ကျနော်တို့ကတော့ တိုက်ကထွက်သွားတာ။ အဲဒီတော့ ထောင်ထဲမှာဖြတ်သွားတော့ ထောင်ကျတွေက ငေးနေတာပေါ့။ ငေးနေတော့ ကျနော်တို့ကို လွှတ်ပြီ လွတ်ပြီမှတ်လို့ သူတို့က ဝမ်းသာလို့၊ ပြုံးလို့ နှုတ်ဆက်နေကြတာ။ “ကျွတ်ပြီ … လွတ်ပြီ” လို့ တချို့လည်း တိုးတိုးလေး လှမ်းပြောတယ်။ ကျနော်တို့ကတော့ ကိုယ့်အကြောင်းကိုယ်သိနေတော့ လွှတ်တာတော့ မဖြစ်နိုင်ဘူး၊ ဘာဖြစ်မလဲ စောင့်ကြည့်ရဦးမယ်ဆိုတာတော့ အောင့်မေ့တယ်။
အဲလိုနဲ့ ထောင်ထဲက ဒီလိုထွက်လိုက်တော့ ကျနော်တို့ ဘယ်ပို့လိုက်လဲဆိုတော့ မန္တလေး နန်းတွင်းထဲမှာရှိတဲ့ စစ်ထောင်ထဲကို ပို့လိုက်တယ်။ နဂိုကတည်းကလည်း စစ်ထောင်မှာ ရှိနေပြီးသား။ ဘယ်သူတွေရှိလဲဆိုတော့ စောစောက ပြောတဲ့ ၆၇ ခုနှစ် ဒုတိယသပိတ် ဆန္ဒပြပွဲ ဖြစ်ပြီးတဲ့အခါကျတော့ အဲဒီမှာ တက်ကြွတဲ့လူတွေကို စစ်ထောင်ကို ပို့ပစ်လိုက်တယ်။ အဆောင်ပေါ်က လူတွေကို။ တိုက်ထဲကလူတွေကတော့ ပို့ဖို့ မလိုဘူး၊ နဂိုကတည်းကတိုက်ထဲကမို့လို့။ စစ်ထောင် ခွဲပို့လိုက်တယ်။ အဲဒီမှာလည်း အများစုက ကျောင်းသားတွေပဲ။ အဲဒီတော့ စစ်ထောင်မှာ ကျနော်တို့အားလုံး သွားပြီး ဆုံနေကြတယ်။ အားလုံးပေါင်း လူ ၃ဝ ကျော်လောက် ရှိမယ်ထင်တယ်။
အဲဒီလိုနဲ့ စစ်ထောင်မှာ ကျနော်တို့ တညအိပ်တယ်။ ဒါပေမယ့်အိပ်လို့မှ ဘာမှမကြာသေးဘူး “ထ … ထ … ထ … ထ” ဆိုပြီးခေါ်တာကို မနက်အစောကြီး ၄ နာရီလောက် ဖြစ်မယ်ထင်တယ်။ အဲဒီတော့ ကျနော်တို့ ထလိုက်သွားတော့ လက်ထိပ်တွေ ခတ်၊ ကိုယ့်ပစ္စည်းကိုယ်ဆွဲ ကားပေါ်တင်ခေါ်သွားတော့ ခဏလေးပဲ ရောက်သွားတယ်။ မန္တလေးသားပဲ မန္တလေးနန်းတွင်းအကြောင်းတော့ သိနေတာပေါ့။ အဲဒီ မန္တလေးနန်းတွင်းထဲက မတ္တရာ မီးရထား လမ်းဘေးမှာ ကားတွေကို ရပ်လိုက်တယ်။ အဲဒီမှာက မီးရထားတွဲလေးတတွဲ ငုတ်တုတ်ကလေး၊ အမှောင်လေး ထဲမှာ ရှိနေတယ်။ “ရထားပေါ်တက်၊ ရထားပေါ်တက်” ဆိုတော့ အားလုံး ရထားပေါ်တက်လိုက်ကြတာ။
အဲဒီတော့ အဲဒီ အမှောင်ထဲမှာပဲ တွဲလေးငုတ်တုတ်နဲ့ ကျနော်တို့တတွေ ငုတ်တုတ်ကလေးထိုင်ပြီး စောင့်နေကြ တာ။ ခဏနေတော့မှ ခေါင်းတွဲတတွဲလာပြီး ‘ဂျိမ်း’ ဆိုပြီး ကျနော်တို့တွဲကို ဆက်တယ်။ ဆက်ပြီးတော့ ခုတ်ပြီး ခေါ်သွားတာ။ ခေါ်သွားပြီးတော့ ကျနော်တို့ကို မန္တလေးဘူတာကြီးထဲဖြတ်၊ ဖြတ်ပြီးတော့ ဟိုဘက် ဘူတာကြီး ဟို နံပါတ် ၁ ပလက်ဖောင်းကျော်ပြီးတော့ ဟိုဘက်တနေရာမှာသွားပြီး ရပ်ထားတာ။ အကုန်လုံး ပြတင်းပေါက်တွေ ရော၊ တံခါးတွေရော အကုန်လုံး ပိတ်ထားတာ။ ကျနော်တို့အတွဲထဲမှာတော့ တံခါးပေါက် ၂ ပေါက်နေရာမှာရော၊ အထဲမှာရော (SB ကလူတွေလို့ ထင်ရတယ်) အကုန်လုံး စောင့်နေတာ ပါလာတယ်။ သူတို့ကလည်း ခြောက်လုံးပြူး အတိုလေးတွေ ပါကြတယ်။
အဲ …သူတို့က ဒီမှာစောင့်နေတယ်။ ခဏနေတော့ ကျနော်တို့တွဲကို နောက်ကကျန်တဲ့ ခရီးသည်တွဲတွေနဲ့ ဆက်လိုက် တယ်။ ဆက်လိုက်ပြီးတော့ မနက်အစောကြီးမှာ မန္တလေးကထွက်လာတာ။ မန္တလေး-ရန်ကုန် ‘ရွှေဂုံမေ’ နေ့ချင်းပေါက် ရထားကြီးနဲ့ ကျနော်တို့ကို ခေါ်သွားတာ။ အဲဒါ လမ်းမှာကျတော့ သူတို့ မီးရထားရပ်မယ့် ဘူတာရောက်လို့ရှိရင် ပြတင်းပေါက်တွေ ပိတ်တယ်၊ တံခါးတွေပိတ်တယ်။ နို့မို့လို့ရှိရင်တော့ ဖွင့်ထားတာ၊ လက်ထိပ်ကတော့ ဖြုတ်မပေးဘူး။ ထမင်းစားရင်တောင် ဖြုတ်မပေးဘူး။
အဲဒါနဲ့ ရန်ကုန်ဘူတာကြီးကျတော့ မှောင်နေပြီ။ ဝင်သွားတော့ ကျနော်တို့လာတုန်းက အမြန်ပဲ။ ဘူတာကြီး ဝင်တုန်းရှိသေး၊ ရပ်ခါစရှိသေး၊ အမြန် နောက်တွဲတွေနဲ့ ကျနော်တို့ကိုဖြုတ်ပြီး ခေါင်းတွဲက ကျနော်တို့ကို မောင်းခေါ်သွားတာ။ မောင်းခေါ်သွားတာ ဟိုး … ချောင်ထဲမှာ သွားရပ်ထားတာ။ သမ္မတရုံတောင် လှမ်းမြင်နေရ တယ်။ သမ္မတရုံနဲ့ မဝေးတော့ဘူး။ အဲဒီမှာ ဘယ်သူမှလည်း မရှိဘူး။ အဲဒီ ကျနော်တို့နဲ့ အတူပါလာတဲ့ အဲဒီ SB ကလူတွေ သူတို့လောက်ပဲ ရှိတယ်။ သူတို့ စောင့်နေကြတယ်။ အဲဒီမှာ တနာရီကျော်လောက် ကြာမယ် ထင်တယ်။
ခဏနေတော့မှ ကျနော်တို့အားလုံးကို ဆင်းခိုင်းတယ်၊ ထောင်ကားတစင်းပေါ် တက်ခိုင်းတယ်။ ထောင်ကားက တစင်းတည်းရယ်၊ အဲ လူက ၃ဝ ကျော်။ အို … မွန်းသိပ်နေတာ။ ဗိုက်ကလည်းဆာပြီ။ အဲဒီကားနဲ့ ခေါ်သွားတဲ့ အခါမှာ ဖြစ်ချင်တော့ ခုနက လူငယ့်တပ်ဦးက ရဲနီဝင်းမြင့် (မန္တလေးက ဒုတိယနှစ်၊ စန္ဒယားသင်တန်း၊ ပန်တျာ ကျောင်းသား) ကိုဝင်းမြင့်က ‘တက်’ ပါလေရောဗျာ။ ဟာ … တက်တဲ့အခါကျတော့ ကျနော်တို့လည်း ဘာလုပ်ရ မှန်း မသိဘူး။ ဂစ် ဂစ် … ဂစ် ဂစ်နဲ့ တက်တာ။ သူက ခရီးပင်ပန်းတာလည်းပါ သူ့နဂိုကလည်း ကျန်းမာရေးက မကောင်းရှာဘူး။ အဲဒီမှာ ဒီ မွန်းကြပ်နေတဲ့အချိန် တက်တဲ့အခါကျတော့ အားလုံး အော်ကြတာပေါ့။
“ကားရပ်ပေးစမ်း” ဆိုတော့ ဒီကောင်တွေ ရပ်မပေးဘူး။ တခါတည်း အတင်းမောင်းခေါ်သွားတာ။ ကျနော်တို့နဲ့ အတူတူ ပါလာတဲ့အထဲမှာက ဟို ဒေါက်တာကူးမားဆိုတာ ရှိတယ်။ မန္တလေးက ဆရာဝန်။ သူက ဟိန္ဒူ ထင်ပါ တယ်။ ဆရာ ကူးမားကတော့ သူက ဆရာဝန်ဆိုတော့ ကုပေးချင်တယ်။ ဒါပေမယ့် ဆရာဝန်ဟာ ဆေးမရှိရင် အလကားပဲလေ။ နောက် သူက “ခင်ဗျားတို့ ဇွန်း မရှိကြဘူးလား၊ ခင်ဗျားတို့ ဇွန်းမပါကြဘူးလား။ အဲဒီ ဇွန်းတချောင်းနဲ့ ပါးစပ်ကို ကန့်လန့်ထား။ ဟို … သူ့ရဲ့သလိပ်က ပြန်ပြီးတော့ သူ့ရဲ့အသက်ရှူတဲ့လမ်းကြောင်းမှာ မပိတ်မိအောင် ကန့်လန့်ထား။ ခေါင်းကို စောင်းထား” အဲဒီလောက်ပဲ သူ ပြောနိုင်တာ။ ဟာ … အဲဒါနဲ့ ကျနော်တို့ တထိတ်ထိတ်နဲ့ ကိုဝင်းမြင့် အဲဒီ တက်လျှက်တန်းလန်းကြီးနဲ့ ခေါ်လာတာ၊ အဲဒီ အင်းစိန်တွဲဖက်ထောင်အထိပဲ။
အဲဒါနဲ့ အင်းစိန်တွဲဖက်ထောင်ကို ကျနော်တို့ရောက်လာရော။ အဲဒီ တွဲဖက်ထောင်ထဲကို သူတို့ ထည့်လိုက်တယ်။ ၂ ဆောင်။ ညကြီး ရောက်တာ၊ ဗူးဝမှာတင် နာမည်တွေ ဘာတွေမေး၊ နည်းနည်းပါးပါး ဆူဆဲဟိန်းဟောက်၊ တချို့ကျလည်း နည်းနည်းပါးပါး ရိုက်လိုက် ကန်လိုက်ဆိုတာလေး ပြုထင်ပါရဲ့။ တွဲဖက်ထောင်ထဲ ရောက်သွား တော့ ကျနော်တို့အရင် ရောက်နေကြတဲ့လူတွေ ရှိတယ်။ အားလုံးဟာ အထက်ဘက်ကလာတဲ့ ထောင်အသီးသီး လာတဲ့လူတွေချည်းပဲ။ မှတ်မိသလောက်ဆို … ကသာထောင်က ပါတယ်ဗျာ၊ သရက်ထောင်က ပါတယ်၊ မြင်းခြံထောင်က ပါတယ်။ တခြားလည်း ပါသေးတယ်ထင်တယ်။ အားလုံးပေါင်း ၁ဝဝ နီးပါးလောက်ရှိမယ် ထင်တယ်။
အဲဒီတော့ အဲဒီထောင်ထဲမှာ နေရတဲ့အခါကျတော့ သူတို့ဘက်က အပြတ်ဆုံးဖြတ်ချက် ချပြီးသားဖြစ်နေပြီ။ အဲဒီကျတော့ နည်းနည်းလေးမှကို လူလိုမဆက်ဆံတော့ဘူး။ အမြဲတမ်း ဟိန်းဟောက် ငေါက်ငမ်း။ နာမည် ခေါ်တာကအစ စော်ကား မော်ကားခေါ်။ နောက် ကျနော်တို့ကို အမျိုးမျိုးသရော်၊ နှိမ်။ အဲလိုပဲ ပြောဆို ဆက်ဆံ ပြီးတော့ အဲဒီထဲမှာ ကျနော်တို့ တပတ်ကျော်လောက်နေရတယ် ထင်တယ်။
အဲ … အင်းစိန်ထောင်ထဲမှာပဲ ကျနော်တို့ကို နောက်တခါ ထပ်ပြီးတော့ စာမေးပွဲစစ်ပါလေရော။ စာမေးပွဲ စစ်တယ် ဆိုတာ စောစောကပြောသလိုပဲ သူတို့ မေးခွန်းပုံစံတွေပေးပြီး ဖြေခိုင်းတာ။ ဖြေခိုင်းတာ အရင်ဟာနဲ့ တထပ်တည်းပဲ။ အဲဒါတွေ ကျနော်တို့ ရေးပေးရတယ်။ ရေးပေးပြီးတော့ ဘာမှမကြာပါဘူး၊ နောက်ထပ် ၂ ရက် လောက်ကြာတယ် ထင်တယ်။ အဲဒီညကြီးမှာ သူက ည ၁၁ နာရီလောက် ထင်တယ်။ ဖေဖော်ဝါရီ ၁ဝ ရက်လား၊ ၁၁ ရက်လား မသိဘူး။ ညကြီးမှာ လာခေါ်တာပဲ။ အဲ … ထောင်ရဲ့ဥပဒေဆိုတာက ညနေ ၆ နာရီ လူစစ်၊ ထောင်ပိတ်ပြီးရင် လူအထုတ်အသွင်း လုံးလုံး မလုပ်ရတော့ဘူး။ ဘာမှမလုပ်ရဘူး။ အပြင်အချုပ်တွေမှာပဲ ထားပဲ။ ဒါတလျှောက်လုံးလိုက်နာတဲ့ ဥပဒေ။
ဒါပေမယ့်ဗျို့ … အဲဒီညကတော့ ပြောမနေနဲ့။ ည ၁၁ နာရီ ၁၂ နာရီလောက် ကျနော်တို့အားလုံးကို ခေါ်ထုတ်တာ။ အဲဒီတော့ ကျနော်တို့က ၂ ဆောင်။ ၁ ဆောင်က လူတွေလည်း ပါတယ်ဗျို့။ နောင်မှ ပြန်ပြီးတော့ ကျနော်တို့ သိရတာ။ အဲဒီတော့ ကျနော်တို့ အဆောင်ကထွက်လာတယ်ဆိုတာ ည။ ကြယ်တွေကတဖွေးဖွေးနဲ့။ အဲ … ညရဲ့ လေလေးက အင်မတန်မှကို သာယာတာကိုးဗျ။ ကျနော်တို့က တလျှောက်လုံး တိုက်ခန်းကြီးပဲနေလာတဲ့ အခါကျတော့ ဒီလို လေပြည်လေညင်းရတော့ အမယ် … လန်းဆန်းလိုက်တာ အောက်မေ့တယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment