Tuesday, December 8, 2009

ဘဝညီမျှခြင်း အပြုအမူ

“A Life spend worthily should be deeds, not years.”

“လူ့ဘဝကို တန်ဖိုးရှိစွာအသုံးချမှုမှာ အပြုအမူများနှင့်သာ တိုင်းတာသင့်ပေသည်။ အသက်အရွယ်နှင့် မဟုတ်ချေ”

တခါတုန်းက ရန်ကုန်မြို့ အနောက်တိုင်းသံတမန်တဦးရဲ့နေအိမ်မှာ ကျင်းပတဲ့ ညစာစားပွဲတက်ရောက်ဖို့ ကျနော့်ကို ဂုဏ်သရေရှိ လူကြီးလူကောင်းတယောက်လို ဖိတ်ကြားခံရဖူးပါတယ်။ ဘာဂုဏ်၊ ဘာသရေမှ မည်မည်ရရမရှိတဲ့ ကျနော့်အတွက်တော့ အဲဒီပွဲဟာ မရောက်ဖူးတဲ့ အရပ်ဒေသတခုကို လေ့လာရေးခရီး ထွက်ရသလို၊ စွန့်စားခန်းတခုကို လုပ်ဆောင်ရသလိုမျိုး ဖြစ်နေပါတယ်။

ကျနော်သွားရမယ့်နေရာဟာ ကိုယ့်မြေပေါ်မှာဖြစ်ပေမယ့် တခါမှ ထိတွေ့မှုမရှိတဲ့ အဝန်းအဝိုင်း ဖြစ်နေပါတယ်။ ကိုယ်နဲ့ ထိတွေ့မှုမရှိဖူးတဲ့ အဲဒီဝန်းကျင်ကို ဘယ်လိုဝင်ရောက်ရပါ့ဆိုတဲ့စိတ်က ကျနော့်ကို တော်တော် ဖိစီးစေခဲ့ပါတယ်။ စိတ်ထဲမှာတော့ အနောက်တိုင်း၊ အရှေ့တိုင်း၊ ဘာသာစကား၊ အဝန်းအဝိုင်း စတဲ့ အကြောင်းအရာပေါင်းများစွာက မေးခွန်းပေါင်းများစွာကို ထုတ်နေပါတော့တယ်။

ကျနော်စိုးရိမ်မိတဲ့အဓိကအချက်ကတော့ အပြုအမူဆိုတဲ့ ကိစ္စရပ်ပါပဲ။ တကယ်လို့ ကျနော့်ရဲ့ အပြုအမူက တစုံတရာ ဆိုးရွားသွားမယ်၊ မှားယွင်းသွားမယ်ဆိုရင် ကျနော်ဆိုတဲ့လူတယောက်တည်းကိုသာမကဘဲ ကျနော်တို့ လူမျိုး၊ ကျနော်တို့ နိုင်ငံ အဲဒီအထိ ထိခိုက်သွားနိုင်တယ်ဆိုတဲ့ အဆုံးစွန်ထိ တွေးမိလို့ဖြစ်ပါတယ်။ သိပ်ပြီးခက်တဲ့ ဝင်ခွင့်စာမေးပွဲတခုကို ဝင်ဖြေမယ့် ကျောင်းသားတယောက်လိုပေါ့။ ကံကောင်းချင်တော့ အဲဒီစာမေးပွဲကို ကျနော် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီတော့မှပဲ သက်ပြင်း သက်မ ချနိုင်ပါတော့တယ်။

ပီယာနိုသံ ခပ်ညင်းညင်းနဲ့ မီးရောင်စုံအောက်က မြက်ခင်းပြင်ပေါ်မှာ ပြုလုပ်တဲ့ အဲဒီပွဲကို မြန်မာတွေ တော်တော်များများ ဖိတ်ထားတယ်ဆိုတာ ရောက်သွားမှ သိရပါတယ်။ ဒါပေမယ့်လည်း ဝမ်းမသာရဲသေးပါ။ ကျနော့်မှာ ရောက်နှင့်ပြီးသား လူတွေရဲ့ အနေအထိုင်တွေကိုကြည့်ပြီး အလိုက်သင့် ပြုမူနေရတာပေါ့။ အဲဒီပွဲမှာ ဘီယာ၊ ဝိုင်၊ ရှမ်ပိန်၊ ဝီစကီ စတဲ့ ယမကာမျိုးစုံကို ကောင်တာမှာ ကြိုက်သလောက် သွားယူသောက်နိုင်သလို ဘန်းကလေးထဲထည့်ပြီး လှည့်လည်နေတဲ့ ဝန်ထမ်းများထံကလည်း ရနိုင်အောင် စီစဉ်ပေးထားပါတယ်။

ရောက်လာသူတွေအားလုံးကလည်း ကိုယ်နှစ်သက်ရာ ယမကာတွေကို သောက်ကြတာပေါ့။ ဒါပေမယ့် ထူးခြားတယ်လို့ပဲ ပြောရမလားမဆိုနိုင်ပါ၊ အဲဒီပွဲမှာ ဘယ်သူမှ အမူးလွန်ပြီး ပြုတ်ကျ လဲကျသွားတာတို့၊ ဝရုန်းသုန်းကား ဖြစ်သွားတာတို့ မရှိကြပါဘူး။ အားလုံးက ဒီလို ထိန်းသိမ်းတဲ့ အလေ့အထရှိပြီးသား လူတွေချည်းပဲလားဆိုတာတော့ ကျနော် အသေအချာ မသိပါ။

အပြုအမူဆိုတာ ကျနော်တို့ရဲ့ ဘဝမှာ ကိုယ်ကိုယ်တိုင်က အမြဲတမ်းလုပ်ဆောင်နေမယ့် အရာဖြစ်သလို တပါးသူရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကြုံတွေ့နေရမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အပြုအမူတွေကတော့ အများကြီးပါ။ ကောင်းတဲ့ အပြုအမူရော၊ ဆိုးရွားတဲ့ အပြုအမူတွေရော စုံလို့ပေါ့။ ဒါတင်မက ကိုယ့်အပေါ်သာ တိုက်ရိုက်သက်ရောက်စေတဲ့ အပြုအမူရော တပါးသူတွေအပေါ်ပါ သက်ရောက်စေတဲ့ အပြုအမူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးရွားတဲ့ အပြုအမူဆိုတာ မကောင်းပါ။ ကျနော်တို့က ဂရုတစိုက် ထိန်းသိမ်းရမှာသာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မကြာသေးခင်က ကြည့်လိုက်ရတဲ့ “တဦးက စေတနာ၊ တဦးက မေတ္တာ” ဆိုတဲ့ ရုပ်ရှင်ကားထဲက စကားလေးတခွန်းကို သတိရမိပါတယ်။ အဲဒီကားထဲမှာ ကျောင်းဆရာအဖြစ် သရုပ်ဆောင်တဲ့ ကောလိပ်ဂျင်နေဝင်းက အရက်တွေ အဆမတန်သောက်၊ ကျောင်းဆရာအဖြစ်ကနေ အရက်သမားဘဝ ရောက်သွားပြီးတော့မှ အရက်ဖြတ်ဖို့ ဆုံးဖြတ်ပါတယ်။

ဒီအခါ သူက “အရင်တုန်းကတော့ ကိုယ့်လုပ်ရပ်က ကိုယ်တယောက်တည်းကိုပဲ ထိခိုက်တယ်လို့ ထင်ခဲ့မိတယ်။ တကယ်ကျတော့ သူများတွေကိုပါ ထိခိုက်တာပဲ။ ကိုယ် အလုပ်အကျွေးပြုနိုင်တဲ့ အသိုင်းအဝိုင်းတခုကို အလုပ်အကျွေး မပြုနိုင်ဘူးဖြစ်သွားတယ်”လို့ ဆိုပါတယ်။

ဒီတော့ ကိုယ့်အပြုအမူတွေက ကိုယ်တင်မက တခြားသူတွေကိုပါ ထိခိုက်နိုင်တယ်ဆိုတာတွေကို ကျနော်တို့အနေနဲ့ သတိပြုနေကြရင် မကောင်းဘူးလား။

လူဆိုတာ လွတ်လပ်မှုကိုရှာဖွေချင်တဲ့ သတ္တဝါဖြစ်သလို အနှောင်အဖွဲ့ပေါင်းများစွာနဲ့ တုပ်နှောင်ခြင်းခံထားရတဲ့ သတ္တဝါလည်း ဖြစ်ပါတယ်။ ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ်၊ ဆင်ခြင်တုံတရား စတဲ့အရာတွေက ကျနော်တို့ကို တုပ်နှောင်ထားတဲ့ ကြိုးတွေပဲ မဟုတ်ပါလား။ အဲဒီ နှောင်ကြိုးတွေဟာ အရွယ်၊ နေရာဌာန၊ တာဝန် အစရှိတဲ့ သတ်မှတ်ချက်တွေပေါ်မှာလိုက်ပြီး တယောက်နဲ့တယောက် ကွာဟချက်တွေ ရှိနိုင်ပါသေးတယ်။

ဥပမာအားဖြင့် ကလေးတယောက်က သူ့စိတ်ထဲမှာရှိတဲ့အတိုင်း ပြောမယ်၊ သူလုပ်ချင်ရာလုပ်မယ်ဆိုတာက ဖြစ်နိုင်ပေမယ့် လူကြီးတယောက်အဖို့တော့ ဒီလိုလုပ်ဆောင်ဖို့ အခွင့်အရေး ရှိချင်မှ ရှိပါလိမ့်မယ်။ ဒီလိုပါပဲ၊ ဆရာနဲ့ တပည့်၊ မိဘနဲ့ သားသမီး၊ ခေါင်းဆောင်နဲ့ နောက်လိုက် စောင့်ထိန်း ရတဲ့ အနေအထားချင်း မတူပါဘူး။ အပြုအမူကောင်းတွေကို လူတိုင်းက ကျင့်ဆောင်နိုင်ရင် အကောင်းဆုံးဖြစ်သော်လည်း စံနမူနာပြ ပုဂ္ဂိုလ်တွေက ပိုပြီးစောင့်ထိန်းရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အသိုင်းအဝိုင်းမှာ နေထိုင်သရွေ့ အဲဒီ တုပ်နှောင်မှုတွေကို ပစ်ပယ်လို့ မရပါဘူး။

ရုပ်ရှင်သရုပ်ဆောင်တယောက်ရဲ့ဟန်ပန်ကို အတုခိုးရင်း ဆေးလိပ်သောက် ဖြစ်သွားသူတွေရှိသလို ကျနော်တို့ရဲ့ မကောင်းတဲ့ အပြုအမူ တခုခုကို တစုံတယောက်က အတုခိုးမှားသွားနိုင်ပါတယ်။ ဒီလိုပဲ ကျနော်တို့ရဲ့ အပြုအမူမှားယွင်းမှုတွေက ကိုယ်နဲ့နီးစပ်ရာ ပတ်ဝန်းကျင်မှာ အစွန်းအထင်းတွေ ဖြစ်သွားမှာ စိုးရိမ်ရပါတယ်။

ဒါကြောင့် ကိုယ်က ပတ်ဝန်းကျင်ကို အလှဆင်ဖို့ ရှင်သန်မှာလား၊ ပတ်ဝန်းကျင်ကို စွန်းထင်းဖို့ နေထိုင်မှာလား ဆိုတာကို ကျနော်တို့အနေနဲ့ ဆန်းစစ်နေသင့်ပါတယ်။ အနိမ့်ဆုံးတော့ ကိုယ့်ဘဝကိုယ် ညစ်ထေးအောင် မလုပ်မိဖို့ ကြိုးစားရမှာပါ။

ကိုယ့်ဘဝကို တန်ဖိုးရှိရှိ အသုံးချခဲ့သလဲဆိုတာသိရအောင် ဘယ်လို အပြုအမူတွေနဲ့ ရှင်သန်ခဲ့ကြသလဲ ဆိုတာကို သုံးသပ်ကြည့်ကြပါစို့။ ။

ထိန်လင်း
၁၄၊ ၆၊ ၂ဝဝ၂

ရေစီးသံ ဂျာနယ်
အတွဲ ၆၊ အမှတ် ၎
ဇွန်လ ၁၆ ရက်၊ ၂၀၀၂ ခုနှစ်

No comments: