အဲ … ထောင်အပြင်ရောက်တယ်ဆိုတာနဲ့တပြိုင်နက်တည်း အပြင်မှာ ဟီးနိုးကားကြီးတွေ ရပ်နေတာ တွေ့ရတယ်။ ကျနော်တို့ကို ဟီးနိုးကားကြီးတွေပေါ် တက်ခိုင်းတယ်။ ဟီးနိုးဘတ်စ်ကားကြီးတွေ၊ အဲ တက်လိုက်တဲ့အခါ ကျတော့ ပြတင်းပေါက်တွေအားလုံးက စက္ကူတွေကပ်ပြီး ပိတ်ထားတယ်။ ဒရိုင်ဘာရှေ့က မှန်တခုပဲ မြင်ရတာ။ အဲဒီ ကျနော် ထင်တယ်။ ကား ၃ စင်းထက်တော့ မနည်းဘူး။ ဘယ်နှစင်းလည်းတော့ ကျနော်လည်း မရေနိုင်ဘူး။
အဲဒီ ခပ်လှမ်းလှမ်းမှာ စစ်သားတွေစောင့်နေတယ်လို့ ကျနော် လှမ်းတော့မြင်ရတယ်။ ဒါပေမယ့် နည်းနည်းလည်း လှမ်းတယ်။ သိပ်လည်း အချိန်မရတော့ “တက် တက်” ဆိုတော့ တက်လိုက်ရတယ်ဆိုတော့ ဟိုဒီလည်း ကြည့်မနေနိုင်ဘူး။ အသေးစိပ်တော့ မမြင်ရဘူး။ ဘယ်နှစ်ယောက်ပဲ ဘာညာဆိုတာ မှန်းလို့မရဘူး။
နောက် … ကားတွေမောင်းလာတာ မောင်းလာတော့ သတိထားမိတာ လမ်းမှာ ရှင်းပေးတဲ့ဟာတွေ ရှိတယ်။ ဘယ်နေရာမှာမှ ရပ်ဖို့မလိုဘူး။ ဘေးက ကားတွေဘာတွေ အကုန်လုံးလည်း သူတို့ ရပ်ခိုင်းထားတာရှိတယ်။ ဟို … ဘေးကပ်ခိုင်းထားတာတွေ ရှိတယ်။ ကြည့်ရတာ ကျနော်တို့ရှေ့မှာ မော်တော်ပီကယ်လိုဟာမျိုး လမ်းရှင်းတဲ့ဟာ ပါတယ် ထင်တယ်။ ဒါမှမဟုတ် ကြိုပြီးတော့ကိုပဲ မော်တော်ပီကယ်တွေ လမ်းဘေးတွေမှာ ချထားလား မသိဘူး။ အကုန်လုံးကို လျှောလျှောရှူရှူပဲ ခေါ်သွားလိုက်တာ။
ဗိုလ်တထောင် ကျန်းမာရေးဆိပ်ကမ်းကို ရောက်သွားတာ ညကြီး။ ဗိုလ်တထောင် ကျန်းမာရေးဆိပ်ကမ်းဆိုတာ ကျနော်က တခါမှ မရောက်ဖူးဘူး။ အညာသားများ တော်တော်များများလည်း ဘယ်သူမှ မရောက်ဖူးကြဘူး။ ပင်လယ် မမြင်ဘူးတဲ့လူတွေ၊ ပင်လယ်ကူးသင်္ဘော မမြင်ဖူးတဲ့သူတွေက အများကြီး။
လှမ်းကြည့်လိုက်တဲ့အခါကျတော့ဗျာ … အဲဒီမှာ ဆလိုက်မီးကြီးတွေက ထိန်နေတာပဲ ထွန်းထားတာ။ အဲဒီထဲမှာ ‘ပြည်တော်ညွန့်’ သင်္ဘောကြီးကလည်း ဖြူဖြူဝင်းလို့။ အဲဒီအောက်မှာမှ သံခမောက်တွေကလည်း တဝင်းဝင်းနဲ့။ အို … လှံစွပ်တွေကလည်း တဖွေးဖွေးနဲ့။ ဟာ … မြင်ကွင်းက ဟစ်တလာခေတ်က မြင်ကွင်းတခုကို ကြည့်နေရသလိုပဲ။ ချောက်ချားစရာ အင်မတန် ကောင်းတာ။ ဒီ ဝင်းထိန်နေပုံကိုက သဘာဝမကျတဲ့ ဝင်းထိန်နေပုံကြီးဆိုတော့ စိတ်ကို သိပ်ချောက်ချားစရာကောင်းတာ။
အဲဒီမှာတော့ ကျနော်တို့အားလုံးလည်း အော် ကိုကိုးကျွန်းပို့ပြီဆိုတာ စိတ်ဒုံးဒုံးချပစ်လိုက်ရတာ။ နဂိုကတော့ တချို့လူတွေက ပြည်ထောင်စုနေ့နား နီးနေပြီ၊ လွှတ်တာတွေဖြစ်မှာဆိုပြီးကြံကြံဖန်ဖန်တွေးတဲ့လူ ရှိသေးတယ်။ ကျနော်တို့ကတော့ အဲဒီလို တွေးစရာ မလိုဘူးလေ။ ကိုယ့်လွှတ်ချင်ရင် မန္တလေးထောင်ကနေပြီးတော့ အင်းစိန်ထောင်ထိတော့ ဘယ်သူမှ ခေါ်မလာဘူး။ မန္တလေးထဲက လွှတ်မှာပဲ။
အဲ တချို့ အဲလိုစိတ်ကူးယဉ်တဲ့လူတွေ ရှိတော့ရှိတာပေါ့ဗျာ။ ဒါတော့ သူတို့လည်း အပြစ်မပြောပါဘူး။ အဲလို အချိန်မှာတော့ ဒီလိုပဲစဉ်းစားတတ်ကြတာပေါ့။ အခု မျက်စိထဲမှာ သင်္ဘောကြီးတစင်း မားမားကြီးတွေ့နေရတာ။ အဲဒီကို ကျနော်တို့ခေါ်သွား၊ မရပ်နဲ့။ ဘာမှ စောင့်နေရတာရပ်နေရတာ မရှိဘူး၊ အကုန်လုံးက စီစဉ်ထားပြီးသား အတိအကျတွေ၊ အပေါ်မှာ တက် တက် တက်တက်လှေကားပေါ်တက်သွား၊ သင်္ဘောဝမ်းပေါ်ကျတော့ ဆင်း ဆင်း ဆင်းဆင်း ဆိုပြီးတော့ တခါတည်း ဝမ်းဗိုက်အောက်ထဲကို ဆင်းသွားရတာ။
ဝမ်းဗိုက် (၂)ခန်းထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ထည့်ထားတာ။ ကျနော်တို့က ရှေ့ကအခန်းထဲက။ ကျနော်တို့အရင် ရောက်နေတဲ့လူတွေလည်း ရောက်နေကြပြီ။ ကျနော်တို့အခန်းထဲမှာ အားလုံးပေါင်း လူ ကျနော်ထင်တယ် (၁ဝဝ) (၁ဝဝ)ကျော်လောက်ရှိမယ်လို့ ထင်တယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment