သလိုနှင့် ဝေဟင်မှ လေယာဉ်တို့ဖြင့် ဗုံးကြဲ၏။ ဝန်းရံထားသော စစ်သင်္ဘောများပေါ်မှ အဝေးထိန်းကိရိယာများဖြင့် ဒုံးကျည်တွေကို ပတ်မှတ်အသီးသီးသို့ တရကြမ်း မောင်းလွှတ်သည်။ သည့်နောက် မြေပြင်တိုက်ပွဲ ဆင်နွှဲကြပြန်၏။ယခုနောက်ဆုံး အာဖဂန်နစ္စတန်နိုင်ငံ၊ ကန်ဒါဟာမြို့အနီးရှိ တိုရာဘိုရာ လှိုဏ်ဂူများအတွင်း တိုက်ခိုက်ဖြိုခွင်းမှု မျိုးစုံဖြင့် အိုစမာဘင်လာဒင်နှင့် အယ်လ်ကေးဒါး အဖွဲ့သားတွေကို ရှာဖွေနေကြပြန်သည်။
သလိုအချိန်၌ …
“ကျနော့်စိတ်က ရေဝေးပန်းနှယ် … အမေနဲ့ ရွာကို လွမ်း … တယ် …” ဆိုသည့် သီချင်းတစက လွင့်ပျံ့လာလေ၏။
အာဖဂန်နစ္စတန်နိုင်ငံထဲမှတော့ မဟုတ်ပါ။
ထိုင်း-မြန်မာ နှစ်နိုင်ငံအကြားရှိ နယ်စပ်မြို့ကလေး … အတိအကျဆိုရလျှင် ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သော မဲဆောက်အတွင်းရှိ ကာရာအိုကေခန်းမထဲမှ လွင့်ပျံ့လာသော အဆိုတော် ဟင်္သာတထွန်းရင်၏ ‘အမေနဲ့ ရွာကို လွမ်းတယ်’ သီချင်း …။
သို့ပေမင့် …
ဟင်္သာတထွန်းရင်ကိုယ်တိုင် သီဆိုနေခြင်းတော့ မဟုတ်ပါ ။
ကမ္ဘာဦးကတည်းမှ ယနေ့ထိ ပြုပြင်ပြောင်းလဲနိုင်ခြင်းမရှိသေးသော ရေကြည်ရာ မျက်နုရာ ရှာဖွေနေထိုင်ရသည့်စနစ်ထဲမှ ဇာတ်ကောင်များ သို့တည်းမဟုတ် ပြည်သူလူထု၏ လိုအပ်ချက်ထက် အာဏာရှင်၏ လိုအပ်ချက်ကိုသာ ပြည်သူလူထုက ဖြည့်ဆည်းပေးနေရသောနိုင်ငံမှ … တဖန် အတိအကျဆိုလျှင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတို့၏ ရင်ဖွင့်သံ …။
လွတ်လပ်ပွင့်လင်းမှုကင်းမဲ့သော နိုင်ငံရေးစနစ်နှင့် အာဏာရှင်တို့၏ဖိနှိပ်မှုကြား လူမှုဘဝ အသက်ရှုသံတို့ မွန်းကျပ်ပိတ်လှောင်နေသဖြင့် ရေခြားမြေခြား အရပ်ဒေသကို ရွှေ့ပြောင်းလာကြရသည်။
ဆိုသဖြင့်လည်း …
အသက်ရှုသံတို့ ပေါ့ပါးသွားကြသည်တော့မဟုတ် ငွေကြေးတန်ဖိုး ထက်ဝက်မက ကွာခြားလွန်းသော အချက်ကလေး တချက်ကြောင့် တပါးနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများ၊ နှိမ်ချမှုများ၊ အလုပ်ရှင်၊ အာဏာပိုင်နှင့် ဒေသခံတို့၏ မျက်နှာကိုကြည့်ပြီး အညီးအငြူတွေနှင့် အခက်အခဲများကို ကျော်ဖြတ်နေကြရသည်သာ။

“ကျနော့်စိတ်က ရေဝေးပန်းနှယ် … အမေနဲ့ ရွာကို လွမ်း … တယ် …”
သီချင်းသံက လွင့်ပျံ့လာပြန်သည်။ သည်တကြိမ်မှာတော့ စိတ်ခံစားမှုမျိုးစုံကို ရုပ်ပုံကားချပ်များအဖြစ် ပြောင်းလဲပြစ်နိုင်သော ဂီတကို တွေ့မြင်လိုက်ရ၏။
ဒေါသနှင့် နာကျည်းမှုများ၊ ကြပ်ခဲစေးပျစ်နေသော စိတ်သောကများ၊ မျက်ရည်စက်များ၊ လှိုက်ဖိုနေသော ရင်အစုံနှင့် တုန်ရင်နေသော နှုတ်ခမ်းများကို လိုအပ်သည့်ဆန္ဒများအတိုင်း ငြိမ်းအေးမှုဆီ တာဝန်ယူ ပို့ဆောင်ပေးနေသော ဂီတ၏ကျေးဇူးကား ကြီးမားလှပါပေ၏။
နည်းပညာခေတ်၏လက်ဆောင် ကာရာအိုကေဆိုသော တကိုယ်တော် အိမ်မက်စတူဒီယိုခန်းမကလေး၏ အရေးပါ အရာရောက်မှုသည်လည်း မြို့ပြသာမက၊ ကျေးလက်နှင့် စက်ရုံရပ်ကွက်များအတွင်း သတင်းကြီးလှ ပေသည်။
မွန်းကြပ်မှုတို့ကြားမှ အလွန်ဆုံး ၈ မိနစ်ခန့် ပြေးထွက်လိုက်ဖို့ ဝေဒနာအစိုင်အခဲကို ထုခွဲသွန်ချပစ်ဖို့ လတ်လတ်လောလော ခံစားချက်တို့အား မချဲ့မထွင် အတိုဆုံးပြောပြနိုင်ဖို့ မကျေနပ်ချက်တို့ကို နူးနူးညံ့ညံ့ စောဒကတက်ပြနိုင်ဖို့ ဇာတိမြေနှင့် မွေးမေမေကို ရေခြားမြေခြားမှ အလွမ်းချွေဖို့ တကိုယ်တော်အိမ်မက် စတူဒီယိုခန်းမလေးက လိုသမျှ ဖြည့်ဆည်းပေးနေသည်။ ကိုယ့်ကိစ္စနှင့် စည်းချက်မှန်သော ဂီတသံဖွဲ့စည်းမှု စကားလုံး အဖွဲ့အနွဲ့တွေထဲ လွပ်လပ်စွာ ပျော်ဝင်ခြင်းလေ။ လှလိုက်ပါဘိ။
မလှသည်က အမိန့်အာဏာသံများ၊ ယမ်းဘီလူးတို့၏ အော်ဟစ်သံများ၊ စကားလုံးခပ်ကြမ်းကြမ်းတွေ တတွတ်တွတ် ပြောဆိုနေသော လက်နက်ငယ်များသာ ဖြစ်သည်။
မလှသည်က အိုး ပျောက်၊ အိမ် ပျောက်၊ စာသင်ကျောင်း ပျောက်၊ အမေ ပျောက်၊ အဖေ ပျောက်၊ ရင်သွေး ပျောက်၊ ခြေတဖက်၊ မျက်လုံးတလုံး၊ လက်တဖက်၊ နောက်ဆုံး အပြစ်မဲ့အသက်ပေါင်းများစွာတို့၏ အနိဌာရုံ မြင်ကွင်းများ ဖြစ်သည်။
မလှသည်က ရေခြားမြေခြားတွင် ကိုယ့်အသွေးအသားကို ဈေးကစားရင်း၊ သက်ပြင်းအထပ်ထပ်ကြား ကျွံကျနေရသူများ လုပ်အားခနှင့် အလုပ်ချိန် မမျှတမှုကြား အသက်ရှုမှားနေသည့် နှောင်ကြိုးမလွတ် အလုပ်သမားများ ဖြစ်သည်။
့ဖြစ်ခဲ့ရပုံက …
ဉာဏ်နီဉာဏ်နက်များသော အကြမ်းဖက်သမားတို့၏ လျှပ်တပြက်လုပ်ရပ်ကြောင့် ဒီမိုကရေစီ၊ ငွေကြေး၊ နိုင်ငံတကာ ချုပ်ကိုင်သူများနှင့် လူတွင်ကျယ် စကားလုံးတို့ ခေတ္တမျှ မှင်သက်တွေဝေသွားကြသည်။
တကယ့်ကို ခေတ္တမျှပါပဲ။
သည့်နောက်တော့ … အိုစမာဘင်လာဒင်၏နာမည်ကို တကြော်ကြော်ဟစ်ခေါ်ရင်း လေယာဉ်ပေါ်မှ ခုန်ဆင်းသွားကြသော ဗုံးများ၊ ကျည်ဆံများ …။
ခရီးသည်တင်လေကြောင်းလိုင်းတို့၏ အန္တရာယ်ကို ကာကွယ်ရေးအတွက် ပညာရှင်တို့ခေါင်းကုတ်နေချိန် စက္ကန့်၊ မိနစ်အတွင်း ရန်သူကိုရှာဖွေနိုင်သော ပစ်မှတ်ဆီသို့ အပူလှိုင်း၊ အအေးလှိုင်းများဖြင့်ရှာဖွေနိုင်သော လက်နက်နှင့် ဗုံးကြဲ တိုက်လေယာဉ်တွေ ထပ်မံထုပ်လုပ်ရန် စတင်ကြတော့သည်။ သဲကန္တာရထဲက ရန်သူဆိုလျှင် အပူလှိုင်း၊ အအေးလှိုင်းသာမက ဖုန်လှိုင်းတွေဖြင့် ရှာဖွေသတ်ဖြတ်နိုင်သော ကိရိယာတွေ ပေါ်လာနိုင်သေး၏။
ဟော … လေယာဉ်တွေ တက်လာပြန်ပြီ။ ဝမ်းဗိုက်အောက်မှ ခုန်ပျံထွက်လာသော အရာများကို မော့မကြည့်အား၊ ကံကောင်းလျှင် ရိက္ခာထုပ် ဖြစ်မည်။ ကံမကောင်းလျှင်တော့ သံချောင်းပင် အရည်ပျော်သွားနိုင်သော ယမ်းထုပ်များ ဖြစ်နေတတ်၏။
နည်းပညာခေတ်၏ လက်ဆောင်ဖြစ်သော ကာရာအိုကေစက်ကြောင့် ရေခြားမြေခြားရောက် မြန်မာအလုပ်သမားတို့ ရင်ဖွင့်သံသည် စည်းချက်မှန်မှန် တွန်းကန်ပျံသန်းနေသည်။
သလိုပင် …
နည်းပညာခေတ်၏ လက်ဆောင်ဖြစ်သော ကလပ်စကာဗုံးကြောင့် အပြစ်မဲ့ အာဖဂန်ပြည်သူတို့ ရင်ကွဲပက်လက်ဖြစ်ရပြန်၏။ တကယ်ဆိုလျှင် ရိက္ခာထုပ်များအား လေယာဉ်ဝမ်းဗိုက်ဖွင့်ပြီး ရိုးစင်းစွာ လွှတ်ချနိုင်သည့် လေယာဉ်ထက်၊ နှစ်ဖက်တိုက်ခိုက်မှုကြားမှ လွတ်ကင်းသော ဗုံးခိုကျင်းများထဲအရောက် ရှာဖွေလွှတ်ချနိုင်သော အဆင့်မြင့်ရေဒါ တပ်ဆင်ထားသည့် လေယာဉ်မျိုး တီထွင်သင့်သည်။
ခုတော့ဖြင့် နည်းပညာခေတ်ကြီးက ‘မေတ္တာတပဲ စစ်ပွဲတရာ’ ဇာတ်လမ်းကို ရုံတင်နေပြန်တော့သည်။ ။
ရေစီးသံဂျာနယ်
အတွဲ ၅ အမှတ် ၁
ဇန်နဝါရီ ၁ ရက်၊ ၂ဝဝ၂ ခုနှစ်
်
အတွဲ ၅ အမှတ် ၁
ဇန်နဝါရီ ၁ ရက်၊ ၂ဝဝ၂ ခုနှစ်
်
ဓာတ်ပုံ - ရေစီးသံဂျာနယ်
No comments:
Post a Comment