ကိုကိုးကျွန်း၏တောင်ဘက်စွန်း၊ ကျွန်း၏အရှေ့ဘက်ကမ်းခြေတွင် တည်ဆောက်ထားပြီး တန်းလျား ၂ တန်း၏ထိပ် ကမ်းခြေဘက်တွင် ပေ ၁၀၀ ခန့်ရှည်မည့် စုပေါင်းရိပ်သာ (မက်) ကို တည်ဆောက်ထားပါသည်။ သွပ်မိုး၊ ပျဉ်ကာ၊ မှန်ပြူတင်းနှင့် မျက်နှာကျက်၊ စင်္ကြံလမ်း စသည်ဖြင့် အတော်လေး သပ်ရပ်ပါသည်။
စားရိပ်သာ၏ ထိပ်တဖက်တချက်တွင် ချက်ပြုတ်သည့် မီးဖိုခန်းနေရာ တခုစီနှင့် စတိုခန်း တခုစီပါသည်။ ဝင်းကြီးမှာ ၁၂ ပေခန့်မြင့်၍ သွပ်ဆူးကြိုးဝင်း ၂ ထပ်ခတ်ထားသည်။ တဖက် ၆ ဆောင်စီ၏ ၂ ခုကြားတွင် တဖန် သွပ်ဆူးကြိုးတန်း ၂ ထပ် ခတ်ထားပြန်ပါသည်။ ကျနော်နေရာယူသော အဆောင်မှာ အဆောင်အမှတ် ၈ ဖြစ်ပါသည်။
ကိုးကိုးကျွန်းမှာ အလျား ၇ မိုင်၊ အနံ ၃ မိုင် ရှိပြီး ကျွန်း၏မြောက်ဘက်တွင် ကျယ်ဝန်းပြီး ရေတပ်စခန်းရှိသည်။ အမြင့်ဆုံး တောင်ထိပ်တွင် ရေဒါစခန်းရှိပါသည်။ (ယခု အဆင့်မြင့်ရေဒါစခန်းအဖြစ် ပြန်လည်တည်ဆောက်ပြီး တရုတ်ပြည်အား အသုံးပြုခွင့်ပေးထားသည်မှာ ၎င်းတောင်ထိပ် ရေဒါစခန်းဖြစ်ပါသည်) လေယာဉ်ပျံကွင်းအဟောင်းလည်း ရှိပါသည်။
ကျနော်တို့နေသော အကျဉ်းစခန်းမှာ ကျွန်း၏တောင်ဘက်စွန်း၊ အရှေ့ဘက်ကမ်းခြေတွင် တည်ဆောက်ထားပါသည်။ ကျွန်း၏မြောက်ဘက်တွင် ကျယ်ဝန်းပြီး တောင်ဘက်သို့ အဖျားရှူးသွားပါသည်။ ကိုကိုးကျွန်းစု၏ဖွဲ့စည်းပုံမှာ အနောက်ဘက်တွင် ကိုကိုးလေးကျွန်းတည်ရှိပြီး အလျား ၃ မိုင်၊ အနံ တမိုင်ခန့်ရှိပြီး လူမနေပါ။ ကိုကိုးကြီးကျွန်းနှင့် ကိုကိုးလေးကျွန်းမှာ ၁၃ မိုင်ကွာ ရေလက်ကြားတခု ခြားပါသည်။
ကိုကိုးကြီးကျွန်းမကြီး၏ မြောက်ဘက်တွင် စားပွဲကျွန်း ရှိသည်။ ၎င်းကျွန်းတွင် မီးပြတိုက်ရှိသည်။ ကိုကိုးကျွန်းနှင့်ကပ်လျက်နီးပါး အနောက်ဘက်တွင် ကြွက်ကျွန်းရှိသည်။ သေးငယ်ပါသည်။ ၎င်းအပြင် ကိုကိုးကြီးကျွန်း၏ တောင်ဘက်အဆုံးတွင် ကိုက် ၃၀၀ ခန့် သောင်ခုံတခု ဆက်လျက်ရှိပြီး အဆုံးတွင် ကိုက် ၅၀ ခန့်ကျယ်သည့် ရေလက်ကြားလေးတခု ခံနေကာ ကျွန်းလေးတခု တည်ရှိနေပြန်သည်။ ကျွန်းလေးမှာ အလျား မိုင်ဝက် အနံ ကိုက် ၁၅၀ ခန့်ကျယ်ပါသည်။ ၎င်းကျွန်းကို ဂျယ်ရီကျွန်း ဟု အမည်တွင်ပါသည်။
ကျနော်တို့နေထိုင်သော ဝင်းကဲ့သို့ ၁၂ လုံးတွဲဝင်း ၃ ခုရှိပါသည်။ ထောင်မှူး၊ ထောင်ပိုင်၊ ဝါဒါများနေသော အဆောက်အဦမှာ သီးသန့်ရှိပါသည်။ ၎င်းအပြင် ၁၉၅၈ ခုနှစ် နေဝင်း အိမ်စောင့်အစိုးရလက်ထက်တွင် ကျွန်းသို့ ပထမဆုံးအကြိမ်ပို့ခဲ့သေးရာ ၁၀ နှစ်ကျော်ကြာပြီဖြစ်သော လူမနေတော့သည့် အဆောက်အဦဟောင်းများ ရှိပါသည်။
ကျနော်တို့ရောက်စညနေတွင် ကျနော်မှတ်မိသလောက် ချက်ပြုတ်ကျွေးမွေးသူများကတော့ တောင်တွင်းကြီးမှ ဦးမှတ်ကြီး၊ မုံးမှ ဆရာဦးအောင်ငွေတို့ဦးဆောင်ချက်ပြုတ်ကျွေးပါသည်။ အချိန်လုပြီး ချက်ပြုတ်ရခြင်း၊ အတွေ့အကြုံ မရှိခြင်းတို့ကြောင့် ထမင်းရော ပဲဟင်းပါ မနူးမနပ် ဇိမ်းဇတ်ဇတ်နှင့် ကျနော်တို့အားလုံးမှာ သည်းခံပြီး စားလိုက်ကြပါသည်။
ကျနော်တို့နေသည့် အကျဉ်းစခန်းဝင်းနှင့်ကပ်လျက် အရှေ့ကမ်းခြေသောင်ခုံတွင် မီးလောင်ပြီး ထိုးဆိုက်ထားသည့် တန်ချိန် ၃ သောင်းခန့်ရှိမည့် ပင်လယ်ကူးသင်္ဘောပျက်ကြီးတစီး တင်ရှိနေသည်။ ရေငံငွေ့ရိုက်ထားပြီး နီကျင့်ကျင့်အသွင်ဖြင့် ဇရာရုပ်ကို သရုပ်ဆောင်ကာ ကမ်းခြေကို ထိုးဆိုက်ထားပါသည်။ ပေ ၆၀ ခန့်အမြင့်ရှိပြီး ဓာတ်ခဲကြီးအရွယ်ခန့်ရှိမည့် သံမဏိကြိုးကြီးများ လေးငါးချောင်းသည် တွဲလောင်းအောက်သို့ ကျနေပါသည်။
ဤသင်္ဘောပျက်ကြီးအကြောင်း နောက်မှ လေ့လာသိရှိရသမျှ ၁၉၆၇ ခုနှစ်၊ ဇွန်လ ဆန်ပြတ်လပ် ရှားပါးသည့် အခါက စစ်အစိုးရသည် သီဟို (သီရိင်္ကာ) သို့ ဆန်ခိုး ရောင်းခဲ့သည်။ ဆိပ်ကမ်းအလုပ်သမားကြီးများက တိုင်းပြည်မှာ ဆန်ပြတ်၊ လူထုမှာတော့ ထမင်းငတ်၊ အစိုးရကျတော့ ဆန်ခိုးရောင်းကြသည့်အတွက် အလုပ်သမားလူတန်းစား၏ ဒေါသကို ထုတ်ပြလိုက်ပါတော့သည်။ သင်္ဘောဝမ်းခေါင်းထဲသို့ ဆေးလိပ်မီးညှိသည့် အုန်းဆံကြိုးခွေကို မီးနှင့်တို့၍ ထည့်ပေးလိုက်ရာ သင်္ဘောကြီး ပင်လယ်ပြင်အရောက်တွင် မီးတွေ ထတောက် ပါတော့သည်။ ကတိုက်ကရိုက်နှင့် ကျွန်းပေါ်သို့ ထိုးဆိုက်ခဲ့ရပါသည်။ သင်္ဘောပိုင်ရှင်မှာ ဂရိသင်္ဘောသူဌေးကြီး အိုနာဆစ် ဖြစ်ပါသည်။ သင်္ဘောအမည်မှာ (အိုကီရာနိုပိုရို) ဖြစ်ပါသည်။
ဤသင်္ဘောပျက်ကြီးမှာ ကျနော်တို့ အကျဉ်းသားများကို များစွာကျေးဇူးပြုခဲ့ပါသည်။ သင်္ဘောမှ သံတိုသံစ မျိုးစုံဖြင့် ကျနော်တို့မှာ ဓား၊ လှံ၊ မှိန်း၊ စူးဆောက် တန်ဆာပလာ ကရိယာများ၊ တယောကြိုး ဒုံမင်းကြိုး၊ မယ်ဒလင်ကြိုး စသည် စသည်ဖြင့် များစွာ ဖန်တီးယူ၍ ရခဲ့ပါသည်။
ဘဝေဘဝက မသွေအတူတကွ ပြုခဲ့ကြရသော ပဌာန်းဆက် ကုသိုလ်ထူးကြောင့်လို့ပဲ ထင်ပါသည်။ ကိုကိုးကျွန်း အကျဉ်း စခန်းသို့ ပေါင်းစည်းဆုံတွေ့ မပျော်ဘဲမွေ့ကြရတော့မည့် နိုင်ငံရေးအကျဉ်းသမားများမှာ အရပ်က လည်းစုံ၊ လူ့အလွှာကလည်း စုံ၊ နိုင်ငံရေးအရောင်အသွေးကလည်း စုံလိုက်ကြပါဘိ။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ပမညတ၊ လူငယ့်တပ်ဦး၊ လူမျိုးစု အခြားခြားသော ပုဂ္ဂိုလ်များ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ဗကသ၊ တကသ၊ ရကသ ကျောင်းသားခေါင်းဆောင်များ၊ အမှုထမ်း၊ အလုပ်သမား၊ စစ်သား စသည်ဖြင့် များပြားလှပါသည်။ လူမျိုးစုများတွင် ရခိုင်အမျိုးသားများကတော့ အများစုဖြစ်ပါသည်။
ဗမာပြည်ကွန်မြူနစ်ပါတီထဲမှာလည်း ရခိုင်ရှိ၊ အလံနီထဲမှာလည်း ရခိုင်ရှိ၊ ကျော်ဇံရှီး အလံနီထဲမှာလည်း ရခိုင်ရှိ၊ အခြားအခြားထဲမှာလည်း ရခိုင်ရှိ၊ ရခိုင်ကတော့ လူတတ်တွေများသည့်အတွက် အဖွဲ့ အစည်းစုံတွင် ဖြန့်ကျက်ပြီး နေရာယူတာက လွန်စွာပင် သဘာဝကျသည်လို့ ဆိုရမလိုဖြစ်နေပါသည်။ ထိုစဉ်အခါက ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ ALP မှာ သန္ဓေတည်ကာစ အမြုတေဘဝပင်ရှိသေးသည့်အတွက် ALP ရခိုင်ရဲဘော်များ လည်း ပါရှိပါသည်။
ကရင်ထဲက ရှားရှားပါးပါး ၄ ယောက်သာရှိပါသည်။ ABKO မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မန်းအောင်ကြည်၊ ABKO ဗဟိုကော်မတီဝင် စောမောင်မောင်၊ လေတပ် ထောက်လှမ်းရေးမှ တပ်ကြပ်ကြီး မန်းဝင်းမြင့်၊ ပြီးတော့ ကျနော် ဖြစ်ပါသည်။
ရိက္ခာမှာ အမဲသားဗူး တပတ် ၂ ကြိမ်၊ တဗူးကို ၄ ယောက်နှုန်း၊ ပင်လယ်ရေကတော့ တပါတ်ကို ၂ ကြိမ်ချိုး၊ အိုနာဆစ် သင်္ဘောကြီးဘေးတဝိုက် ကန့်သတ်ပြီး စည်းကမ်းထားလိုက်သည်။ ညနေ ၅ နာရီ ဝင်းတံခါးပိတ်၊ ကိုယ့်အိပ်ရာမှာ ပုံစံထိုင်ပေး လူစစ်ခံရ၊ မနက် ၅ နာရီ အိပ်ရာမှာ ထိုင်ပေး၊ လူစစ်ခံရ။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment