Wednesday, December 9, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၄)

တိုက်ပွဲကလေး နိုင်ပွဲကလေးတွေကနေ စတိုက်

တိုက်ပွဲကတော့ စပါပြီဗျာ။ ကျနော်တို့ လူငယ်တွေကို ညှိလိုက်ပါသည်။ ‘ထောင်စည်းကမ်းမှန်သမျှ တိုက်ဖျက်ပစ်’။ တိုက်ပွဲလေးတွေက တကယ်ပဲ စပါပြီ။ မနက် ၅ နာရီထိုး ထောင်မှူးဝါဒါတွေ လူလာစစ်ပြီဆိုလျှင် ကပြာကယာ အိပ်ရာထ အိမ်သာတက်တဲ့သူက တက်၊ သွားတိုက်တဲ့သူက သွားတိုက်၊ မျက်နှာသစ်၊ စားဖိုကြီးဘက် သွားတဲ့သူက သွား၊ ထောင်မှူး ဝါဒါတွေက တာဝန်အရ ပြောရှာကြပါသည်။

“အိပ်ရာမှာ ခဏလေး ထိုင်ပေးကြပါခင်ဗျာ”

ပြောသူက ပြောပေမယ့် ကျနော်တို့တတွေက သဘောနှင့်တွေ့သူများ မဟုတ်ကြသည့်အတွက် လှည်၍မျှပင် မကြည့်ပါ။ နောက်ဆုံးတော့ ထောင်မှူး၊ ဝါဒါတွေ လက်လျှော့လိုက်ရပါသည်။ အိပ်ရာတွေကိုပဲလိုက်စစ်ပြီး တန်းပိတ်လိုက်ရပါသည်။

တိုက်ပွဲလေး နိုင်ပွဲလေးတွေကနေ တစစ တိုက်တော့မှာပါ။ ကျနော်တို့လူငယ်တွေမှာ တက်ကြွလိုက်ကြသည်မှာ ညီလိုက်တာလည်း မပြောနှင့်။ စွန့်လွှတ်မှုမှာလည်း အပြိုင်၊ အနစ်နာခံမှုမှာလည်း အပြိုင်၊ အလုပ်အကျွေးပြုမှုမှာလည်း အပြိုင်၊ လေ့လာမှုမှာလည်း အပြိုင်။

တပတ် ပင်လယ်ရေချိုးရက် ၂ ရက်၊ တသုတ်ကို ၂၀ ယောက်၊ တသုတ်ကို ၂ နာရီကနေ ကျနော်တို့ တိုက်ချလိုက်တာ နောက်ဆုံးတော့ ချိုးချင်သလိုချိုး၊ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ ရေချိုးနယ်မြေ အကန့်အသတ်တွေကိုလည်း တစစီ၊ တခုစီ ချိုးဖျက်ပစ်လိုက်တာ လွတ်လွတ်လပ်လပ် ချိုးလို့ရသွားတယ်။

ရိက္ခာထုတ်ပေးတာကလွဲပြီး ကျန်တာ ကိုယ့်ဟာကိုယ် ချက်ပြုတ်စားရတာဆိုတော့ ထင်းဖြတ်၊ ရေခပ်၊ ထမင်းချက်၊ စိုက်ပျိုးရေး၊ ရိက္ခာထုတ်၊ အပင်ပန်းဆုံးအလုပ်ဖြစ် သည့် ထင်းဖြတ်နှင့် ရိက္ခာထုတ်ကို တောင့်တင်း သန်မာသော လူငယ်တွေက ပင်တိုင်တာဝန်ယူသည်။ ကျနော် မှတ်မိသလောက် ကိုအုန်းမော် (ကျွန်းဖျက်သိမ်းရေး တိုက်ပွဲ ၅၂ ရက်ကြာ အစာငတ်ခံဆန္ဒပြပွဲတွင် ကျဆုံး)၊ ကိုချစ်ဆွေ (ကျွန်းဖျက်သိမ်းရေး တိုက်ပွဲတွင် ကျဆုံး)၊ ကိုမောင်မောင်စိုး (ခ) ကိုလတ် (ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ဘဖူးညွန့် (ကျောင်းသား)၊ ကိုရန်အောင် (အမှုထမ်း)၊ ကိုတေဇ (လေတပ်)၊ ပြီးတော့ ကျနော်ဖြစ်သည်။ နောက်ထပ် အဆစ်တယောက်ကတော့ ဗလမတောင့်ပေမယ့် ကျနော်တို့လူငယ်တွေနဲ့ နေအတူ၊ သွားအတူ၊ အလုပ်အတူ၊ စားအတူ၊ အမြဲတမ်းတွဲနေတာကတော့ စာရေးဆရာကြီး ဦးမြသန်းတင့် ဖြစ်ပါသည်။

ထင်းဖြတ်ပြီး ထောင်ကပေးသည့် နွားလှည်းနှင့် ဝင်းထဲသို့ တိုက်ရပါသည်။ ဝင်းအပေါက်နှင့်ဆိုလျှင် ကိုက် ၁၀၀ နီးပါးဝေးသည်။ ထမ်းရ ပြုရ ပင်ပန်းသည်။ ဝင်းဘေး ခြံစည်းရိုးအတိုင်းမောင်းသွားပြီး မီးဖိုဘေးနားက သွင်းလိုက်လျှင် ၁၅ ကိုက်ခန့်သာ ဝေးသည်။ ကျနော်တို့က မီးဖိုဘေးနားအထိမောင်းပြီး လှည်းကို ရပ်၊ အကာအရံ သံဆူးကြိုး ၂ ထပ်ကိုရိုက်ဖွင့်၊ ထင်းပေါက်ခြမ်းကြီးတွေ ပစ်သွင်း၊ ဘယ်လောက်သက်သာသလဲ။ ဝါဒါတွေက တားသည်။ မရ။ ထင်းသွင်းပြီးရင် ဝါဒါတွေက ပြုတ်သွားသည့် သံဆူးကြိုးကို ပြန်ချိတ်၊ ပြန်ရိုက်။ ကျနော်တို့က ထင်းသွင်းရင် တခါ သံဆူးကြိုးကို ပြန်ရိုက်ဖွင့်၊ ပြီးရင် ဝါဒါ တွေက ပြန်ပိတ်၊ ၁၀ ခါလောက်ရှိတဲ့ အခါကျတော့ ထောင်အာဏာပိုင်တွေက မီးဖိုဘေးနားက ထင်းသွင်းဖို့ တရားဝင် တံခါးပေါက်တပေါက် ဖောက်ပေးလိုက်ရပါသည်။

ဆန်ထုတ်သည့်နေ့ကျလျှင်လည်း ဆန်ဂိုထောင်နှင့် မီးဖိုမှာ ကိုက် ၁၀၀ ကျော် ဝေးပါသည်။ ဟိုစဉ်အခါက ဆန်အိတ်မှာ ပေါင် ၁၆၀ အိတ်(နှစ်တင်း တစိတ်)ရှိပါသည်။ ဆန်အိတ်ကို ထမ်းလာပြီးနောက် ဝင်းထဲကိုရောက်လျှင် ရိက္ခာထောင်မှူး မျက်ကွယ်သွားတာနဲ့ ပုခုံးပေါ်က ပစ်ချလိုက်တော့တာပဲ။ ဆန်အိတ်က ကွဲသွားပါလေရော။ နောက်လူက ကွဲနေသည့် ဆန်အိတ်ပေါ် ဆက်တိုက် လေးငါးယောက် တက်နင်းသွားတော့ ဆန်တွေ ပြဲပျားကုန်တာပေါ့။ ထောင်မှူးကို ပြန်ပြောလိုက်သည်။

“ထောင်မှူးရေ၊ ခင်ဗျားဆန်အိတ်ကြီးက မနိုင်မနင်းနဲ့ဗျာ၊ ပုခုံးပေါ်က ပြုတ်ကျပြီး အစားပြန်ထုတ်ပးပါ”

ထောင်မှူးက လိုက်ကြည့်သည်။ ပြဲလျားစင်နေသော ဆန်အဖွေးသားကို မသက်မသာကြည့်ပြီး နောက်ထပ်တကြိမ် ထုတ်ပေးလိုက်ရသည်။

ကျနော်တို့တိုက်ပွဲက တဆင့်တိုးလိုက်ပြီလေ။ (ရန်သူ့ပစ္စည်းမှန်သမျှ အကုန်ဖျက်ဆီးပစ်)

ကျနော်တို့လူငယ်တသိုက်မှာ မနက်ဖက် ထင်းဖြတ်ထွက်ပါသည်။ မနက်ဖက်ကျွေးသည့် ဆန်ပြုတ်အပိုကို လက်လုပ်ဆွဲပုံးနှင့်တပုံး ဆွဲလာသည်။ ဆန်ပြုတ်မှာ အုန်းသီး၊ နို့ဆီ၊ သကြားနှင့် အာဟာရပြည့်ပါသည်။ ကျနော်တို့လှဲသောထင်းမှာ ကနစို ထင်းကဲ့သို့ အသားနီသည့်အတွက် သစ်နီသားလို့ ကိုယ့်ဟာကိုယ် နာမည်ပေးပါသည်။ ထင်းဖြတ် ထင်းခွဲပြီး ၉ နာရီကျော် လောက်ကျရင် အနားယူ ဆန်ပြုတ် သောက်လေ့ရှိပါသည်။ ဤလိုနားသည့်အခါမျိုးတွင် ဆရာဦးမြသန်းတင့်က ကျနော်တို့ လူငယ်တွေကို ဗဟုသုတဖြစ်ဖွယ်ရာ ပြောပြတတ်ပါသည်။

တခါတော့ ဦးမြသန်းတင့်က ခါးလောက်မြင့်သည့် အနီးရှိ အုန်းပင်ပျိုကို လက်ညှိုးထိုးပြီး “အုန်းပင်ရဲ့ဇက်မှာ အုန်းခေါင်းလို့ခေါ်တဲ့ အုန်းအနုသား ရှိတယ်။ အဲဒါဟာ အင်မတန် အရသာရှိတာ၊ ဟာဝိုင်အီကျွန်း ဟိုနိုလူလူ မှာဆိုရင် ဖိုက်စတား ဟိုတယ်မှာမှ ရှိတာ။ တကယ့် မီလျှံနာတွေမှ စားနိုင်တယ်။ ဈေးသိပ်ကြီးတယ် မဟုတ်လား”

ဘာရမလဲ၊ ကျနော်တို့လူငယ်တွေက ခြေမြန်လက်မြန်သမားတွေ ပေါက်ဆိန်နှင့် ဆက်တိုက် ကပ္ပိလိုက်တာ အုန်းနုသားကို ရပါသည်။

“စားကြကွာ၊ စားကြ ဖိုက်စတားဟိုတယ်က မီလျှံနာမှစားနိုင်တဲ့ အစာ။ တို့က ပိုက်ဆံတပြားမှ မကုန်ဘူး၊ စားသာ စား” ရဲဘော်တယောက်က လောကွတ်ပျူငှာနှင့် လိုက်ကျွေးသည်။

ဦးမြသန်းတင့်ပြောတာ တကယ်မှန်ပါသည်။ ချိုဆိမ့်ပြီး အေးသည်။ အရသာအလွန်ရှိပါသည်။ ထိုနေ့မှစ၍ ဦးမြသန်းတင့် ပညာပေးမှုကြောင့် ဖိုက်စတားက မီလျှံနာစာကြီးကို စားသောက်ပစ်လိုက်တာ အုန်းပင်ပျို ၃၀၀ ကျော်လောက် ချောမည် ထင်ပါသည်။ တခါတရံ ထင်းဖြတ်ပြီးနားချိန်တွင် ဆရာမြသန်းတင့်က ဗဟုသုတ ဖြစ်ဖွယ်ရာ ကျနော်တို့လူငယ်တွေကို ပြောပြတတ်ပါသည်။

တော်လှန်တဲ့ဘဝဆိုတာ

ယင်အန်းကိုရောက်လာကြတဲ့ တရုတ်ခေတ်ပညာတတ် ကျောင်းသားလူငယ်တွေကို ဥက္ကဋ္ဌမော်က ကွန်မြူနစ်ဝါဒဆိုတာ တောင်တက်တာရယ်၊ မြက်ဖိနပ်စီးတာရယ်၊ မြင်းစားဂျုံစားတာရယ်၊ အဲဒါ ကွန်မြူနစ်ဝါဒပဲ လို့ သြဝါဒပေးပါတယ်။

အဲဒီစကား ၃ ခွန်းရဲ့အဓိပ္ပာယ်ကို ဦးမြသန်းတင့်က ကျနော်တို့လူငယ်တွေကို အနုဋိကာ ထပ်ဖွင့်ပြပါတယ်။

“တောင်တက်တာလည်း အင်မတန် ပင်ပန်းပြီး မောတယ်မဟုတ်လား၊ မြက်ဖိနပ်စီးတာလည်း အလွန် ကြမ်းတယ် မဟုတ်လား။ မြင်းစားဂျုံစားတယ်ဆိုတာလည်း စားသောက်ရတာ အရသာနည်းပြီး ကြမ်းတယ် မဟုတ်လား၊ ဥက္ကဋ္ဌမော်က တင်စားပြီး ဆိုလိုတာပါ။ ကွန်မြူနစ်ကောင်းတယောက်ဖြစ်ချင်ရင် ခက်ခဲပင်ပန်း ဆင်းရဲတဲ့ တိုက်ပွဲတွေကို ဖြတ်ရမယ်၊ မိုးသက်မုန်တိုင်းထဲမှာ ဖြတ်သန်းရမယ်၊ ဒါမှ ကွန်မြူနစ်ကောင်း တယောက်ဖြစ်ပြီး ပြည်သူကို အလုပ်အကျွေးပြုနိုင်မယ်။ တရုတ်ပြည်အရပ်ဒေသအသီးသီးက ရောက်လာတဲ့ တရုတ်ခေတ်ပညာတတ်လူငယ်တွေဟာ ကမ္ဘာကြီးနှစ်ခုကို ဖြတ်သန်း လာကြရတာဖြစ်တယ်။ ချန်ကေရှိတ် အုပ်စိုးတဲ့ ဒေသဟာ အမှောင်ဒေသဖြစ်တယ်။ ပုပ်သိုးဆွေးမြေ့ပြီး ဖောက်ပြန်ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်။ ယင်အန်းကိုရောက်လာကြတဲ့ တရုတ်ခေတ်ပညာတတ်လူငယ်တွေဟာ ကမ္ဘာသစ်ကို ရောက်လာကြတာ ဖြစ်တယ်။ တိုးတက်ထွန်းလင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်။ မိမိတို့ရဲ့အတွေးအခေါ်တွေကို လှည့်ပြောင်းရမယ်။ အလုပ်သမား၊ လယ်သမားတွေ အမှတ် ၄ တပ်နီတော်သားတွေရဲ့ဘဝကို လေ့လာရမယ်၊ ဒါကို ဆိုလိုတာပဲ”

တနေ့တွင် ကျောင်းသားလေး မောင်မြင့်သိန်း အုန်းပင်တက်ရင်း လက်အံသေပြီး ပြုတ်ကျရာ လက်ကျိုးသွားပြီး ပြည်မသို့ ပြန်ပို့လိုက်ရပါတယ်။ ထိုနေ့မှစ၍ အုန်းသီး အုန်းရည် စားချင်သောက်ချင်ရင် ကျနော်တို့ အုန်းပင် မတတ်တော့ပါ။ အုန်းပင် ခြေရင်းက လွှနှင့်တိုက်ပြီး လှဲပစ်ပါသည်။ ပြီးတော့မှ အုန်းသား အုန်းရည် သောက်စားပါသည်။ အုန်းတပင်က အုန်းသီး၊ တယောက်နှစ်ယောက် ဘယ်လိုလုပ်စားကုန်မလဲ။ ပူစရာမလိုပါ။ လူကြီးပိုင်းတွေက လမ်းလျှောက်ရင်း သူတို့ သောက်ဖို့ စားဖို့ အဆင်သင့်ပါပဲ။

မီလျှံနာကြီးတွေစားတဲ့ အုန်းပင်မျိုးရော၊ လူတကာစားတဲ့ အုန်းပင်အိုတွေရော ကျနော်တို့ စားပစ်လိုက်တယ်ပဲ ပြောပြော၊ ကျနော်တို့လက်ချက်နဲ့ အုန်းပင် ၅၀၀ ကျော်လောက် ရှင်းသွားပါသည်။ ထောင်အာဏာပိုင်တွေကတော့ ရင်ထုပါသည်။

လူမနေတဲ့ ၅၈ ခုနှစ်က အဆောက်အဦးလွတ်တွေ ရှိပါသည်။ ပျဉ်တွေခွာ၊ သွပ်တွေခွာ၊ ဝိုင်ယာမီးကြိုးတွေဖြုတ်၊ ပျဉ်တွေကို စားပွဲ ကုလားထိုင်တွေလုပ်၊ သွပ်ပြားတွေ ပြန်ဖြန့် ပုံးတွေ၊ အိုးတွေ၊ ခွက်တွေရိုက်၊ ဘာမှ လုပ်စရာမရှိတဲ့အဆုံးကျရင် ပျဉ်တွေကို မီးဆိုက်ပစ်လိုက်ပါသည်။

ကျနော်တို့လူငယ်တွေက ပေါ်လစီနှင့် သဘောထားနှင့် တမင်တကာလုပ်နေတာ။ (ရန်သူ့ပစ္စည်းမှန်သမျှ အကုန်ဖျက်ဆီး ပစ်ရေး ပေါ်လစီလေ)။

ပင်လယ်ရေ ချိုးရာမှာလည်း လွတ်လွတ်လပ်လပ် ကျနော်တို့လက်ထဲရောက်လာပြီ မဟုတ်လား။ ပင်လယ်ရေစစ်တဲ့အချိန်မှာ အိုနာဆစ် သင်္ဘောကြီးပေါ်ကို တွဲလောင်းကျနေတဲ့ သံမဏိကြိုးတွေကနေ တွယ်တက်တော့တာပဲ။ သင်္ဘောကြီးအရှည်ကလည်း ပေ ၃၀၀ ကျော်ခန့်ရှိမည်ထင်သည်။ မီးလောင်ထားတော့ နီကျင့်ကျင့်နဲ့ တိုက်အို တိုက်ပျက်ကြီးနဲ့ အလွန်တူပါသည်။

သင်္ဘောပျက်ကြီးရဲ့ ကုန်းပတ်ပေါ်မှာ ခုန်ပေါက်ပြေးလွှားရတာ စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်စရာအတော် ကောင်းပါသည်။ တခါတလေလည်း သင်္ဘောဝမ်းခေါင်းထဲဆင်းပြီး အသုံးဝင်မယ်ထင်တဲ့ပစ္စည်းတွေ လိုက်ရှာပါသည်။ သင်္ဘောဝမ်း ခေါင်းထဲမှာဝင်နေသည့် ပင်လယ်ရေနှင့် စက်ချေးဆီတွေက ရောနေသည်။ မမြင်ဘူးတဲ့ ဧရာမ သင်္ဘောအင်ဂျင်စက်ကြီးတွေ၊ စက်အမျိုးမျိုးတွေထဲ လျှောက်သွားရတာ စက်ရုံတခုထဲကို ရောက်နေသလိုပါပဲ။ ပြီးတော့ ဧရာမ ကုန်လှောင်ရုံခန်းတွေကို မြင်ရ တွေ့ရတာ အထူးအဆန်းကြီးပါပဲ။

ဆက်လက်ဖော်ပြပါမည်။

No comments: