ထောင်မကြီးနှင့်ကပ်ရက် အင်းစိန် တွဲဖက်အကျဉ်းထောင်သို့ ပို့ပါသည်။ အဆောင်မှာ နှစ်ထပ်ဖြစ်သည်။ သိသူရော၊ မသိသူတွေပါ ၁၀၀ နီးပါးလောက်ရှိမည် ထင်သည်။ အောက်ထပ်တွင်လည်း ကျနော်တို့ကဲ့သို့ ဘဝတူအကျဉ်းသားများစွာ ရောက်ရှိနေသည်။ ကျနော်ပြန်တွေ့သူများထဲတွင် ကိုထင်ရှိန်၊ ကိုကံကြီး၊ ကိုရဲမြင့်၊ လူထုသတင်းစာတိုက် အယ်ဒီတာ ကိုစိန်ဝင်း (ဗကသ ကိုစိန်ဝင်း) ဆရာကြီး ဗန်းမော်တင်အောင် ပြန်ပြီးတွေ့ကြ ဆုံကြပါသည်။ ဝမ်းသာ နှုတ်ဆက်ကြသည်။ အကိုကြီး ကိုထင်ရှိန်က ပြောပါသည်။
“လာတွေလုပ်ဦးမယ် မသိဘူး၊ အခြေအနေ ကြည့်ရအုံးမယ်” ဟု ပြောပါသည်။ ည ၉ နာရီလောက်တွင် ကျနော်တို့ကို အဆောင်ထဲမှ ခေါ်ထုတ်ပါသည်။ နှစ်ယောက်တတွဲ လက်တွဲခိုင်းပြီး အဆောင်အပြင်သို့ ထုတ်လာသည်။ အင်းစိန်ထောင်မကြီး၏ အုတ်ရိုးအပြင်ဘက်တွင် မီးတွေ ထိန်ထိန်လင်းအောင် ထွန်းထားသည်ကို တွေ့ရသည်။ ကျနော်တို့နှင့် မလှမ်းမကမ်းတွင် ဟီးနိုး ဘတ်စ်ကားကြီး ၉ စီးက တန်းစီထားသည်ကို တွေ့ရသည်။
ကျနော်တို့နှစ်ယောက်တတွဲ ထွက်လာသည့် လမ်း ၏ဘေးတဖက်တချက်တွင် ဝါဒါနှင့် စစ်သားများက တန်းစီးပြီး ကာထားပါသည်။ အနီးအပါးတွင် စစ်ခွေးများ လွှတ်ထားသည်ကိုလည်း တွေ့ရသည်။ ကျနော်တို့ကို ဟီးနိုး ကားကြီးများပေါ်သို့ တက်ခိုင်းပါသည်။ ကျနော်နှင့် လက်ချင်းတွဲ၍ ကားပေါ်တက်လာသူမှာ ကိုကံမြင့် သူက လူကောင်ညှက်ညှက် ရခိုင်အမျိုးသား ရမ်းဗြဲကျွန်းဇာတိ၊ နောင်သော် သူ့ကို ကျနော်တို့က ချစ်စနိုး ရမ်းဗြီး ဟု ခေါ်ကြပါသည်။
ကားပေါ်ရောက်သောအခါ လမ်းမတော်အလယ်ပိုင်း၊ ရကသမှ ဂျင်းနာ တရုတ်အမျိုးသား ကျောင်းသားလေး ကိုချစ်အောင် စသည့် ရကသမှ ရဲဘော်များနှင့် တွေ့ရသည်။ ကားပေါ်တွင် ထောက်လှမ်းရေး ၂ ယောက်က အရပ်ဝတ်နှင့် အတက်အဆင်း အပေါက်ဝတွင် စောင့်ပါသည်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများကို တင်ဆောင်ထားသော ဘတ်စ်ကားကြီး ၉ စီးသည် ၉ နာရီခွဲအချိန်လောက်တွင် စတင်ထွက်ခွာပါတော့သည်။
ကားထွက်လာတော့မှ ကားထဲတွင်ကြည့်လိုက်ရာ ကားမှန်များကိုချထားပြီး ကားမှန်များကို ထုံးသုတ်ထားသည်ကို တွေ့ရသည်။ ကျနော့်စိတ်ထဲကတော့ ဒီစစ်တပ်ဟာ မကောင်းတာလုပ်တာ လူသိမှာ အတော်စိုးတဲ့ကောင်တွေပဲ ဟု မှတ်လိုက်ပါသည်။
ကျနော်တို့ကို တင်ဆောင်လာသော ကားတန်းကြီးရှေ့ဆုံးမှ မော်တော်ပီကယ် ယာဉ်ထိန်း၊ ပြီးတော့ ဝါယာလက်ကား၊ ကားတန်းကြီးအလယ်တွင် စစ်သားတင်ကား၊ နောက်ဆုံးတွင်လည်း စစ်သားတင်ကား ၃၊ ၄ စီးနှင့် အစောင့်အကြပ် ထူထပ်လှပါသည်။ ဖြတ်လာသည့် လမ်းဆုံလမ်းခွတိုင်းတွင် တပ်ထိန်းများ၊ အရပ်ဝတ်နှင့် စစ်ထောက်လှမ်းရေးများ၊ သေနတ်ကိုင် စစ်သားများချထားသည်ကို ကားထဲမှ ရိပ်ခနဲ၊ ရိပ်ခနဲ လှမ်းမြင်လိုက်ရသည်။
ကျနော်တို့ကိုတင်ဆောင်လာသည့် ကားတန်းကြီးသည် ပြည်လမ်း အသံလွှင့်ရုံကို ဖြတ်ကျော်လာစဉ် အပြင်လောကကြီး၏ အလှအပနှင့် ပတ်ဝန်းကျင်ကို ရင်ထဲမှ နိုးနိုးနင့်နင့် ခံစားလိုက်ရပါသည်။ ကားတန်းကြီးသည် မြို့တော်ခန်းမနှင့် ဆူးလေစေတီတော်ကြီးကို ဖြတ်ကျော်လာသည်။ ဆူးလေစေတီတော်ကြီးမှာ မီးတွေ ထိန်ထိန်ညီးအောင် ပူဇော်ထားသည်မှာ ကြည်ညိုသပ္ပာယ်ဖွယ်ရာအတိ ဖြစ်ပါသည်။ ကားထဲမှပင် အာရုံဦးခိုက် ပူဇော်လိုက်ရပါသည်။
မလွတ်လပ်ခြင်း၏ ခါးသီးဖွယ်ရာကို တနုံနုံ တနင့်နင့် ခံစားလိုက်ရပါသည်။ စေတီတော်ကြီးဘေးနှင့်ကပ်ရက် လွတ်လပ်ရေးပန်းခြံထဲရှိ လွတ်လပ်ရေးကျောက်တိုင်ကြီးသည် ခံညားထည်ဝါစွာနှင့် ရပ်တည်နေပေသည်။
ကျနော့်ခေါင်းထဲတွင် အတိတ်၏အရိပ်တို့သည် ဖြတ်ခနဲ ဝင်လာကြသည်။
လွန်ခဲ့သည့် ၁၀ နှစ်နီးပါးခန့်က ဘားလမ်းထဲရှိ ပြည်သူ့ခေတ်မီ တက္ကသိုလ်တွင် ညကျောင်းတက်ရင် ည ၉ နာရီကျော် ကျောင်းဆင်းချိန်တွင် ၃၃ လမ်းထဲမှ ကျနော်နှင့် အတန်းတူ သူငယ်ချင်း မြင့်အောင်နှင့် ညကျောင်း လွှတ်ချိန်များတွင် ကျနော်တို့သူငယ်ချင်း ၂ ယောက် ဤလွတ်လပ်ရေး ပန်းခြံသို့ လာကြ၊ မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းရင်း ဉာဥ့်ဦးလေပြေ၏ တညင်းညင်းတိုက်ခတ်သော လေကောင်း လေသန့်ကို အရသာခံကြ၊ ပန်းခြံထဲမှ နှင်းဆီပန်းလှလှလေးများကို ပန်းခြံစောင့်တွေအလစ် အမှတ်တမဲ့ခူးရသည်မှာ ပျော်ခဲ့ကြသည်။ နေ့လည်နေ့ခင်းများတွင် ကျနော်တို့ ၂ ယောက် စာပေဗိမာန် စာကြည့်တိုက်အသင်းဝင်ကဒ်နှင့် အမေရိကန် ပြန်ကြားရေး အသင်းဝင်ကဒ်ရှိသဖြင့် ကျနော်တို့ ၂ ယောက် အမြဲတမ်းစာအုပ်ငှားခဲ့ကြသည်ကို အမှတ်ရမိပါသည်။
ကျနော့်အတွေးကို လှန့်နှိုးလိုက်ပါသည်။ ကျနော်တို့ကိုတင်လာသည့် ကားတန်းကြီးသည် ကျန်းမာရေး ပန်းဆိုးတန်း ဆိပ်ကမ်းတွင် ရပ်လိုက်ပါသည်။ ကျနော်တို့ကို ကားပေါ်မှ တစီးပြီးတစီး ဆင်းခိုင်းပါသည်။ G-3 မောင်းပြန်သေနတ်တွင် လှံစွပ်တပ်လျက်သား လမ်းပေါ်မှ ဆိပ်ခံဘောအထိ ဘေးတဖက်တချက်တွင် စစ်သားများသည် လှံစွပ်ထိုးတော့မည့် အသင့်အနေအထားနှင့် ရပ်နေကြပါသည်။ ကျနော်တို့မှာ စစ်သား ၂ တန်း၏အကြား လှံစွပ်သွား ၂ ခု၏အဖျားမှ ဆိပ်ကမ်းသို့ ဆင်းခိုင်းပါသည်။ ဆိပ်ခံဘောတံတားနှင့်ကပ်ပြီး သင်္ဘောကြီးတစီး ဆိုက်ကပ်ထားသည်။ ကျနော်မော့ကြည့်လိုက်ရာ ‘ပြည်တော်ညွန့်’ စာလုံးကို လှမ်းမြင်ရသည်။
ကျနော်တို့ကို သင်္ဘောပေါ်သို့ တက်ခိုင်းပါသည်။ သင်္ဘောပေါ်ရောက်တော့ ထောင်ဝါဒါတွေရော၊ ရေတပ်က စစ်သား စစ်ဗိုလ်တွေ၊ ကြည်းတပ်က စစ်သားစစ်ဗိုလ်တွေကို တွေ့ရပါသည်။ သင်္ဘော ဝမ်းခေါင်းထဲသို့ ရောက်သည်နှင့် ပူလောင်အိုက်စပ်ပြီး လေရှုလို့ မကောင်းပါ။ ခဏအကြာတွင် စက်သေနတ်ဆွဲသည့်အသံ နှင့်ခပ်ဆင်ဆင်တူပြီး သင်္ဘောကျောက်ကြိုးကို ဆွဲတင်သံနှင့် မရှေးမနှောင်း သင်္ဘောဥသြဆွဲကာ သင်္ဘောကြီးသည် ဆိပ်ကမ်းမှ တရွေ့ရွေ့ ခွာလာပါတော့သည်။
ကျနော်တို့ရောက်နေသည့် သင်္ဘောဝမ်းခေါင်းမှာ မန္တလေးအကျဉ်းထောင်မှ ရဲဘော်များ အများစုဖြစ်ပါသည်။ ရန်ကုန်မြစ်ထဲမှ သင်္ဘောကြီး တရွေ့ရွေ့ထွက်ခွာလာသည်။ ရန်ကုန်ဆိပ်ကမ်းနှင့် မြို့တော်ကြီးမှ မီးများ ဝေး၍ဝေး၍ ကျန်ခဲ့ပါသည်။ တနာရီခန့်အကြာတွင် ကျောင်းသားရုပ် မပျောက်သေးသော အသားဖြူဖြူ လူငယ်တယောက် ရုပ်ရည်သန့်ပြန့်ပြီး အလွန်တက်ကြွသူ၊ သူ၏ ဟန်ပန်အမူအရာသည် အခြားသူများအား လှုပ်နိုးကူးစက်နိုင်သူ၊ အဆိုပါလူငယ်က အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “တော်လှန်ရေးလမ်းအတိုင်း ရှေ့သို့ချီ” သူ ကြွေးကြော်လိုက်သံအဆုံးတွင် လူငယ် ၁၀ ယောက်ကျော်က အလွန်တတ်ကြွ အားရှိဖွယ် သံပြိုင် သီချင်းတပုဒ်ကို သီဆိုလိုက်သည်။
“ညီညီညာညာ ရင်ကော့ချီ၊ ဇာနည် ရဲစိတ်ရဲမာန်ကြွချီ၊ တော်လှန်တပ်ကြီး ဥက္ကဋ္ဌ မော် ဦးစီးသည်၊ ဘေးရန်အလီလီ နှိမ်နင်း ရှေ့သို့ချီ - ချီ - ချီ - ချီ၊ ရှေ့သို့ချီ၊ အဆုံးတိုင်အောင်နန်း တို့ဦးတည်၊ ငါတို့မိတ်ဆွေ၊ ကမ္ဘာနှင့် ငါ့တို့တေးသံပဲ့တင် ထပ်ပြီ ကမ္ဘာနှင့်အဝှမ်း မုန်တိုင်းထန်၊ ထစ်ချုန်းပြီ၊ မိစ္ဆာကောင်များ ကြောက်ဒူးတုန်ပြီ၊ ချီ - ချီ - ချီ၊ ရှေ့သို့ ချီ၊ အဆုံးတိုင်အောင် နန်း တို့ ဦးတည်”
သီချင်းသံအဆုံးတွင် လက်ခုပ်သံ တဖြောင်းဖြောင်းပေါ်လာသည်။ (တော်လှန်ရေးလမ်းအတိုင်း ရှေ့သို့ချီ) သီချင်းအား ဦးဆောင်လှုံ့ဆော်သူမှာ တက်ကြွဖြတ်လတ်ပြီး အားမာန်ရှိသူ၊ ဆွဲဆောင်နိုင်သူမှာ မကြာမီ သူ့ကို သိလိုက်ရပါသည်။ တိုးတက်သော မိဘမျိုးရိုးစဉ်ဆက်မှပေါက်ဖွားလာသည့် လူထုဦးလှ၊ ဒေါ်အမာ တို့၏သား ရဲဘော်ဖိုးသံချောင်း ဖြစ်ပါသည်။ ခဏအကြာတွင် ဤလူငယ်များသည် သီချင်းတပုဒ်ကို ထပ်မံ သီဆိုကြပြန်သည်။
“တို့ရဲဘော်များဟာ အခက်အခဲတွေ့ရင် အောင်မြင်မှုကို ကြည်ရမယ်၊ နေရောင်ခြည်ကို မြင်ရမယ်၊ တို့ရဲ့စိတ် ထက်သန်စေ ရမယ်၊ တို့ရဲစိတ် ထက်သန်စေရမယ်”
မွန်းကြပ်လှောင်ပိတ် ပူလောင်အိုက်စပ်သော ဤသင်္ဘောဝမ်းခေါင်းထဲတွင် ရဲဘော်ဖိုးသံချောင်းတို့၏ မန္တလေး လူငယ်ရဲဘော်တသိုက်မှာ မကြာမကြာ ဖျော်ဖြေခြင်းအမှုကို ပြုကြပါသည်။ ရဲဘော်ဖိုးသံချောင်းတို့ သီဆိုလိုက်သော သီချင်းသံများမှာ ကျနော်တို့ တခါမှ မကြားဖူးပါ။ သီချင်းအဓိပ္ပာယ်ရော သံစဉ်နှင့် ဆိုဟန်မှာ အသစ်အဆန်းဖြစ်နေသည်။
သင်္ဘောဝမ်းခေါင်းထဲတွင် မှန်ထူထူ အဝိုင်း ၃၊ ၄ ပေါက် ရှိပါသည်။ လူကြီးပိုင်းမှာ ဆိတ်ငြိတ်စွာထိုင်ပြီး မှိန်းလာပါသည်။ ကျနော်တို့ လူငယ်အများစုမှာ ဘာမှ အပူအပင် အကြောင့်အကြမထားပါ။ ကျနော်တို့ကဲ့သို့ပင် သင်္ဘောဝမ်းခေါင်း၏အခြားအခန်းတွင် ဘဝတူများရှိနေသည်။
ပြည်တော်ညွန့် သင်္ဘောကြီးသည် ဤမျှမှောင်ပိန်းနေသော ပင်လယ်ပြင်ကြီးတွင် မည်သည့်အရပ်သို့ ရှေ့ရှုခုတ်မောင်းနေပါသနည်း။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများအား လူမသိ သူမသိ ပုန်လျှိုးကွယ်လျှိုး တိတ်တဆိတ်ဖြင့် အစောင့်အကြပ်ထူထပ်စွာ မည်သည့်အရပ်သို့ ပို့ဆောင်မည်နည်း။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment