မကြာပါ။ ထမင်းတထုပ်လာပေးသည်။ ကျနော်စားချင်စိတ်မရှိပါ။ နုံးခွေပျော့ချိနေပါသည်။ ကျနော့် ရှေ့ဆက် ရင်ဆိုင်ရမည့် အခြေအနေကို စဉ်းစားသည်။ ကျနော်စဉ်းစား၍ အဖြေအပေါ်ပါ။ ထိုတနေ့ အခန်းကျဉ်း တွင် အချိန်ကုန်ခဲ့ပြီး ညမိုးချုပ် ၉ နာရီခန့်လောက်တွင် ကျနော့်အခန်းကို သော့လာဖွင့်ပြီး ခေါ်ထုတ်ပါသည်။ ကျနော့် တကိုယ်လုံးမှာ ကိုက်ခဲနာကျင်မှုကြောင့် လမ်းကောင်းစွာ လျှောက်၍ မရပါ။ ကျနော့်မျက်နှာကိုပိတ်စီးပြီး လက်ထိပ်ခတ်လိုက်သည်။
ပြီးတော့ ကျနော့်ကိုတွဲထုတ်လာပြီး ကားကြီးတစီးပေါ်သို့ တက်ခိုင်းသည်။ ကားပေါ်တွင် ကျနော်နှင့်ဘဝတူ လူ ၁၀ ယောက်ကျော်ရှိမည်ဟု ထင်ရ သည်။ အမျိုးသမီးတဦးလည်း ပါသည်။ ထိုအမျိုးသမီးမှာ ကျနော်နှင့် ရှေ့ဆင့်နောက်ဆင့် အဖမ်းခံရခြင်းဖြစ်ပြီး (တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး) ၏ ဇနီးဖြစ်မှန်း နောင်တွင် သိရသည်။
ကားကြီးတစီးနှင့် ကျနော်တို့ကိုတင်ပြီး မောင်းလာခဲ့သည်။ ညဥ့်နက်မိုးချုပ် ချိန်တွင် မည်သည့်အရပ်သို့ ခေါ်သွားမှာလဲ၊ ဘာတွေ လုပ်ဦးမှာလဲ၊ တိုးတိုးတိတ်တိတ် ခေါ်ထုတ်ပြီး သတ်ဖို့လုပ်တာလား။ ကားသည် မြို့တွင်းမှအတန်ကြာမောင်းပြီး နောက် ကျနော်တို့ကိုတင်ဆောင်လာသည့် ကားကြီးသည် ရပ်သွားပါသည်။ ကျနော်တို့ကားနားသို့ လျှောက်လာသော စစ်ဖိနပ်သံများ ကြားရသည်။ ကားပေါ်မှ တဦးချင်းတွဲဆင်သည်လို့ ထင်ရသည်။ ကျနော့်ကို တယောက် က လက်မောင်းကိုလာကိုင်ပြီး “ဆင်း” ဟု အသံပြတ် အသံမာနှင့် ပြောသည်။ ပြီးတော့ ကျနော့်ကိုတွဲပြီး ခေါ်လာသည်။ ခဏရပ်လိုက်ပြီး နောက် အသံတိုးတိုးဖြင့် …
“မင်းနာမည်”
ကျနော် နာမည်ပြောသည်။
“မင်းအဖေ နာမည်” အဖေနာမည် ပြောပြန်သည်။
“သွား” ဟု စစ်ဖိနပ်နှင့်လူကပြောပြီး တွဲခေါ်လာသည်။ အတော် လျှောက်ပြီးနောက် သူက “ငုံ့” ဟုပြောသည်။ ကျနော်က “ငုံ့” ဟုပြောသည့်အဓိပ္ပာယ်ကို မရှင်းသည့်အတွက် လက်တွေ့အဖြေကို ခံစားလိုက်ရပါသည်။ ကျနော့်နဖူးက သံတံခါးတခု ကို ဒိန်းခနဲ ဝင်ဆောင့်ပါတော့သည်။
“မင်း နားပင်းနေလား” စစ်ဖိနပ်နဲ့လူက ဟောက်ပါသည်။
သူက ဆက်ခေါ်သွားပြန်သည်။ အတန်ကြာလျှောက်ပြီးနောက် သူ့ပါးစပ် က “ကျော်”။ သူဘာပြောသည်ကို ကျနော် နားမလည်ပါ။ လက်တွေ့က ကျနော့်ကို ရှင်းပေးလိုက်ပြန်ပါသည်။ တံခါးဘောင်တခုဟု ထင်ရသည့် အရာကို ကျနော် ခလုတ်တိုက်ပြီး ဟတ်ထိုးလဲမလိုဖြစ်သွား သည်။ စစ်ဖိနပ်နဲ့လူကဆွဲထားလို့သာ လဲမသွားခြင်း ဖြစ်သည်။ စစ်ဖိနပ်သမားက ပြောပြန်သည်။
“ပြောရင် သေသေချာချာ နားထောင်”
ကျနော့်ကို ခေါ်လာသည့်တချိန်လုံး ငုံ့၊ ကျော်၊ ရပ်၊ သွား၊ ဘယ်ကွေ့၊ ညာကွေ့၊ ထိုင်၊ ထ၊ ဆက်လျှောက် ဆိုသည့် အမိန့်မျိုးစုံနှင့် ကြုံနေရ သည်။ မည်သည့်အရပ်၊ မည်သည့်အခြေအနေ၊ မည်သည့် အဖြစ်မျိုးရောက်နေ ကြုံနေ တွေ့နေရသည် မသိပါ။ စဉ်းစားမရ အောင် ရှုတ်ထွေးနေပါသည်။
ဆယ့်ငါးမိနစ်ခန့် ဤရှုတ်ထွေးပွေလိမ်လှသော အတွေ့အကြုံကို ဖြတ်သန်း ပြီးနောက် “ရပ်” ဆိုသည့်အသံကြီးနှင့် အမိန့်ပေးသံ ပေါ်လာသည်။ “အောက်ထပ်သွား” ဟု အသံပေါ်လာပြန်သည်။ ယခု “သွား” ဆိုသည့်အသံမှာ ခေါ်လာခါစအသံနှင့် မတူပါ။ လက်ပြောင်းလက်လွှဲလုပ်လိုက်ပုံရပါသည်။ ယခု “သွား”၏အသံမှာ ဒုတိယ လူတယောက်၏ အသံဖြစ်ပါသည်။
ဒုတိယလူသည် ဘာမှမပြောဘဲ ရပ်လိုက်ပါသည်။ ကျနော်လည်း သူရပ်သလို ရပ်လိုက်ပါသည်။ တခြား စစ်ဖိနပ်သံတခုက ကျနော်တို့ရပ်နေရာဆီသို့ လျှောက်လာပါသည်။ ယခုလျှောက်လာသူ စစ်ဖိနပ်ပိုင်ရှင်မှာ ပို၍အဆောင်ယောင်ရှိသူဟု ကျနော်ထင်ပါသည်။ သူ့ခါးဆီမှ “တချွင်ချွင်” “တခြွမ်ခြွမ်” အသံမျိုးစုံသည် သူလျှောက်လာ ခြင်းနှင့်အတူ ဂီတသံ မဆောင်သော အသံမျိုးစုံက လိုက်ပါလာခြင်းကြောင့် ဖြစ်လေသည်။ ကျနော်တို့ရပ်နေသော နေရာအနားသို့ အရောက်တွင် “ချွင်ချွင်” “ခြွမ်ခြွမ်” အသံလည်း ရပ်သွားသည်။
ပြီးတော့မှ ပိုပြီးရှုတ်ထွေးသော “ချွင်ချွင်” “ခြွမ်ခြွမ်” အသံက ထပ်မံ ပေါ်လာပြီးနောက် တစုံတခုထဲသို့ ထိုးထည့်လိုက်ပါ သည်။ “ဂလောက်” ဟူသော အသံပေါ်လာပြီးနောက် ကျပ်နေသော သစ်သားတံခါးတခုကို ဆွဲဖွင့်ပါသည်။ ကျနော့်လက်မောင်းကို ကိုင်ထားသူက လက်ထိပ်ကိုဖြေ၊ မျက်နှာစည်းထားသော အဝတ်ကို ဖြည်ပေးပြီး ဖွင့်ထားသော အခန်းကျဉ်း ထဲသို့တွန်းထိုးပြီး ဝင်ခိုင်းပါသည်။
ကျနော်လည်း အခုမှ စက္ခုနှစ်ကွင်း အလင်းပြန်ဆောင်လာပါသည်။ ကျနော့်ရှေ့တွင် စစ်ယူနီဖောင်းဝတ်ထားသူ ၂ ဦး၏ မျက်နှာတွေကိ ရှုတင်းတင်းနှင့် ၂ ယောက်ထဲက တယောက်ဖြစ်သည့် “ချွင်ချွင် ခြွမ်ခြွမ်” ပိုင်ရှင်မှာ လက်မောင်းတွင် အရစ် ၂ ရစ်နှင့် ကျနော်ထင်သည့်အတိုင်းပင် ဖြစ်ပါသည်။
“ချွင်ချွင် ခြွမ်ခြွမ်” ၂ ရစ်ပိုင်ရှင်မှာ များပြားလှစွာသော သော့တွဲများ၊ သော့တွဲတခုချင်းစီတွင် သွပ်ပြားအဝိုင်းတွင် ရေးထားသည့် နံပါတ်ပြား များ၊ အနှီပစ္စည်းကြီးများကို ခါးတွင် ချိတ်ဆွဲထားသည့်အတွက် အနှီပုဂ္ဂိုလ်ကြီး ကြွလေ၊ ချီလေ၊ လှမ်းလေတိုင်း “တချွင်ချွင်” “တခြွမ်ခြွမ်” နှင့် ဂီတသံမဆန်သော စိတ်ရှုတ်ထွေးဖွယ်ရာသော ခံစားမှုကို ဖြစ်ပေါ်စေပါသည်။
သော့တွဲချိတ်ထားသော ၂ ရစ်ပိုင်ရှင်က ကျနော့်ကို လက်ချာပေးပါတော့သည်။
“ကောင်းကောင်းနေ၊ ကျွေးတာစား၊ ဟိုဘက်အခန်း ဒီဘက်အခန်း မဆက်နဲ့၊ ဒီထက်ဆိုးတဲ့နေရာ ရောက်သွားမယ်၊ ထမင်းမစားရဘဲ ဖြစ်သွားမယ်”
သစ်သားတံခါးကိုပိတ်လိုက်ပြီး သူတို့ပြန်ထွက်သွားသော စစ်ဖိနပ်အသံများ ကြားရသည်။ ရှုတ်ထွေးသော အသံလည်း တိုး၍တိုး၍ ဝေးသွားသည်။ ခဏအကြာ သွပ်ပြားတံခါးပိတ်သံ ကြားရသည်။
ညဥ့်လည်းနက်ပါပြီ၊ မှောင်လည်းမှောင်ပါပြီ၊ စိတ်လည်းပင်ပန်း၊ လူလည်း ပင်ပန်းနေပါပြီ။ အခန်းထဲတွင် မှောင်နေသည်။ ကျနော်လက်နှင့် လိုက်စမ်းကြည့်ရာ ကုတင်တလုံးရှိသည်ကို တွေရသည်။ ကုတင်ပေါ်တွင် ကျနော်အသာလှဲနေလိုက်ပါသည်။ မျက်စေ့ကြောင်နေ သည်။ ကျနော်အိပ်ချင်စိတ်မရှိပါ။ ကျနော် အဖမ်းခံခဲ့ရသည့်ကိစ္စကို ပြန်စဉ်းစားသည်။ ကျနော့်ဘက်က ချို့ယွင်း ပေါ့ဆမှု မရှိခဲ့ပါ။ တနေရာရာက တယောက်၏ လစ်ဟင်း ပေါ့ဆမှုပဲလား၊ ရှင်းလင်ပီပြင်သည့်အဖြေ ကျနော် စဉ်းစား၍မရပါ။
ညဥ့်သည် တိတ်ဆိတ်နေပါသည်။ ထုထောင်းရိုက်နှက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များကြောင့် ကျနော့် တကိုယ်လုံး ကိုက်ခဲနာကျင်နေပြီး ဖျားချင်သလိုဖြစ်လာသည်။ ရေလည်းငတ်သည်။ ရေသောက်ချင်သည်။ ရေမရှိပါ။ ရှေ့ဆက်ဘာတွေ ဖြစ်ဦးမလဲ။ ဘာတွေတွေ့ကြုံရဦးမလဲ။ စိတ်ထဲက ပူပင်ကြောင့်ကြစိတ်လည်း ပေါ်လာပါသည်။
အနှောင်အဖွဲ့ခံလိုက်ရပြီဆိုသော လက်ရှိရောက်နေသည့်ဘဝကြောင့် ရင်ထဲမှာ လေးလံထိုင်းမှိုင်းလာပါသည်။ ကျနော့်ကိုယ်ကျနော် မပိုင်တော့၊ လွတ်လပ်မှုမရှိသောဘဝကြောင့် ကျနော် အားငယ်လာပါသည်။ ရေးလည်း ပိုပြီးငတ်လာသည်။ အိပ်၍လည်းမရပါ။
ကုတင်ခေါင်းရင်းဘက်တွင် ဖြည်းလေးစွာ ကျနော် ထထိုင်လိုက်သည်။ သံတိုင်ကြားမှ အပြင်ကောင်းကင်သို့ ကျနော် မော့ကြည့်လိုက်သည်။ ကြယ်ရောင်၊ လရောင်တို့ကို မမြင်ရပါ။ မိုးကောင်းကင်တပြင်လုံး တိမ်မဲတို့သည် ဖုံးအုပ်နေပါသည်။ ခဏအကြာ လေပြေလေးတချက်ဝေ့၍ သုတ်ဖြူးလိုက်သည်။ မိုးဖွဲလေးများလိုက်ပါလာသည်။ ဖွဲဖွဲ ဖွဲဖွဲနှင့် နောက်တော့ မိုးကြီးသည်းလာပါတော့သည်။ ကျနော့်တကိုယ်လုံး ချမ်းစိမ့်လာသည်။ တကိုယ်လုံး ကိုက်ခဲမှုကလည်း ပိုပြီး ခံစားလာရပါ သည်။ လှုပ်လိုက်တိုင်း သေမတတ် နာကျင်လာပါသည်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment