Wednesday, November 18, 2009

သမိုင်းသင်ကြားချက်တွေထဲက သတိပြုစရာတခု (ရဲဘော် ဖိုးသံချောင်း)

တလောလေးကပဲ ပထမကမ္ဘာစစ်ပြီးဆုံးတာ အနှစ် ၉ဝ မြောက်တဲ့ အခမ်းအနားများကို ဥရောပအနှံ့အပြားမှာ ခမ်းခမ်းနားနား ကျင်းပခဲ့ကြတာတွေ့ရပါတယ်။ ဗြိတိသျှဘုရင်မကြီး အပါအဝင် နိုင်ငံအများအပြားက ထိပ်သီးတွေ တက်ရောက်ကြ ပါတယ်။ ဒါပေမယ့် လူ့အသက်ပေါင်း ၈၇ သိန်းကျော် ချုပ်ငြိမ်းစေခဲ့တဲ့ ဒီစစ်ပွဲကြီးပြီးသွားတာ ကြာပြီဖြစ်လို့လားမသိ၊ ဒီ အခမ်းအနားမှာရော၊ ဒီကာလအတွင်း မီဒီယာတွေမှာရော ဒီစစ်ကြီးပေါက်ဖွားလာပုံ၊ အဆုံးသတ်သွားပုံတွေနဲ့ပတ်သက်လို့ သိပ်မပြောကြတော့ပါဘူး။ ပြောရတာများလို့ မောသွားကြတာလား၊ သဗ္ဗေသတ္တာ အဝေရာဟောန္တုပဲ လုပ်လိုက်ကြတာလား မပြောတတ်ပါ။ ဒီနေရာမှာတော့ အဲဒီအထဲက မမေ့သင့်တဲ့ သင်ခန်းစာတခုကို ပြန်ထောက်ပြချင်ပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့ ပထမကမ္ဘာစစ်တို့ဆက်နေပုံကို မှတ်မိကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။ ကမ္ဘာစစ်ကြီးတခုပြီးလို့ အနှစ်၂ဝ မရှိခင်မှာပဲ နောက်ကမ္ဘာစစ်ကြီးတခုအတွက် ပြင်ဆင်ကြတာ၊ ခြေပုန်းခုတ်ကြတာ၊ တကယ်လည်းပေါက်ကွဲထွက်လာတာ စတဲ့ကိစ္စတွေဟာ မတော်တဆ တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကြီးမှာ စတင်စစ်ခင်းသူဟာ ပထမ ကမ္ဘာစစ်ကြီးတုန်းက စစ်ရှုံးခဲ့သူဖြစ်တယ်ဆိုတဲ့အချက်ဟာ သတိမပြုဘဲမနေသင့်ပါဘူး။

ပထမကမ္ဘာစစ် ဘယ်လိုအဆုံးသတ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားကြည့်ပါ။ စစ်ရှုံးသူ ဂျာမဏီအပေါ်မှာ ဗာဆိုင်းစာချုပ် The Treaty of Versailles (၂၈-၆-၁၉)၊ လော်ဇန်းစာချုပ် The Treaty of Lausanne (၂၄-၇-၂၃)၊ စိန့်ဂျာမိန်းစာချုပ် The Treaty of St. Germain (၁ဝ-၉-၁၉) စတဲ့ စာချုပ်တွေ အများကြီးချုပ်ဆိုပြီး စစ်ရှုံးနိုင်ငံတွေကို ဖိထားခဲ့တာဖြစ်ပါတယ်။ ဗာဆိုင်းစာချုပ်ကိုဆိုရင် ဗြိတိန်နိုင်ငံကတောင်မှ ဂျာမဏီအပေါ်မှာတောင်းဆိုတာ သိပ်ပြင်းထန်လွန်းတယ်လို့ ပြောခဲ့ပါ တယ်။

ဒီစာချုပ်ကြောင့်မို့ ဂျာမဏီနိုင်ငံဟာ စစ်မဖြစ်မီကရှိခဲ့တဲ့ သူ့နယ်မြေဧရိယာရဲ့ ၁၃.၅% (လူဦးရေ ၇ သန်း) ကို ဆုံးရှုံး သွားခဲ့ပါတယ်။ နောက်ပြီး ပြည်ပမှာရှိတဲ့ သူတို့ ကိုလိုနီတွေအားလုံးကိုလည်း လက်လွှတ်လိုက်ရပါတယ်။ တခါ တူရီကီဟာ ဆိုရင်လည်း လော်ဇန်းစာချုပ်ကြောင့် သူ့ရဲ့ အော်တိုမန် အင်ပါယာ ဆိုတာကို လုံးဝ လက်လွှတ်လိုက်ရပြီး နယ်မြေတွေ အများကြီး ဆုံးရှုံးသွားပါတယ်။ ဟက်ဘ်စဘဂ်အင်ပါယာ (Habsburg empire) ကို ဆုံးရှုံးလက်လွှတ်လိုက်ရတဲ့ သြစထရီးယားနိုင်ငံဟာလည်း သူ့နဂိုဒေသတွေ ခွဲထုတ်ပေးပစ်ရ၊ သူ့တပ်ကို ၃ သောင်းအထိ လျှော့ချရ စသဖြင့် တသက် အခဲမကြေစရာတွေ ခံစားခဲ့ရပါတယ်။

ဒီလို မတရား တဖက်သတ်ကျတဲ့ စစ်ပြေငြိမ်းစာချုပ်တွေကြောင့်မို့ ဒုတိယကမ္ဘာစစ်ကြီး ပေါ်ပေါက်တယ်ဆိုတာကို ကမ္ဘာ့ သမိုင်းပညာရှင်တွေနဲ့ စွယ်စုံကျမ်းအတော်များများကပဲ အသိအမှတ်ပြုကြပါတယ်။ မတရား အချုပ်ချယ်ခံခဲ့ရတဲ့ နိုင်ငံတွေ မှာ အမျိုးသားရေးစိတ်ဓာတ်နဲ့ လူထုကိုစည်းရုံးလို့ အကောင်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကြီးတပွဲပြီးတယ်ဆိုတိုင်း ငြိမ်းချမ်းရေးအတွက် အာမခံချက်ရတာမဟုတ်ကြောင်း ဒီခေတ်လူသားတွေကို ဒီသမိုင်းက ဖော်ပြနေပါတယ်။ နောက်ပြီး ပဋိပက္ခတွေကို တဖက်သတ်ဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းလို့မရကြောင်းလည်း သင်ခန်းစာယူသင့်ပါတယ်။

ဒါနဲ့တဆက်တည်း မကြာသေးမီကမှ ပြီးဆုံးသွားတဲ့ စစ်အေးစစ်ပွဲကိစ္စကိုလည်း ပြန်စဉ်းစားစရာသင့်ပါတယ်။ စစ်အေးစစ်ပွဲ ဆိုတာကြီးဟာ သေနတ်သံတချက်မကြားရဘဲ ပြီးသွားတယ်လို့ ပြောရင်ရပါတယ်။ ဘယ်လို စစ်ပြေငြိမ်းစာချုပ်၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတာတွေမရှိဘဲ သိန်းနဲ့ချီတဲ့ ဝါဆောစာချုပ်တပ်ဖွဲ့ဆိုတဲ့ ဧရာမ စစ်တပ်တွေလည်း ပျောက်ကွယ်သွားပါတယ်။

ဒါပေမယ့် အဲဒီလိုဖြစ်သွားတဲ့အတွက် အဲဒီဒေသတွေမှာ တကယ်တမ်း ငြိမ်းချမ်းရေးရခဲ့ပါသလား။ မနည်းလှတဲ့နိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အကြီးမားဆုံးပြိုကွဲမှုတွေနဲ့ ပထမဆုံး သေနတ်သံတွေ ပြန်ကြားလာရတယ် မဟုတ်ပါလား။ ပြောရရင် ဝါဆော စစ်အုပ်စုမရှိတော့တဲ့အတွက် နေတိုးစစ်အုပ်ရဲ့တည်ရှိမှုဟာလည်း အဓိပ္ပာယ် မရှိတော့ပါဘူး။ တရားအရဆိုရင် သူလည်း တဖြည်းဖြည်း ပျောက်ကွယ်ရတော့မှာပါ။

ဒါပေမယ့် အခုတော့ အဲဒီလိုမဟုတ်ဘဲ နေတိုးကို တိုးချဲ့လာလိုက်တာ ရုရှားနဲ့ နယ်စပ်ချင်းကပ်နေတဲ့နိုင်ငံတွေကိုတောင် ရောက်လာပါပြီ။ ဒီလိုနဲ့ ပူတင်တို့ဘက်ကလည်း အခုအခါ အမျိုးသားရေး ကြွေးကြော်သံတွေကိုတင်ပြီး စစ်အင်အား တိုးချဲ့တာ၊ ဖြည့်ဆည်းတာ တွေလုပ်လာလို့ ဒုတိယစစ်အေးစစ်ပွဲကို ပြန်ရောက်လာဦးမှာလားလို့ တွေးစရာ၊ မေးစရာဖြစ်လာနေပါတယ်။ တပါတည်း ဗမာပြည်နိုင်ငံရေးရဲ့ အခုနောက်ဆုံးဖြစ်ပေါ်မှုတွေဟာ အဲဒီမပေါ်ပေါက်သေးတဲ့ ဒုတိယစစ်အေးစစ်ပွဲနဲ့များ ဆက်နေ သလားလို့တောင် တွေးစရာဖြစ်လာနေတယ် မဟုတ်ပါလား။

ကမ္ဘာစစ်တခုပြီးတော့ နောက်ကမ္ဘာစစ်တခု။ စစ်အေးစစ်ပွဲတခုပြီးတော့ နောက် စစ်အေးစစ်ပွဲတခု။

ဒီလိုပါပဲ။ သမိုင်းမှာ တဖက်စီးနင်း ဆုံးဖြတ်ခဲ့၊ လုပ်ကိုင်ခဲ့တာတွေဟာ တကယ်တမ်းပြီးပြတ်သွားတာ မဟုတ်ပါဘူး။ တန်ပြန်တဲ့ အကျိုးဆက်တွေနဲ့ ကြုံရတတ်ပါတယ်။ ဒီကနေ့ ဗမာနိုင်ငံမှာ ဒီနေ့ဖြစ်ပျက်နေတာတွေကိုကြည့်ပြီး အရာရာကို နအဖ စစ်အုပ်စုက ထင်သလို ချယ်လှယ်လုပ်ကိုင်နိုင်နေပြီ၊ နအဖစစ်အစိုးရဟာ သင်္ခါရတရားနဲ့ ကင်းလွတ်နေသူတွေ ဖြစ်တယ်၊ ကျန်တဲ့တနိုင်ငံလုံး၊ ပြည်သူတရပ်လုံးဟာ သူတို့ပေးသနားတဲ့ စပေ့စ်လေးထဲမှာပဲ လှုပ်ရှားကြပေတော့လို့ ဆိုပြီး၂ဝ၁ဝ ရွေးကောက်ပွဲကို တခုတည်းသော တလမ်းသွားလမ်းကြောင်းလို ပြောသူတွေက ပြောနေကြပါတယ်။ ဒီလိုအနေအထားအောက်မှာ နအဖ ဗိုလ်ချုပ်တွေဟာလည်း နေမြင့်လေ အရူးရင့်လေဆိုသလို အဲဒီလို မြှောက်ပြောတာ တွေကို နားထောင်ရင်း စိတ်ကြီးဝင်သထက်ဝင်၊ အတိုက်အခံတွေကို ရှိတယ်လို့တောင်မှသဘောမထားဘဲ လုပ်ချင်တာ လုပ်နေကြပါတယ်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေက တခဲနက်မဲပေးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရန်ကုန်မှာသာ တမြို့ထဲမှာသာ ဆိုင်းဘုတ်တင်ခွင့် ပေး၊ သူတို့ကိုဖားနေတဲ့ “ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်” ဆိုတဲ့ အဖွဲ့လိုဟာတွေကိုတော့ တိတ်တိတ်ထောက်ပံ့ကြေးတွေပေးပြီး တပြည်လုံးမှာ လှုပ်ရှားခိုင်းထားပါတယ်။ ဒီလိုပဲ ဗမာပြည် နိုင်ငံရေးမှာ ဘုရားကားအောက် မျောက်ကားအထက် ဖြစ်နေတာကြာပါပြီ။

စစ်အာဏာရှင်တွေရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ နီးလာလေလေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲ မဝင်ရင် ဖျက်သိမ်းပစ်မယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ကျပြီးပြီ စတဲ့ ကောလာဟလတွေ အကျယ်အပြန့် ကြားလာရပါတယ်။ ဘယ်သူကလွှင့်တယ်ဆိုတာတော့ မသိရပါဘူး။

ဒါပေမယ့် ကြက်တူရွေးထက်ကဲနေတဲ့ မယ်ဘော်တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်ခံချင် သလားလို့တောင် မောက်မောက်မာမာ၊ မိုက်မိုက်ရိုင်းရိုင်းတွေ ရေးနေကြပါတယ်။ သူတို့အနေနဲ့ ဒီလိုရေးလိုက်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း မခြောက်လှန့်နိုင်ဘူး၊ ပြည်သူလူထုကိုလည်း မျက်စိလည်အောင် မလုပ်နိုင်ဘူး ဆိုတာ သူတို့သိပါတယ်။ တကယ်က ဆရာ လုပ်တာ အကျင့်ပါနေတဲ့သူတို့ဟာ နအဖ စစ်ဗိုလ်ချုပ်တွေကို “ချလိုက်ပါတော့လား” ဆိုတာမျိုး အကြံပေး တိုက်တွန်း နေတာသာ ဖြစ်ပါတယ်။

အထက်မှာရေးခဲ့သလိုပဲ သမိုင်းဆိုတာ အသာစီးရနေတုန်း တဖက်သတ်လုပ်ခဲ့တာတွေနဲ့ချည်း ပြီးသွားတာ မဟုတ်ပါဘူး။ တန်ပြန်ကိစ္စတွေ ပေါ်ထွက်လာနိုင်ပါတယ်။ တန်ပြန်တယ်ဆိုရင် ပိုတောင်ပြင်းထန်၊ ပိုတောင် သဲသန်တတ်တယ်ဆိုတာ ကိုလည်း မမေ့သင့်ပါဘူး။ ။

No comments: