Thursday, September 10, 2009

ကျောင်းသား ထောင် တော်လှန်ရေးသမား



မျက်နှာဖုံး
နေဇော်နိုင်

အုပ်ရေ
၅၀၀

ပုံနှိပ်ခြင်း
၂၀၀၄ မေ

တန်ဖိုး
Rs. 30/-

ထုတ်ဝေဖြန့်ချိရေး
Study Desk Publication
52 – D, JG-III, Vikas Puri,
New Delhi.110018 India
maungpauk@yahoo.com

ကိုကိုးကျွန်းဖျက်သိမ်းရေးတိုက်ပွဲမှာ အသက်ပေးစွန့်သွားတဲ့

ရဲဘော်သိန်းကြည်
ရဲဘော်အုန်းမော်
ရဲဘော်ချစ်ဆွေ
ရဲဘော်ထွန်းမြင့်
ရဲဘော်စိန်ချင်း
ရဲဘော်မောင်မောင်စိုး
ရဲဘော်လေးမောင်နဲ့
ရဲဘော်ထွန်းဝင်း တို့ကို ဒီစာအုပ်နဲ့ ဂုဏ်ပြုအပ်ပါတယ်။

ကျေးဇူးတင်စကား

ကျနော့်ကို ဒီဗွီဘီက ကိုကိုးကျွန်းအကြောင်းနဲ့ ထောင်ဖြတ်သန်းမှုတွေအကြောင်းကို ‘ထောင်မှတ်တမ်း၊ ကျွန်းအတိတ်၊ တိုက်ပွဲပုံရိပ်လွှာ’ ဆိုပြီး အစီအစဉ်လေးတခုကို ပြောခိုင်းတော့ ကျနော်က လိုလိုလားလားပဲ သဘောတူခဲ့ပါတယ်။ ကြိုးစားပြီးလည်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျနော့်ခေါင်းထဲမှာ စာအုပ်တအုပ်အဖြစ် ထုတ်ဖို့ မစဉ်းစားခဲ့ပါဘူး။

ဒီလိုနဲ့ အသံလွှင့်နေတာ အတော်ကြာလို့ အပိုင်း ၂၀ ကျော်ရောက်တော့မှ စာအုပ်ထုတ်ရအောင်လား၊ စာအုပ်ထုတ်ခွင့်ပြုပါလို့ ပြောလာသူတွေ ကြုံရပါတယ်။ ကိုကိုးကျွန်းကိစ္စကို ဖော်ထုတ်ရတာမို့ ကျနော် အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်တုန်းက ကိစ္စတွေကို ပြန်ပြောရတာဖြစ်လေတော့ ကျနော့်အနေနဲ့ မေ့ကုန်တာ၊ အမှတ်လွဲနေတာတွေ ရှိနိုင်ပါတယ်။ ညှိနှိုင်းစရာ အတူဖြတ်သန်းခဲ့သူရယ်လို့လည်း မရှိသလောက်ပါ။ နောင်မှာ ပြန်တွေ့ကြရင်တော့ ပြင်နိုင်ပါလိမ့်မယ်။ မှားတာမှန်သမျှ ကျနော်ပဲ တာဝန်ယူရမှာပါ။

ဒီစာအုပ်ဖြစ်ပေါ်လာတဲ့အတွက် ပထမဦးဆုံး ကျေးဇူးတင်ရမှာက ဒီဗွီဘီဝိုင်းတော်သားများနဲ့ ‘ကြေးမုံမှန်ကွဲများ’ အခန်းကို တာဝန်ယူသူ ကိုစိုးဝင်းညို တို့ပဲ ဖြစ်ပါတယ်။ အဲဒီနောက် သူတို့ထက်မလျော့ဘဲ ကျေးဇူးတင်ရမှာက လေလှိုင်းပေါ်ကနေ စာမျက်နှာပေါ်၊ အသံကနေ စာလုံးအဖြစ်ဖန်တီးပေးတဲ့ ကိုနန္ဒတင့်ဆွေနဲ့ သတ်ပုံသတ်ညွှန်း စိစစ်ပရုဖတ်ပေးကြတဲ့ ကိုနန်းဦးနဲ့ ကိုထွန်းထွန်းတို့ကိုပါ။

နောက်ပြီး ဘယ်လိုမှ ချန်ထားလို့မဖြစ်တာက ကျနော့်ဆီကို စာမူတွေရောက်အောင် မှန်မှန်ဂရုတစိုက်ပို့ပေးတဲ့ အမေရိကန်နိုင်ငံနေ ကိုမိုးနဲ့ မျက်နှာဖုံးပုံပန်းချီရေးဆွဲပေးတဲ့ ကိုနေဇော်နိုင် တို့ ဖြစ်ပါတယ်။

တဆက်ထဲမှာ ကိုကိုးကျွန်းသမိုင်းနဲ့ အာဇာနည်များကို လေးစားမှုအပြည့်နဲ့ အင်တာနက်စာမျက်နှာမှာ သတ်ပုံသတ်ညွှန်းပါ ပြင်ဆင်ပြီး တခမ်းတနား အခန်းဆက်ဖော်ပြပေးနေတဲ့ ကိုမြင့်လှိုင် Burma Today ဝိုင်းတော်သားများကိုလည်း ကျေးဇူး အထူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

ကိုကိုးကျွန်းတိုက်ပွဲများဟာ ဗမာပြည်နိုင်ငံရေးသမိုင်းထဲက တခုသော အနေအထား၊ တခုသောအချိန်ကာလမှာ သူ့ထူးခြားချက်နဲ့သူ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒါကို နေရာတကာမှာ ထပ်တူလိုက်လုပ်လို့မဖြစ်ပါ။

ဒါပေမယ့် အဲဒီတုန်းက အတွေးအခေါ်နဲ့ စိတ်ဓာတ်၊ အဓိကအားဖြင့် ရန်သူကို မစေ့စပ်တမ်း၊ အသေခံတိုက်တဲ့ စိတ်ဓာတ်ဟာ တော်လှန်ရေးသမားတိုင်း မုချရှိရမယ့် အတွေးအခေါ်နဲ့ စိတ်ဓာတ်လို့ ယူဆပါတယ်။ ၇၀ ခုနှစ်များနောက်ပိုင်းမှာ ဒီတိုက်ပွဲတွေအကြောင်း တိုက်ရိုက်၊ ဒါမှမဟုတ် တဆင့်စကားကြားပြီး တအားတက်ကြ၊ ကိုယ့်အတွေးအခေါ်ကိုယ် တည်ဆောက်ကြ၊ တော်လှန်ရေးသမားဖြစ်လာသူတွေ မနည်းကြောင်း သိမီသူတိုင်း မှတ်မိကြပါလိမ့်မယ်။

အခုလည်း ကျနော်တို့ ဗမာပြည် ပြည်သူများနဲ့ စစ်အစိုးရတို့ဟာ အဆုံးအဖြတ်တိုက်ပွဲကြီးတရပ်ဆီကို ဦးတည်နေကြပါ တယ်။ ဒီတိုက်ပွဲကို ကျနော်တို့ ကိုယ့်အခြေအနေကိုယ် မှန်မှန်ကန် ဆုပ်ကိုင်ပြီး ကျင်ကျင်လည်လည် ပါးပါးနပ်နပ် တိုက်ကြရမှာပါ။ ကိုယ်ရှုံးနိမ့်ရင် ကာလတခု နောက်ဆုတ်သွားနိုင်ပါတယ်။

ဦးကျိုးသွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီတိုက်ပွဲ အတွက် စာဖတ်သူကို အားဆေးဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီ ကိုကိုးကျွန်းအကြောင်း ကျနော်ပြောခဲ့တာတွေကို စာအုပ်လေး အသွင်ပြောင်းလိုက်တာဖြစ်ပါတယ်။

နောက်ပြီး ဒါဟာ ကိုကိုးကျွန်းအာဇာနည်တွေအပေါ် ကျနော် တတ်နိုင်သမျှ ကျေးဇူးဆပ်တာလို့လည်း ပြောနိုင်ပါတယ်။

ဗမာပြည် ပြည်သူများ မုချအောင်ပွဲခံရမည်။

ရဲဘော်ဖိုးသံချောင်း


ဆက်လက်ဖော်ပြပါမယ်။

No comments: