ်စစ်မှန်တဲ့ လွတ်လပ်ရေးရအောင် ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတဲ့ အမေးကိုတော့ သူတို့ ၃ ဦးက အခုလို ဖြေကြားသွားခဲ့ပါတယ်။

သခင် စိုးမြင့် ။ ။ အခု ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ ကြိုးပမ်းမှုပေါ့။ ‘တိုက်ပွဲ’ မခေါ်ချင်လည်း ‘ကြိုးပမ်းမှု’ ပေါ့။ ပထမအကြိမ် ကြိုးစားမှုက နိုင်ငံတနိုင်ငံရဲ့ စိုးမိုးမှုကို ရင်ဆိုင်ရတာ။ အခုပွဲက ကိုယ့်အချင်းချင်း စိုးမိုးမှုကို ရင်ဆိုင်ရတာ။ အဲဒါ ကွဲပြားတယ်။ ဒါကြောင့်မို့ ကိုယ့်အချင်းချင်းဖြစ်ပေါ်လာတဲ့ ကွဲပြားမှုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းချပြီး လုပ်နေတာကိုး။ အဲဒီ လမ်းကြောင်းဟာ မှားသလား။

ဗိုလ်မှူးချုပ် ကျော်ဇော ။ ။ အခု နအဖလက်ထက်မှာတော့ တပ်မတော်ဟာ ‘လူမိုက်ဂိုဏ်းကြီး’ ပုံစံ ဖြစ်သွားနေရပါပြီ။ အလွန် ရင်နာစရာ ကောင်းပါတယ်။ ယနေ့ တပ်မတော်အနေနဲ့ သိဖို့လိုတာကတော့ စစ်အာဏာရှင်စနစ်ဟာ ဗမာပြည်သူလူထုအတွက် ဒုက္ခတွေသယ်ဆောင်လာရုံမက တပ်မတော်သားများ အပေါ်မှာလည်း ဒုက္ခတွေ ကျရောက်စေတယ်။ တကယ့် လက်တဆုပ်စာ လူတစုလောက်လေးသာ ချမ်းသာနေတာပါ။ ဒါတောင် တသက်လုံး ချမ်းသာမနေပါဘူး။ ဗိုလ်နေဝင်းအဖြစ်ကို ကြည့်ပါ။ ဘယ်လို သေသွားရသလဲ။ စဉ်းစားပါ။ သူ့မျိုးဆက်များ ဘာဒုက္ခတွေ တွေ့နေရသလဲဆိုတာ ကြည့်ကြပါ။ ဒါ့ကြောင့် ဗမာ့တပ်မတော်သားများ အပါအဝင် ပြည်သူလူထုကြီးတရပ်လုံး လွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့တုန်းကလို တသွေးတသံတည်းနဲ့ ဒီမိုကရေစီရရှိရေးတိုက်ပွဲထဲ ပါဝင်ကြပါ။

ဦးထိန်လင်း ။ ။ ဒါ တိုက်ပွဲပဲလေ။ လွတ်လပ်ရေးရအောင် နယ်ချဲ့သမားကို တိုက်ရတယ်။ နယ်ချဲ့သမားကို ကျနော်တို့ ပြည်သူတွေက အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဆင်ရတယ်။ ဒီကနေ့ကတော့ ဒီမိုကရေစီ ရရှိရေးအတွက် လူတွေက တိုက်ရတဲ့ တိုက်ပွဲပဲ။ လူထုကတော့ တခုခုလိုချင်တယ်ဆိုရင် ဒီလိုပဲ တိုက်ပွဲဝင် ရမှာပဲ။ ဟိုတုန်းက တိုက်ပွဲနဲ့ လုံးဝ ထပ်တူတော့ မဟုတ်ဘူး။ ဟိုတုန်းက နယ်ချဲ့စနစ်ကို တိုက်ရတယ်။ ဒီကနေ့ကတော့ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရတယ်။

သခင် စိုးမြင့် ။ ။ ခုဟာက ကိုယ့်အချင်းချင်းဖြစ်နေတယ်။ ဒါကြောင့်မို့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ လုပ်နေရတာပေါ့။ တွေ့ဆုံဆွေးနွေးရေးဆိုတာကို အဓိက,ထားပြီး လုပ်နေရတာပေါ့။ တွေ့ဆုံဆွေးနွေးရေး ဆိုတာက ဒီ နိုင်ငံအတွက်၊ ပြည်သူအတွက်ရော၊ ကွဲပြားခြားနားနေတဲ့ အင်အားစုတွေကြားထဲမှာရော မရှိမဖြစ် လိုအပ်တဲ့ကိစ္စ။ ဒီ လမ်းကြောင်းတကြောင်းပဲ ရှိတယ်နော်။ တခြားလမ်းကြောင်းက ပြည်သူတွေ သိပ်ပြီး နစ်နာကုန်လိမ့်မယ်။

ဗိုလ်မှူးချုပ် ကျော်ဇော ။ ။ အခုအချိန်မှာ လမ်းပြမြေပုံအမျိုးမျိုး ပေါ်ပေါက်နေပါတယ်။ ကျနော့်အမြင် ပြောရရင် အမျိုးသားညီညွတ်ရေးရှိမှသာလျှင် ဒီမိုကရေစီနိုင်ငံ ဖြစ်နိုင်မှာပါ။ အမျိုးသားညီညွတ်ရေး မရှိရင် သူတလူ ငါတမင်းနဲ့ အမျိုးမျိုး ကွဲပြားသွားရင် ရရှိထားတဲ့ လွတ်လပ်ရေးတောင် ပျက်စီးသွားနိုင်ပါတယ်ဆိုတာ ကျနော် သတိပေးပါရစေ။

၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ထုတ်လွှင့်ခဲ့သည့် ဒီဗွီဘီ အသံလွှင့်အစီအစဉ်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

1 comment:

Nge Naing said...

လာရောက်မှတ်သားသွားပါတယ်။