၂၁ ရာစုကို ဝင်လာကတည်းက ပညာရှင်အသီးသီးက မေးခွန်းတွေ၊ ထင်မြင်ချက်တွေ အမျိုးမျိုးထုတ်လာခဲ့ကြတယ်။ ဒီနေ့ကမ္ဘာကြီးဟာ ဘယ်လမ်းကို သွားနေကြသလဲလို့ပေါ့။ ကမ္ဘာကြီးဆိုတာထက် ဒီနေ့လူ့အဖွဲ့အစည်းတွေက ဘယ်လမ်းသွားနေကြသလဲလို့ ဆိုလိုတာပါ။ အကောင်းမြင်သူတွေရော၊ အဆိုးမြင်သူတွေရော နှစ်ဖက်စလုံးက ကိုယ့်အမြင်အမျိုးမျိုးကို တင်ပြလာကြတယ်။
အချို့ကလည်း ကမ္ဘာကြီးဟာ အပေါ်ယံအားဖြင့် ဖွံ့ဖြိုးတိုးတက်နေတယ်၊ အတွင်းအနှစ်သာရအားဖြင့် အပြင်ထန်ဆုံး ဖောက်လွဲဖောက်ပြန်ဖြစ် နေပြီး အဆုံးစွန်ပျက်သုဉ်းခြင်းတခုဆီကို ရှေ့ရှုနေတယ်လို့ ဆိုကြတယ်။ ရုပ်ဝတ္ထုတွေ ဖွံ့ဖြိုးတိုးတက်နေတာ လျှင်မြန်လာတာနဲ့အမျှ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီး နိမ့်ကျလာနေတယ်လို့ ဆိုကြတယ်။ ပညာရှင်တယောက်က သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြတယ်။
“ကမ္ဘာကြီး ဘယ်ကိုသွားနေတယ်ဆိုတာ ကျနော် သေသေချာချာ မသိပါဘူး။ ဒါပေမယ့် ဘယ်လိုသွားနေတာလဲဆိုရင်တော့ အနီးစပ်ဆုံး မှန်ကန်အောင် ကျနော် ပြောပြနိုင်ပါတယ်။ ကမ္ဘာကြီးဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး အခြေခံအောက်မှာသာ နာမည်အမျိုးမျိုး ပြောင်းပြီး နှစ်ရှည်ကာလများစွာ သွားနေခဲ့တာပါ” တဲ့။
လူတိုင်းက ယဉ်ကျေးမှုတွေ မြင့်လာတယ်လို့ အစဉ်တစိုက် သုံးစွဲခဲ့ကြ ပါတယ်။ ဒါဟာ လှပတဲ့တင်စားမှုတခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သဘောမတူသူတွေကတော့ ယဉ်ကျေးမှုမြင့်လာတယ်ဆိုတာထက် ဟန်ဆောင်မှုတွေ ပိုပြီးမြင့်လာတယ်လို့ ဆိုကြပါတယ်။ သမိုင်းဦးဘုံမြေ ခေတ်ကနေ မြေခေတ်၊ စက်ခေတ်၊ နည်းပညာခေတ်၊ ဘယ်လိုပင် ပြောင်းခဲ့စေကာမူ လူဟာ သူ့ရဲ့မူလသဘာဝ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရိုးသားမှုမှန်သမျှကိုတော့ ဆုံးရှုံးခဲ့ပုံရတယ်လို့ ဆိုကြပါတယ်။
ခေတ်မီဖို့၊ ဖွံ့ဖြိုးဖို့ တိုးတက်ဖို့ အပြိုင်အဆိုင် ကြိုးစားကြရင်းနဲ့ လူဟာ အခြားတဖက်က အပြိုင်ဖြစ်လာတဲ့ ဆိုးကျိုးတွေကို ဟန်ဆောင် ဖုံးကွယ်ပြီး ရှင်သန်နေခဲ့ကြပါတယ်။ လူဟာ အံ့မခန်းမျှော်လင့်ချက်တွေ အပေါ် ရင်ခုန်နေရင်းနဲ့ပဲ အံ့မခန်း ဘေးဒုက္ခတွင်းတွေထဲကို ဆင်းမှန်းမသိ ဆင်းနေခဲ့ကြပါတယ်။ အစိုးရအသီးသီးက တဖွဖွရေရွတ်နေကြတဲ့ စကားတွေကို ကြည့်လိုက်ပါ။ ‘လတ်တလော အကျိုးစီးပွား’ ဆိုတဲ့ စကားလုံးကို အတွင်ကျယ်ဆုံး ကြားရနိုင်ပါတယ်။ ဒီစကားလုံးရဲ့တန်ဖိုးက သူ့တာဝန်ကို သူကျေပွန်လေလေ၊ ကမ္ဘာကြီးရဲ့အနာဂတ်ဟာ မရေမရာ ဖြစ်လာလေလေပါပဲ။
ကမ္ဘာကြီးဟာ ကမ္ဘာစစ်ကြီး ၂ ခုကိုကြုံပြီး ဆိတ်ငြိမ်စစ်ကာလကြီး တခုကိုလည်း တိုးတိုးတိတ်တိတ်နဲ့ လူသိရှင်ကြား ဖြတ်သန်းခဲ့ပြီးပါပြီ။ လူတွေဟာ ကျွန်တွေ အများကြီးပိုင်ဖို့ ကြိုးစားကြရင်း၊ မြေတွေ အများကြီး ပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း၊ ဈေးကွက်တွေ အများကြီး ပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း၊ လက်နက်တွေအများကြီးပိုင်ဖို့ ကြိုးစားကြရင်း၊ နည်းပညာတွေ အများကြီးပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း ကမ္ဘာကြီးဟာ ကိုယ့်ထောင်ချောက်နဲ့ကိုယ် ပိတ်မှန်းမသိ ပိတ်မိနေခဲ့ပါတယ်။
ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကို နာမည်အမျိုးမျိုးပြောင်းကာ ရေလောင်းပေါင်းသင်ကြရင်းနဲ့ပဲ ရောဂါဘယအသစ်အဆန်းပေါင်းစုံနဲ့ သဘာဝပတ်ဝန်းကျင်အချို့ ယွင်းပျက်သုဉ်းမှုကြီးဟာ ကမ္ဘာကြီးရဲ့ နောက်ကျောမှာ ဓားတချောင်းနဲ့ အသင့်ဖြစ်နေခဲ့ပါပြီ။
ရုရှား မဟာအောက်တိုဘာ တော်လှန်ရေးပြီးစမှာ လူတွေဟာ လိုချင်တာတွေရတော့မယ် ထင်ခဲ့ကြပါတယ်။ ဂျာမဏီ ဘာလင်တံတိုင်း ကြီးပြိုပြီးတဲ့အခါမှာတော့ လူတွေဟာ လိုချင်တာကို အခုမှရတော့မယ်လို့ ထင်လာကြပြန်ပါတယ်။ ဒါပေမယ့် အမေရိကန်က တိုက်အမြင့်ကြီး ၂ လုံး ပြိုသွားပြီးတဲ့အခါမှာတော့ လူတွေဟာ ကမ္ဘာကြီးရဲ့ လားရာအပေါ် ဘယ်လိုထင်မြင်ချက်မျိုး ပေးရမှန်းမသိ ဖြစ်ခဲ့ကြပါတယ်။ အဲလ်ဖရက်နိုဗယ်လ်ကတော့ သူမသေခင်မှာဘဲ တဖက်မှာ ကမ်းပြိုရင် တဖက်မှာ သောင်းထွန်းတတ်တယ်ဆိုတာကို နားလည်သွားခဲ့ပါပြီ။
ကမ္ဘာကြီးဟာ ငွေများ တရားနိုင်တာထက် ပိုပြီးယဉ်ကျေးတယ်လို့ ယူဆနိုင်တဲ့ လူများတရားနိုင်တဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ အာဏာရှင်စနစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒါဟာ ကျေနပ်စရာပါ။ ဟားမား[စ်]အဖွဲ့ပဲဖြစ်ဖြစ်၊ တက်ဆင်ရှီနာဝပ်ပဲဖြစ်ဖြစ် လူများတော့ တရားနိုင်ခဲ့ကြပါပြီ။
ကိုယ်စားပြုဒီမိုကရေစီစနစ်ဟာ အကန့်အသတ်နဲ့သာ မှန်ကန်ခွင့် ရှိနေဆဲပါ။ ပါလီမန်ရွေးကောက်ပွဲစနစ်အောက်မှာ နိုင်ငံအစိုးရတိုင်း ခေါင်းဆောင်တိုင်း သူတို့ကိုယ်စားပြုထားတဲ့ ကျောထောက်နောက်ခံ အဖွဲ့အစည်းတိုင်းက လတ်တလော အကျိုးစီးပွားတိုင်းကို ဦးစားပေး မဟာဗျူဟာအဖြစ် သတ်မှတ်ခဲ့ကြတာ မဆန်းလှပါဘူး။
ဒီကနေ့ ကိုယ့်လူထုကျေနပ်ဖို့၊ ဒီကနေ့ စီးပွားရေးဘဝ ပြေလည်ဖို့က အဓိကပါ။ ဒီကနေ့ ဒါမလုပ်နိုင်တဲ့ ဘယ်အစိုးရမဆို မနက်ဖြန်မှာ အချိန်မရွေး ပြုတ်ကျသွားနိုင်တာမို့ ရေရှည်အကျိုးထက် ရေတိုအကျိုး ကြည့်မှုတွေက ရှေ့တန်းရောက်လာတာ တကယ်တော့ မဆန်းလှပါဘူး။ နောင်တချိန်မှာ ကမ္ဘာကြီးဘာပဲဖြစ်ဖြစ် လေးနှစ် တကြိမ် ရွေးကောက်ပွဲ နိုင်ဖို့ လူထုကို လတ်တလော အကျိုးစီးပွားအမျိုးမျိုးနဲ့ ဖြားယောင်း နိုင်ဖို့ကိုပဲ နိုင်ငံရေးပါတီတွေက ပိုပြီးအာရုံစိုက်တတ်ကြပါတယ်။
အမေရိကန်တွေဆိုရင် သူတို့ရဲ့ လတ်တလောအကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ အချို့စာချုပ်စာတမ်းတွေကို လက်မှတ်ထိုးဖို့ ငြင်းဆန်နေဆဲပါ။ လူတွေရဲ့ အရမ်းကာရော တီထွင် ဖန်တီးမှုတွေ၊ ဇွတ်တရွတ် ကိုယ်ကျိုးစီးပွားဖက်တွယ်မှုတွေကြောင့် ကမ္ဘာကြီးဟာ ကိုယ့်ထောင်ချောက်နဲ့ကိုယ် ပိတ်မိနေရတဲ့ အဖြစ်မျိုးနဲ့ တိုးနေရတာဆိုရင် မမှားပါ။
ကမ္ဘာကြီးရဲ့ကျန်းမာရေးဆိုပြီး အစိုးရတိုင်းနီးပါးက ဟန်ဆောင်ကြွေးကြော် တတ်ကြပါတယ်။ လူ့အခွင့်အရေး၊ ဖူလုံရေး၊ မျှတရေး၊ သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေး စသဖြင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့ကြားက ကွာခြားချက်ကတော့ ကြီးနေတုန်းပါပဲ။
ကမ္ဘာလက်နက်ပြိုင်ဆိုင်မှုအတွက် သုံးစွဲနေတဲ့ ငွေကြေးပမာဏဟာ အေအိုင်ဒီအက်(စ်)လို ကပ်ရောဂါမျိုးအတွက် သုတေသနလုပ်တဲ့ လုပ်ငန်းသုံးငွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အဆမတန် နည်းနေတာကို တွေ့ကြရ မှာပါ။ ကမ္ဘာကြီးမှာ သန်းနဲ့ချီတဲ့ ကလေးသူငယ်တွေ အဟာရ ချို့တဲ့မှုရဲ့ အကျိုးဆက်အဖြစ် နှစ်စဉ်သေဆုံးနေကြရပေမယ့် ဒါတွေကို စိတ်လှုပ်ရှားစွာနဲ့ အပူတပြင်းဆောင်ရွက်နေကြတဲ့ အစီအစဉ်တွေ ကတော့ မရှိသလောက် နည်းပါးလွန်းတာကို တွေ့ကြရမှာပါ။
မျှော်စင်အမွှာညီနောင်ကြောင့် လူငါးထောင်ကျော်သေသွားတဲ့အခါမှာ ဒေါ်လာဘီလီယံနဲ့ချီပြီး ကုန်ကျနိုင်တဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး စီမံချက်ကြီးတွေက ပြူးတူးပြဲတဲနဲ့ ရှေ့တန်းကိုရောက်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာကြီးဟာ ပိုပြီးယဉ်ကျေးလာတယ်ဆိုတာထက် ပိုပြီး ဟန်ဆောင်တတ်လာတယ်လို့ သုံးသပ်ကြတာ ဖြစ်ကောင်းဖြစ်မှာပါ။
ကျေးပိုင်ကျွန်ပိုင်စနစ်က အသွင်သစ်ပြောင်းပြီး ဖြစ်ထွန်းလာတာ သွေးစုပ်တဲ့စနစ်က ပုံစံပြောင်းပြီး နှိပ်စက်လာတာ ဒါကိုပဲ အမြင့်ဆုံး ဖြစ်ထွန်းမှုတွေထဲမှာ နေပျော်နေပြီလို့ဆိုသူတွေကလည်း ဆိုနေကြ ပါတယ်။ ကရင်မလင်နန်းတော်ကြီးက ပွင့်လင်းရမယ်လို့ မျက်စပစ် လိုက်ပြီး ချမ်းသာတာကောင်းတယ်လို့ ခေါင်းဆောင်ကြီး တဦးက ကြွေးကြော်ပြီးတဲ့နောက်မှာ အချို့ကလည်း သမိုင်းနိဂုံးချုပ်ပြီ ဆိုပြီး အလန့်တကြား ထ အော်လာကြပါတယ်။
ကျေးလက်က လူအများစုကြီးက မွဲမြဲမွဲနေကြပြီးတော့ မြို့ပြက လူစု လူဝေးကြီးဆီမှာလည်း ကုလို့မရနိုင်တဲ့ ရောဂါအသစ်အဆန်း ပေါင်းစုံကို ခေတ်သစ်ကြီးရဲ့လက်ဆောင်အဖြစ် ရနေကြပါပြီ။ ကမ္ဘာကြီးပူနွေးလာတယ်ပဲ ပြောပြော၊ ဖန်လုံအိမ် အာနိသင်အကြောင်းပဲ ငြင်းခုံ ငြင်းခုံ၊ အဆိပ်လို လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့မျိုးတွေကို နေ့စဉ်ရှူရှိုက်ရင်း ကြီးပြင်းနေကြတဲ့ ကမ္ဘာလူထုကြီးဟာ လတ်တလော အကျိုးစီးပွားတွေကိုသာ တွင်တွင်မျက်မှောက်ပြုနေကြရင်းနဲ့ အသေအပျောက်တွေ တစထက်တစ ပိုများလာနေတဲ့၊ ကမ္ဘာရာသီဥတု အပြောင်းအလဲတွေအကြောင်းကို ကြိုးစားပြီး မေ့ထားနေကြပုံရပါတယ်။
လူ့သမိုင်းမှာ မကြုံဖူးလောက်အောင် လိုအပ်သမျှတွေကိုရနိုင်တဲ့ ခေတ်ကြီးလို့ အကောင်းမြင်သူတွေကဆိုကြပေမယ့် ကွန်ပြူတာ၊ မိုဘိုင်းဖုန်းနဲ့ တယ်လီဗီးရှင်းနား မကပ်နိုင်သူတွေက ဒုနဲ့ ဒေးပါ။ ယဉ်ကျေးချင်ဟန်ဆောင်ထားတဲ့ ပေးစာကမ်းစာ အကူအညီလောက်နဲ့ တော့ ကမ္ဘာ့လူမွဲတွေ နာလန်ထလာဖို့ဆိုတာလည်း မလွယ်လှပါဘူး။
လူဟာ လူအချင်းချင်းကိုရော သဘာဝတရားကြီးကိုပါ အစဉ်တစိုက် အံတုဖို့ကြိုးစားရင်း ခေတ်သမိုင်းအဆက်ဆက်ကို ချီတက်လာခဲ့ကြပါ တယ်။ အဲဒီလူကိုပဲ လူအချင်းချင်းကရော၊ သဘာဝတရားကြီးကပါ ဒဏ်ခတ်ဖို့ကာလတခုဟာ ရှေးမဝေးလှတဲ့ အနာဂတ်တခုမှာ စောင့်ကြို နေပါတယ်လို့ ဆိုကြပါတယ်။ ကမ္ဘာကြီး ဘယ်ကိုသွားနေတယ်ဆိုတာ အပျင်းပြေလောက်ပဲဖြစ်ဖြစ်၊ စဉ်းစားကြည့်ကြရအောင်ပါ။ ။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment