အဲဒီလို သူတို့စီမံကိန်းကြီးလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာသလို ကျနော်တို့ဒီဘက်ကလူတွေရဲ့ ပိုင်းဖြတ်ချက်ဟာလည်း တဖြည်းဖြည်း ပိုပြီးပြတ်သားလာတယ်။ နောက်ဆုံး ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့တဲ့အချိန် ရောက်လာပြီလို့ ကျနော်တို့အကျဉ်းသားတွေဘက်က ဆုံးဖြတ်တဲ့အခြေအနေကို ရောက်လာရတာပဲ။ ဒါလောက်တောင် ရင်းနှီးမြှုပ်နှံပြီးတော့ ဒါလောက်ကြီးမားတဲ့ စီမံကိန်းကြီးတခုကို တည်ဆောက်ထားတာကိုကြည့်လိုက်ရင် ကျနော်တို့ကိုတော့ လွယ်လွယ်နဲ့ လွှတ်မှာမဟုတ်ဘူးဆိုတာ ရှင်းနေတယ်။ ဒါကို ကျနော်တို့အထဲမှာ ဘယ်သူမှ ဝိဝါဒ မကွဲဘူး။
စဉ်းစားကြည့်ပါဗျာ။ ကျနော်တို့ကို ၂ နှစ် ၃ နှစ် ထားဖို့လောက်နဲ့တော့ ဒါမျိုး မလုပ်တာအမှန်ပဲ။ ၂ နှစ် ၃ နှစ် ဆိုတော့ သူတို့ ပို့ရကြိုရတဲ့စရိတ်နဲ့တောင် မကာမိဘူး။ အဲဒီတော့ ဒါလောက် ထောင်ကြီး ၃ ခု၊ စခန်းကြီး ၃ ခု အဲဒီအတွက် အစောင့်တွေ၊ နေစရာထိုင်စရာ၊ နောက်ပြီးကျတော့ သယ်ယူပို့ဆောင်ရေး၊ နည်းတဲ့စရိတ်တွေ မဟုတ်ဘူး။ အဲဒီလောက် အရင်းအနှီး အကြီးကြီး လုပ်ထားတာဆိုလို့ရှိရင် ကျနော်တို့အတွက် ရှေ့မှာ တိုက်ပွဲမှတပါး ဘာမှအားကိုးစရာ မရှိဘူးဆိုတာ ရှင်းနေတယ်။ ကျနော်တို့အားလုံးခေါင်းထဲမှာ ဒီကိစ္စ ရှင်းနေတယ်။
ဒါပေမယ့် မတူကြတာက ဘယ်လိုအတိုင်းအတာအထိ တိုက်မလဲ။ ဘယ်လိုပုံစံနဲ့ တိုက်မလဲ။ ဒီဟာပဲ ကွာကြတာ။ အဓိကကျတဲ့ တိုက်ရမယ်ဆိုတဲ့ဟာကျတော့ ဘယ်သူမှမကွာဘူး။ ဒါ ကျနော်တို့အထဲမှာ အကျဉ်းသားအားလုံးလိုလို တူညီကြတယ်လို့ ပြောနိုင်တယ်။ တချို့စိတ်ဓာတ်တစုံတရာ ပျော့တဲ့သူတွေ ဟာလည်း ဒါကိုတော့ မငြင်းဘူး။ သူတို့ကိုယ်တိုင် မပါရဲတာရှိမယ်။ မပါဝံ့တာရှိမယ်၊ မပါချင်ဘူးပြောတာ ရှိချင်ရှိမယ်။ ဒါပေမယ့် တိုက်သင့်တယ်၊ တိုက်ရမယ်ဆိုတာတော့ အားလုံးက သဘောတူကြတယ်။
အဲဒီတော့ ရန်သူကိုတိုက်မယ်ဆိုရင် ဘာအရေးအကြီးဆုံးလဲ။ ကျနော်ဆိုလိုတာက ထောင်ထဲလိုနေရာမှာ။ ကျနော်တို့ အတွေ့အကြုံအရဆိုလို့ရှိရင် တခုကတော့ ကိုယ့်ထက် အင်မတန်အားကြီးတဲ့ ရန်သူကို ရင်ဆိုင်ရတော့မှာမို့ ကျနော်တို့ စည်းလုံးညီညွတ်ရမယ်။ ဒါ အထူးပြောစရာမရှိဘူး။ အကျဉ်းသားအားလုံး စည်းလုံးညီညွတ်ရမယ်၊ အပြန်အလှန် အကူအညီပေးရမယ်၊ ထောက်ထားရမယ်။ နောက်တခုက အကျဉ်းသားတွေအားလုံးဟာ နိုင်ငံရေး ရှင်သန်နေရမယ်။ ကျနော်တို့ဘဝမှာ သာမန်စားဝတ်နေရေးနဲ့ ပိနေလို့၊ အိမ်လွမ်းလို့၊ ဟိုဟာမျှော် ဒီဟာမျှော် မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေထားနေလို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။
နောက်ကိုယ့်ခေါင်းထဲမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ၊ ကိုယ်ဘဝမှာ နိုင်ငံရေးရှင်သန်အောင် ဘယ်လိုလုပ်မလဲဆိုတာ အမြဲ စဉ်းစားရတယ်။ အမြဲ အချက်အလက်တွေ ဖန်တီးနေရတယ်။ စိတ်ဓာတ်ကျနေလို့ရှိရင် ကျနော်တို့ ဘာကိုမှ မရင်ဆိုင်နိုင်ဘူး။ နောက်တခုက ကာလံဒေသံ တွက်တတ်ရမယ်၊ ဘယ်လိုအချိန်မှာ၊ ဘယ်လို အနေအထားမှာ၊ ဘယ်လို တိုက်ပွဲမျိုး၊ ဘယ်လောက်အတိုင်းအတာအထိ တိုက်မယ်။ အဲဒါမျိုး တွက်တတ်ဖို့ သိပ်လိုတယ်။ အဲဒါဟာ အတွေ့အကြုံ အများကြီးလိုတယ်။
အဲဒီတော့ ကျနော်တို့အတွက် ကံကောင်းတာက ကိုကိုးကျွန်းမှာ ကျွန်းကို ၂ ခေါက်ရောက်ဖူးတဲ့လူတွေ ပါတယ်။ နောက်ပြီးကျတော့ ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျန်တို့လို ထောင်ထဲမှာ အတွေ့အကြုံအများကြီးရှိတဲ့၊ တိုက်ပွဲတွေ အများကြီး တိုက်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပါတယ်။ ဗန်းမော်ဦးတင်အောင်တို့လို ထောင်ထဲ အကြာကြီး နေဖူးတဲ့သူတွေ ပါတယ်။ စာရေးဆရာ ဦးလေးကြီး မြသန်းတင့်ဆိုရင်လည်း ကျွန်း ၂ ခေါက်ပြန်ပဲလေ။
အဲဒါအပြင် ကျနော်တို့ကို ထောင်တကာကနေပြီးတော့ ပိုလိုက်တာဆိုတော့ ထောင်တကာ တိုက်ပွဲအတွေ့အကြုံတွေ အားလုံးမှာ ပါလာကြတယ်။ ထောင်တကာက နာကျည်းချက်တွေ ပေါင်းမိပြီးတော့ နာကျည်းဒေါသဖြစ်ကြတာရှိသလို၊ ထောင်တကာက အတွေ့အကြုံတွေပါလာတဲ့ ကျနော်တို့မှာ တိုက်ပွဲဝင်ဖို့ အတွက် နည်းနာတွေ ပိုကြွယ်ဝလာတာလည်း ရှိတယ်။
ကျနော်တို့ ဘာလုပ်ကြလဲဆိုတော့ အဲဒီ နိုင်ငံရေး အမြဲရှင်သန်နေအောင်ဆိုတဲ့ဟာကို ဦးတည်ပြီးတော့ စာကြည့်တိုက်ထားတယ်။ ကျနော်တို့ ပါလာသမျှ စာအုပ်တွေကိုစုပြီးတော့ စာကြည့်တိုက်ထားတယ်။ စာကြည့်တိုက်ကို မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ အဲဒါမျိုးတွေငှားတဲ့ သာမန် စာကြည့်တိုက်လည်း ရှိတယ်။ နောက်… သဘောတရားဆန်တဲ့ စာအုပ်တွေထားတဲ့ စာကြည့်တိုက်လည်း ရှိတယ်။ နောက်တခါ အခါအားလျော်စွာ အခမ်းအနားတွေ လုပ်တယ်။ ကွန်မြူနစ်ပါတီဆိုလို့ရှိရင် ကွန်မြူနစ်ပါတီ တည်ထောင်တဲ့နေ့၊ လက်နက်ကိုင် တော်လှန်ရေး စတင်တဲ့နေ့၊ နိုင်ငံတကာ အလုပ်သမားနေ့၊ အောက်တိုဘာ တော်လှန်ရေးနေ့ စတဲ့ နေ့ကြီးရက်ကြီးတွေ ကျနော်တို့ အခမ်းအနားတွေလုပ်ကြတယ်။
အခမ်းအနားတွေမှာ အလံတွေတလူလူနဲ့ မိန့်ခွန်းတွေ ပြောကြတယ်။ သီချင်းတွေဆိုကြတယ်။ ကျနော်တို့မှာ တီးဝိုင်းတွေ ရှိလာတယ်။ တီးဝိုင်းတွေအတွက် တူရိယာပစ္စည်းက စောစောကပြောခဲ့တဲ့ အိုနာဆစ် သင်္ဘောကြီး ပေါ်ကရတာ။ အဲဒီပေါ်ကရတဲ့ပစ္စည်းတွေနဲ့ ဖန်တီးထားတာ။
နောက်ပြီးကျတော့ နေ့ကြီးရက်ကြီးတွေမှာ အားကစားပွဲတွေ ကျနော်တို့ လုပ်တယ်။ အဓိကကတော့ ဘောလီဘောပွဲ၊ ဘောလုံးပွဲ၊ စစ်တုရင်ထိုးပွဲ၊ ကျားထိုးပွဲ။ အဲဒါအပြင် ကပွဲ ဆိုပွဲတွေလည်း ရှိတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment