Thursday, November 12, 2009

အိုဘယ့် တို့မီဒီယာ (နိဂုံးပိုင်း)


အခြားခေါင်းဆောင်ကြီးတဦးက ကျနော့်ကို ပြောပြဖူးပါသည်။ သူ့ကို နယ်မြေခံသတင်းထောက်တဦးက အင်တာဗျူး လုပ်သည့်အကြောင်း၊ သူ့ကို မလေးမစား အလုပ်ခံရသည်ဟု ခံစားလိုက်ရသည့်အကြောင်း ရင်ဖွင့်ပါသည်။ ထိုသတင်းထောက်က သူ သတင်းပို့ရန် အချိန်ကပ် နေသဖြင့်၊ ပြောချင်တာတခုခု မြန်မြန် ပြောပေးရန် တောင်းဆိုသည်ဟု ဆိုပါသည်။

ခေါင်းဆောင်ကြီးက “ခင်ဗျား တခုခုတော့မေးလေ … ကျနော်က ဘာပြောရမှန်း မသိဘူးဗျ” ဟု ပြန်ပြောပါသည်။ “ရပါတယ် ကိစ္စမရှိဘူး … ဆရာ့အသံပါရင်ပြီးရော၊ ဘာပဲဖြစ်ဖြစ် ပြောသာပြောချလိုက်၊ သင့်တော်တဲ့အပိုင်းကို ကျနော်ကြည့်ပြီး ထည့်လိုက်မယ်”ဟု ပြောကြောင်း ဆိုပါသည်။ “အတော်ခွကျတဲ့လူဗျာ အသံပါရင်ပြီးရော ဆိုတော့ ကျနော် လက်ခေါက်မှုတ်ပြီး ထည့်ပေးလိုက်ရင် ကောင်းမလား ဆိုပြီး စဉ်းစားမိသေးတယ်” ဟု ကျနော့်ကို ရယ်ရယ်မောမော ပြောပြခဲ့ဖူးပါသည်။

ဒီပဲယင်းကိစ္စဖြစ်သောအခါ သတင်းတွေက အမျိုးမျိုးထွက်လာခဲ့ပါသည်။ ဖြစ်ရပ်ကြီးကျယ်ခဲ့တာကိုတော့ အားလုံး သိပြီးဖြစ်၍ အကျယ် မရေးလိုပါ၊ ကျနော်တို့ကလည်း ကျနော်တို့ ပူပန်စိတ်နှင့်မို့ အဖြစ်မှန်တွေလူထုသိဖို့ Media တွေကို အားကိုးတကြီး ချဉ်းကပ်ရပါသည်။ သတင်းအများစု မှန်ကန်ကြောင်း နောက်ပိုင်းတွင် အတည်ပြု၍ ရသော်လည်း၊ အချို့သတင်းများမှာ ခုထိအတည်မပြုနိုင်သေးပါ၊ အချို့မှာ မှားယွင်းပါသည်။

ကျနော်တို့တင်ပြသည့် သတင်းအချို့ မှားယွင်းသောအခါ အတိုက်အခံ တွေဟာ ဒီလိုပဲဆိုပြီး အပြစ်ပုံချပါသည်။ နအဖ က မဟုတ်ပါ၊ ကျနော်တို့၏ ကြားလူများက အပြစ်တင်တာ ဖြစ်ပါသည်။ ကျနော်တို့ ကလည်း အခြေအနေကို ရှင်းပြရပါသည်။ “မြန်မာပြည်မှာ စစ်အုပ်စုတက်လာကတည်းက ဘယ်သူကများ ရာနှုန်းပြည့် အမှန်အတိုင်း သိခွင့်ရလို့လဲ၊ ဘာမှအတည်ပြုလို့ မရတာ၊ အတည်ပြုဖို့ ခက်ခဲတာကိုက မြန်မာပြည်ရဲ့အခြေအနေမှန်ပဲ။ အမှန်အတိုင်း သိခွင့်မရလို့ မှားတာဟာ အပြစ်မဟုတ်ဘူး”လို့ ပြန်ပြော ခဲ့ရပါသည်။ မီဒီယာသမားအချို့က ကျနော်တို့ကို မျက်မာန်တော် ရှသွားခဲ့ပါသည်။

အတိုက်အခံ (အဖိနှိပ်ခံ) ဘက်က ရပ်တည်သည်ဟုအထင်ခံရသဖြင့် နဝတ နိုင်ငံခြားရေးဝန်ကြီးကို အင်တာဗျူး တောင်းလို့မရဘူးဆိုကာ ဝမ်းနည်းပက်လက်ဖြစ်နေပုံရသော ကျနော်တို့လူများကို မြင်ခဲ့ရ ဖူးပါသည်။ ပြည်သူ့ သစ္စာဖောက်တွေက ရန်သူလို့ သတ်မှတ်ခံ ရတာကို ဂုဏ်ယူပုံမရသည့်အပြင် ကိုယ့်ကိုယ်ကိုယ် အားငယ်နေပုံပင် ပေါက်နေပါသည်။

ကျနော်တို့ အင်အားစုတွေအနေနှင့် တလျှောက်လုံးတွင် တတ်နိုင်သမျှ လူထုဘက်ကရပ်တည်ပြီး စွမ်းသလောက် ဆောင်ရွက်ခဲ့ကြပါသည်။ ဒီကနေ့ မီဒီယာရဲ့အရေးပါမှုကိုလည်း ကျနော်တို့က အလေးထား ပါသည်။ သတိပြုမိကြပါသည်။ Media Ethic အရ ဆောင်ရွက်ကြရတာတွေ ကိုလည်း နားလည်မှုရှိပါသည်။ Media သမားတွေထဲမှာ၊ ကိုယ်ယုံတဲ့အတိုင်း မှန်မှန်ကန်ကန် ရပ်တည် လုပ်ကိုင်နေကြသူအချို့ ကိုလည်း ကျနော်တို့တွေ့ပါသည်၊၊ အချို့ဆိုလျှင် ကျနော် တလေးတစား ရှိပါသည်။ သို့သော် ကျနော် ယခု တင်ပြခဲ့သည် များမှာ ဝါးလုံးရှည်နှင့် ရမ်းလို၍မဟုတ်ပါ၊ အချို့သော ငါးခုံးမများကြောင့် တလှေလုံး မပုပ်စေလို၍ ဖြစ်ပါသည်။

ကျနော်ကတော့ ကျနော်တို့တပ်မှူးတွေကို ဒိုင်လူကြီး မဖြစ်စေချင်ပါ၊ အဖိနှိပ်ခံဘက်က ရပ်ရတာကို၊ ဂုဏ်ငယ် တယ်လို့ မခံစားစေလိုပါ။ လူထု ဦးစိန်ဝင်းတို့၊ အိုးဝေ ဦးညိုမြတို့၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့၊ အမေ ဒေါ်အမာ တို့လို လူထုဘက်က ပြတ်ပြတ်ရပ်ခဲ့တဲ့၊ မီဒီယာသမားတွေ ဖြစ်စေချင်ခဲ့သူဖြစ်ပါသည်။ ဦးချစ်မောင်ဆိုလျှင် ဘယ် နိုင်ငံရေး ပါတီအဖွဲ့အစည်းကိုမှ တရားဝင်မဝင်ခဲ့ပေမင့် လူထုဘက်ကရပ်ခဲ့သော သတင်းစာဆရာ တယောက် ဆိုသည့်ဂုဏ်ကိုမူ တောင့်တခဲ့တဲ့သူ ဖြစ်ပါသည်။

မြန်မာပြည် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် နိုင်ငံအချို့က ငွေကြေး အရ၊ ရုပ်ဝထ္တုအရ အကူအညီအချို့ပေးပါသည်။ ထိုခေါင်းစဉ်အောက် ထိုရည်ရွယ်ချက် အောက်တွင်ရှိနေသူများမှာ ကျနော်တို့နှင့် တလှေထဲစီး တခရီးထဲသွားကြသူများဟု ကျနော်တို့က ရိုးရိုးသားသား ယုံကြည်ပါ သည်။ ကျနော်တို့ ရဲဘော်ရဲဘက်များဟုလည်း သုံးစွဲလိုပါသည်။

ထို့ကြောင့်ပင် အချို့အင်အားစုများကို ကျနော်တို့ မီဒီယာဟု ဆိုလိုရခြင်း ဖြစ်ပါသည်။ သည်အဆိုကို သီအိုရီအရ သုံးစွဲတင်ပြခြင်းမဟုတ်ပါ။ လတ်တလော အခြေအနေအောက်မှ ကျနော်တို့ ပြည်သူလူထု အကျိုးစီးပွားကို ချဉ်းကပ်သုံးစွဲခြင်းသာ ဖြစ်ပါသည်။ အားလုံးကိုယ်စီမှာ မိမိနှစ်သက်ရာ သင့်တော်သော နည်းလမ်းပေါင်းစုံ၊ နည်းနာပေါင်းစုံကို ကျင့်သုံးနိုင်ခွင့်ရှိကြပါသည်။ သို့သော် မည်သည့်နည်းနာကမျှ သေနင်္ဂဗျူဟာကို သစ္စာ မဖောက်သင့်ပါ။

တတ်နိုင်သလောက် ချုပ်၍ဖော်ပြပါမည်။ ရန်သူက မီဒီယာတင်းပုတ်ကြီး နှင့် လူထုကို မညှာမတာ ထုပါသည်။ ကျနော်တို့က မဆိုစလောက်သော မီဒီယာသွားကြားထိုးတံကလေးဖြင့် ပြန်တွန်းလှန် နေရသော အခြေအနေ ဖြစ်ပါသည်။ သွားကြားထိုးတံလေးမှာမှ ယိုင်နဲ့နဲ့ဖြစ်နေရလျှင် ကျနော်တို့ ဘယ်တော့မှ နာလံထူကြတော့မှာ မဟုတ်ပါ။ ကျနော့်အနေဖြင့် ဘယ်သူဘယ်ဝါ ပုဂ္ဂိုလ်ရေးရာပြောဆိုရန် ဆန္ဒလုံးဝမရှိပါ။ မူသဘောများကိုသာ အဓိက ပြောလိုပါသည်။

ကျနော်တို့ အယူအဆက ဒီမိုကရေစီတော်လှန်ရေး ခရီးစဉ်အောက်မှာ မီဒီယာသမားတိုင်းက အဖိနှိပ်ခံ လူထု ဘက်ကသာ ပြတ်ပြတ်သားသား ရပ်စေချင်ပါသည်။ ဒီမိုကရေစီဆန့်ကျင်သူနှင့် ဒီမိုကရေစီလိုလားသူတို့၏ ပဋိပက္ခ ပိုများလာလေလေ မီဒီယာ၏ အရေးပါမှုက ပိုလာလေလေဖြစ်မှာ သေချာပါသည်။

သည်ဆောင်းပါးကို ရေးသားရသည်မှာလည်း ကျနော်တို့လူတွေကို ပိုမိုဦးတည်၍ မေတ္တာရပ်ခံသည့်သဘော ဖြစ်ပါသည်။ မကသော အရုပ်များ ကြိုးရှုပ်နေသည်ကိုတော့ ကျနော်တို့ တားနိုင်မည်မဟုတ်ပါ၊ မီဒီယာသည် ပြည်သူ့အတွက် ဖြစ်စေလိုသော စေတနာဖြင့် ဤစာကို ရေးပါသည်။ ။

လူ့ဘောင်သစ် ဂျာနယ်

အတွဲ ၈ အမှတ် ၁

အောက်တိုဘာလ ၂၀၀၃ ခုနှစ်


1 comment:

Moe Cho Thinn said...

ကိုယ့်အချင်းချင်း နင်ပဲငဆ ပြောကြတဲ့အထဲမှာ အခုလို ယဉ်ယဉ်ကျေးကျေး မေတ္တာစာကို ဖတ်ရတာ မင်္ဂလာတပါးပါပဲရှင်။ ကျေးဇူး အများကြီး တင်ပါတယ်။ စာတွေဆက်ဖတ်ချင်ပါသေးတယ်။