Monday, November 16, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄)

ကျနော့်ကျောပြင်မှဒဏ်ရာသည် သွေးစီးနှင့် အင်္ကျီတွင် ကပ်နေသည်။ နာကျင်ခံခက်လှပါသည်။ ကျနော့် ပုဆိုးနွမ်းလေးနှင့် အသာလေးခွေပြီး ပုဆိုးခြုံနှင့် ကွေးနေသည်။ ကျနော်မျက်လုံးမှိတ်ပြီး အိပ်ပျော်ရန် ကြိုးစား သည်။ အိပ်၍မပျော်ပါ။ အသာလေး မှေးနေပါသည်။ မည်သည့် အချိန်က အိပ်ပျော်သွားသည်မသိပါ။ ကျနော့်ခြေရင်း “ချွင်ချွင် ခြွမ်ခြွမ်” “ဂလောက် ဂလောက်” အသံကြား၍ လန့်နိုးလာသည်။

ကျပ်နေသောတံခါးကို ဆွဲဖွင့်သည်။ တံခါးပွင်သွားသောအခါ ကုလားကြီး တယောက် အခန်းထဲဝင်လာသည်။ အခန်းခြေရင်းတွင် အညစ်အကြေးစွန့်သော မိလ္လာပုံးကို ကုလားကြီးက ယူထုတ်ပြီးတော့ မိလ္လာပုံးကို ပြန်လာ သွင်းသည်။ အခြားဆီများမှ “ချွင်ချွင် ခြွမ်ခြွမ်” “ဂလောက် ဂလောက်”အသံများ အကြိမ် ၂၀ ခန့်ကြားရသည်။ ကျနော်တွေးကြည့်သည်။ ဧကန္တတော့ ငါ့လိုပဲ အချုပ်ခံနေရတဲ့လူ အခန်းပေါင်း ၂၀ လောက်ရှိမယ်ထင်တယ်။

နာရီဝက်ကျော်ကျော်အကြာတွင် အခန်းတံခါး ထပ်ဖွင့်သံကြားရပြီး ရေအိုးငယ်တလုံးကို အစောပိုင်းက မိလ္လာစွန့်ပေးသော ကုလားကြီးက ယူသွင်းလာပြီး ခေါင်းရင်းဘက်တွင် လာချသွားသည်။ ပြီးနောက် တံခါး ပြန်ပိတ်သွားသည်။ ရေအိုးမြင်မှ တညလုံး ရေငတ်သည့်ဝေဒနာ ပြန်ပေါ်လာသည်။ ရေအိုးကိုကြည့်လိုက်သည်၊ ခွက်မရှိပါ။ ရေအိုးရှိသည့် ခေါင်းရင်းဘက် ကျနော် သွားပြီးထိုင်လိုက်သည်။ အိုးနှုတ်ခမ်းကိုကိုင်၍ ခေါင်းငုံ့ကာ အိုးကိုစောင်း၍ ရေကိုတဝသောက် လိုက်ပါသည်။

အခန်းခေါင်းရင်ဘက် သံတိုင်တံခါးအပေါက်ဝရှိရာ ကုတင်တွင် ကျနော် ထိုင်ပြီး အခန်း၏အခြေအနေကို လေ့လာမိသည်။ ၈ ပေ၊ ၄ ပေ အင်ကညင် အထပ်သား ၂ ချပ်ကိုယှဉ်ပြီး ဆက်ရက်ကပ်ရိုက်ထားသည်။ ၎င်းအထပ်သားအတွင်းဘက်တွင် ၄x၂ သစ်သားတန်းများကို ထောင်လျက် သစ်သားတန်း တချောင်းနှင့် တချောင်း ၄ လက်မခန့် ခြားထားသည်။ ဤသစ်သားတန်းများအား အခန်းပတ်လည် ဖွဲ့၍ရိုက် ထားပြီး ၎င်းသစ်သားတန်းအပြင်ဘက်တွင် ၈ ပေ၊ ၄ ပေ အထပ်သား ဖြင့် ကပ်ရိုက်ထားခြင်းဖြစ်သည်။

အခန်းအပေါက်ဝ၏အပြင်ဘက် ၁၅ ပေအကွာလောက်တွင် ၁၀ ခန့် မြင့်သည့် သွပ်ပြားဖြင့်ကာထားသည်။ သွပ်ပြားအပေါ်မှ လှမ်းမျှော်ကြည့် လိုက်ရာ သွပ်ခေါင်မိုးသာ လှမ်းမြင်ရသည့် ပေ ၁၀၀ ခန့်ရှည် တန်းလျားတခုကို လှမ်း၍မြင်နေရသည်။ ကျနော်ရောက်နေသော အချုပ်ခန်းမှာလည်း ခေါင်မိုးကိုလှမ်းမြင်ရသည် တန်းလျားမျိုး ဖြစ်မည်ဟု ခန့်မှန်းမိသည်။

နံနက် ၉ နာရီလောက်တွင် သွပ်ပြားတံခါးဆွဲဖွင့်သံ ကြားရသည်။ စစ်ဖိနပ်သံ သုံးလေးခုကြားသည်။ “ချွင်ချွင် ခြွမ်ခြွမ်” အသံကတော့ မပါမပြီးပါ။ တခန်းပြီးတခန်း ဖွင့်သံကြားရသည်။ ခဏအကြာတွင် ကျနော့်အခန်းကို ဆွဲဖွင့်သည်။ စစ်သားတယောက်က ဝက်သား၊ အမဲသားစားလား မေးသည်။ ကျနော်က စားပါသည်ဟု ပြန်ဖြေသည်။ စစ်သားက ပြန်လှည့်သွားပြီး ထမင်း တပန်းကန်၊ မတ်ခွက်နှင့် ပဲဟင်း တခွက် ယူလာသည်။ ကျနော် လှမ်းယူလိုက်ပြီး အခန်းတွင်းသို့ ပြန်ဝင်သည်။ ကုတင်ခြေရင်းတွင် ထမင်းပန်းကန်နှင့် မတ်ခွက်ကို ချထားလိုက်သည်။ ထမင်း၊ ဟင်းကိုကြည့်ပြီး ကျနော့်ခေါင်းထဲ အသိတခု ဝင်လာသည်။

အချုပ်အနှောင်ဘဝနှင့် စားရ သောက်ရတော့မှာပါလား၊ လွတ်လပ်သည့် ဘဝမဟုတ်ပါလား ဆိုပြီး ကျနော် စိတ်ထိခိုက်မိသည်။ ချက်ချင်း ကျနော်ကိုယ် ကျနော် ပြန်အားပေးသည်။

ငါအခုစားရတဲ့ အချုပ်အနှောင်ထမင်းဟာ ဒါဟာ ငါ့ဘဝမှာ ပထမဦးဆုံး ထမင်းတနပ်ပဲ။ တော်လှန်ရေးလုပ်ရင် ထောင်ကျမယ်၊ အဖမ်းခံရမယ်၊ နှိပ်စက်ညှဉ်းဆဲခံရမယ်၊ သတ်ပစ်တာလည်း ခံရနိုင်တယ်။ ငါ အင်မတန် လေးစားကြည်ညိုတဲ့ ဆရာ ဗန်းမော်တင်အောင်ဆိုရင် ဘဝတလျှောက် လုံး ထောင်ထဲမှာပဲ အနေများခဲ့ရတယ်။ ငါက အခုမှ ထောင်ထဲရောက် လာတဲ့လူပဲ။ ငါဟာ ဆရာဗန်းမော်တင်အောင်ရဲ့ စာပေနဲ့ ကြီးပြင်းလာတဲ့သူပဲ၊ ငါဟာ ဆရာ့စာပေ ဆရာ့အတွေးအခေါ်ရဲ့ ပညာပေးမှုကြောင့် ဒီတော်လှန်ရေးလမ်းကြောင်းပေါ်ကို ရောက်လာတာ ပဲ။ ဒီဘဝကို ဂုဏ်ယူရမှာဖြစ်တယ်။ မြတ်နိုးရမှာ ဖြစ်တယ်။ ဒီလိုပျော့ညံ့တဲ့စိတ်မျိုး ငါ့ခေါင်းထဲက ဘယ်တော့မှ လက်မခံဘူး။

အဲဒီနေ့ကစပြီး နောက်နေ့၊ နောက်ရက်၊ နောက်လ အကုန်ပြောလိုက် ရင်တော့ ထောင်ထဲမှာနေခဲ့ရတဲ့ နှစ်တွေကာလပတ်လုံး ကျနော် ဘယ်တော့မှ စိတ်ဓာတ်မကျတော့ပါ။ လွတ်မြောက်ရာလမ်း ကိုသာ အမြဲတမ်း ကြံစည်နေပါတော့တယ်။

နောက်ရက်များမှာ ထမင်းကျွေးဖို့ စစ်သားတွေက တံခါးဖွင့်ပြီး မေးပါသည်။

“ဘာစားသလဲ”

ကျနော်က “အကုန်စားတယ်၊ များများထည့်”

အစောင့်စစ်သားတွေထည့်ပေးသမျှ ကျနော် အကုန်စားပစ်ပါသည်။

သုံးလေးရက်ကြာသော် နည်းနည်းနေသားကျလာပါသည်။ ညနေပိုင်း ထမင်းလာကျွေးချိန်ပြီးလျှင် တညနေခင်းလုံးနှင့် ညဦးအထိ အားနေပါ သည်။ ကျနော်လည်း ပတ်ဝန်းကျင်းကို စူးစမ်းလေ့လာခြင်းအမှု ပြုပါတော့သည်။ ကျနော်တို့နေတဲ့ အဆောင်က ဘယ်လိုပုဂ္ဂိုလ်တွေလဲ ဆိုတာ သိချင်သည်။ ကျနော် လေ့လာစူးစမ်းမှုအရ ကျနော်ညာဘက် ကပ်ရပ်အခန်းက ဒေါက်တာမင်းသိန်း၊ ဒေါက်တာမင်းသိန်းနဲ့ကပ်ရပ် အခန်းက ကိုအောင်မြင့်၊ ကျနော့်ကပ်ရပ် ဘယ်ဘက်အခန်းက တကသ ကိုရဲမြင့်တို့ ဖြစ်ပါသည်။

တပတ်ခန့်အကြာတွင် မနက်တိုင်း မိလ္လာချခြင်းကိစ္စနှင့်အတူ စစ်သား တွေက ကျနော့်ကို ရေချိုးထုတ်ပါသည်။ အဆောင် အပြင်ဘက်တွင် ကပ်လျက်ရှိသည့် သွပ်ပြားနှင့်ကာထားသော အခန်းဖြစ်သည်။ လေးငါးနှစ်သား ရေချိုးသလို ချိုးပါသည်။ ရေချိုးထွက်တော့မှ ကျနော်တို့နေသည့် အချုပ်ဆောင်အနေအထားကို လေ့လာမိပါ တော့သည်။ အဆောင်အလယ်မှ ၅ ပေ ခန့်အကျယ် စင်္ကြံလမ်း တဖက်တချက်တွင် ၁၀ ခန်းစီရှိ အချုပ်ခန်းအခန်း တခုနှင့်တခု အကြားတွင် ၂ ပေခန့်ရှိသော သော့ခလောက်တခု ခတ်ထားသည့် ဘာမှန်းမသိသောအခန်းတခု ကိုရဲမြင့်နှင့် ကျနော့်အခန်း ကြားတွင် ဤကဲ့သို့ ဘာမှန်းမသိရသည့် သော့ခလောက်နှင့် တခန်း၊ ဒေါက်တာ မင်းသိန်းနှင့် ကျနော့်အကြားတွင် အလားတူ ဘာမှန်းမသိရသည့် သော့ခလောက်နှင့်တခန်း၊ ရင်ကွဲ အချုပ်ဆောင်တခုလုံးတွင် အချုပ်ခန်း ၂၀ ရှိရာ ဘာမှန်းမသိရသော သော့ခလောက်နှင့် ၂ ပေခန်းသည်လည်း ၂၀ ပင်ရှိပါသည်။

နောင်သော် ဤကြီးမားရှုတ်ထွေးလှသော ခြောက်ခြားကြောက်မက် ဖွယ်ရာအတိပြီးသည့် ဤအချုပ်ဝင်းကြီးအတွင်း ဟိုရောက်ဒီရောက်၊ ဟို့ရွှေ့ဒီရွှေ့ ဟိုလူနှင့်ခဏနေရ ခဏတွေ့ရ၊ ဒီလူနှင့် ခဏနေရ တွေ့ရသောကြောင့် ဘာမှန်းမသိရသည့် သော့ခလောက်နှင့် ၂ ပေခန်းမှာ “မတ်တပ်ခေါင်း” ဟု သိလာရပါတော့သည်။

မတ်တပ်ခေါင်းမှာ တင်စားခေါ်ဝေါ်မှု ဖြစ်ပါသည်။ အမှန်က ၂ ပေပတ် လည်သာရှိသည့် မတ်တပ်အချုပ်ခန်း ဖြစ်ပါသည်။ ဤ ၂ ပေပတ်လည် မတ်တပ်အချုပ်ခန်းထဲသို့ လူတယောက်ကိုထည့်ပြီး ချုပ်ထားလျှင် ထိုင်လို့ လည်းမရ၊ လှဲနေဖို့ကတော့ လုံးဝမဖြစ်နိုင်။ ဤပုံစံနှင့်ထည့်ပြီးချုပ်ထားလျှင် ၅ နာရီ ၆ နာရီကြာ ထည့်ချုပ်ထား ပါက မတ်တပ်အချုပ်ခန်းကို ပြန်ဖွင့်ပေးလိုက်သည်နှင့် အချုပ်ခံရသူမှာ သွေးလေတောင့်ပြီး မဟန်နိုင်တော့ဘဲ ဘိုင်းခနဲ ပစ်လဲပါတော့သည်။

ဤအချုပ်ဝင်းကြီးထဲတွင် ကြုံခဲ့ကြားခဲ့ရသူများ၏ပြောပြချက်အရ အခန်း ထဲတွင် ရေဒူးခေါင်းလောက်အနက်ရှိ အချုပ်ခန်းမျိုး၊ အခန်းထဲတွင် ရေထည့်ထားပြီး အုတ်ခဲသုံးလေးခဲကို ရေနှင့်လွတ်ရုံထားသည့် အချုပ်ခန်း မျိုး၊ အလင်းနှင့် နှိပ်စက်သည့်အခန်း၊ စိတ်ကူးရလျှင်ရသလို နှိပ်စက်သည့် နှိပ်စက်နည်းမျိုးစုံတို့ဖြင့် စုံလှပါသည်။

မြန်မာပြည်သူတို့ ဤအချုပ်ဝင်းကြီး၏နာမည်ကိုကြားရုံနှင့် ကျောချမ်း အောင်ကြောက်သွားရသော အချုပ်ထောင်ကြီးမှာ အခြား မဟုတ်ပါ။ နာမည်ဆိုးနှင့်ကျော်ကြားလှသော ရေကြည်အိုင် ဗဟိုထောက်လှမ်းရေး အချုပ်ထောင်ပင်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမယ်။

No comments: