နံနက် ၈ နာရီ ၄၅ မိနစ်
အပိုင်စီးခံထားရသည့် လေယာဉ်တစင်းက ကမ္ဘာ့ကုန်သွယ်ရေးဌာန အဆောက်အဦ (WTC) ၏ မြောက်ဘက်မျှော်စင်ကို ဝင်တိုက်ပစ်လိုက်သည်။
နံနက် ၉ နာရီ ၃ မိနစ်
အပိုင်စီးခံထားရသည့် ဒုတိယ ခရီးသည် တင်လေယာဉ်တစင်းက တောင်ဘက်မျှော်စင်ကို ထပ်မံ ဝင်တိုက်ပစ်လိုက်ပြန် သည်။
နံနက် ၉ နာရီ ၁၇ မိနစ်
ပြည်ထောင်စုလေကြောင်းအာဏာပိုင်အဖွဲ့ က နယူးယောက်ဧရိယာအတွင်းရှိ လေဆိပ်အားလုံးကို ပိတ်ပစ်လိုက်သည်။
နံနက် ၉ နာရီ ၂၁ မိနစ်
နယူးယောက်ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က နယူးယောက်ဧရိယာအတွင်းရှိ တံတားများနှင့် တူးမြောင်းများကိုပိတ်ရန် အမိန့်ထုတ်လိုက်သည်။
နံနက် ၉ နာရီ ၃ဝ မိနစ်
သမ္မတဘုရှ်က တိုင်းပြည်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတရပ်ကို ခံနေရပြီဟု ဖလော်ရီဒါမှနေ၍ မိန့်ခွန်းပြောသည်။
နံနက် ၉ နာရီ ၄ဝ မိနစ်
ပြည်ထောင်စုလေကြောင်းအာဏာပိုင်အဖွဲ့က အမေရိကန်လေယာဉ်ခရီးစဉ်အားလုံးကို ရပ်ဆိုင်းလိုက်သည်။ ဤကဲ့သို့ တနိုင်ငံလုံးရှိ လေကြောင်းသွားလာမှုများ ရပ်ဆိုင်းခဲ့ခြင်းသည် အမေရိကန် ပြည်ထောင်စုတွင် ပထမဆုံးအကြိမ်ဖြစ်သည်။
နံနက် ၉ နာရီ ၄၃ မိနစ်
အပိုင်စီးခံထားရသည့် လေယာဉ်တစင်းက အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်အဆောက်အဦ ကို ဝင်တိုက်ပစ်လိုက်ပြန် သည်။
နံနက် ၉ နာရီ ၄၅ မိနစ်
အိမ်ဖြူတော်ဝန်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့သည်။
နံနက် ၉ နာရီ ၅၇ မိနစ်
သမ္မတဘုရှ် ဖလော်ရီဒါမှ ထွက်ခွာလာသည်။
နံနက် ၁ဝ နာရီ ဝ၅ မိနစ်
ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦ၏ တောင်ဘက်အဆောင်ပြိုကျသည်။ ဖုန်လုံးကြီးများ၊ ပြာမှုန်များ အလုံးအရင်းနှင့် ထွက်လာပြီး ပတ်ဝန်းကျင်တခုလုံး ဖုံးလွှမ်းသွားသည်။
နံနက် ၁ဝ နာရီ ၁ဝ မိနစ်
ပင်တဂွန်မှ အဆောင်တခု ပြိုကျသွားသည်။
နံနက် ၁ဝ နာရီ ၁ဝ မိနစ်
ပင်န်စဲန်ဗေးနီးယားပြည်နယ် ပစ်ဘာ့ဂ်မြို့အနီး အရှေ့တောင်ဘက်ရှိ ဆွန်မားဆက်ကောင်တီးတွင် ပြန်ပေးဆွဲခံထားရသည့် ယူနိုက်တက်လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် ၉၃ လေယာဉ် ပျက်ကျသည်။
နံနက် ၁ဝ နာရီ ၁၃ မိနစ်
ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အဆောက်အဦမှ ဝန်ထမ်း ၄၇ဝဝ ၊ ယူနီဆက်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရုံးများမှ ဝန်ထမ်း ၇ဝဝဝ တို့ကို ဘေးကင်းရာသို့ ပြောင်းရွှေ့စေသည်။
နံနက် ၁ဝ နာရီ ၂၂ မိနစ်
ဝါရှင်တန်ရှိ နိုင်ငံခြားရေးဌာန၊ တရားရေးဌာနနှင့် ကမ္ဘာ့ဘဏ်တို့မှ ဝန်ထမ်းများကိုလည်း ဘေးကင်းရာသို့ ပြောင်းရွှေ့ စေသည်။
နံနက် ၁ဝ နာရီ ၂၄ မိနစ်
အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်၍ အမေရိကန်ပြည်ထောင်စုသို့ ဦးတည်ပျံသန်းနေသော လေယာဉ်များကို ကနေဒါနိုင်ငံသို့ လမ်းကြောင်းပြောင်းပေးခဲ့သည်ဟု ပြည်ထောင်စုလေကြောင်း အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။
နံနက် ၁ဝ နာရီ ၂၈ မိနစ်
ကမ္ဘာ့ကုန်သွယ်ရေးဌာနအဆောက်အဦ၏ မြောက်ဘက်မျှော်စင်အဆောင်ပြိုကျသည်။ မီးခိုးလုံးကြီးများ၊ ပြာမှုန်များ လွင့်စင်ထွက်လာသည်။
နံနက် ၁ဝ နာရီ ၄၅ မိနစ်
ဝါရှင်တန်ရှိ အစိုးရရုံးများအားလုံး ဘေးကင်းရာသို့ ရွှေ့ပြောင်းသည်။
နံနက် ၁ဝ နာရီ ၄၆ မိနစ်
နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝဲလ်က လက်တင်အမေရိကခရီးစဉ်ကို ရပ်ဆိုင်းလိုက်သည်။
နံနက် ၁ဝ နာရီ ၅၇ မိနစ်
ပြည်နယ်အစိုးရရုံးများအားလုံး ပိတ်ကြောင်း အုပ်ချုပ်ရေးမှူး ဂျော့ခ်ျပက်တာကီက ကြေညာသည်။
နံနက် ၁၁ နာရီ ဝ၂ မိနစ်
နယူးယောက်မြို့တော်ဝန် ဂူလီယန်နီက ပြည်သူများအား အိမ်ပြင်မထွက်ရန် တိုက်တွန်းလိုက်ပြီး တူးမြောင်းလမ်း တောင်ပိုင်းဧရိယာမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်လိုက်သည်။
နံနက် ၁၁ နာရီ ၁၈ မိနစ်
အမေရိကန်လေကြောင်းလိုင်းက ၎င်း၏ လေယာဉ်နှစ်စင်းပျောက်ဆုံးကြောင်း သတင်းထုတ်ပြန်သည်။ ခရီးသည် ၈၁ ဦး၊ လေယာဉ်ဝန်ထမ်း ၁၁ ဦးပါ ဘော်စတွန်မှ လော့စ်အိန်ဂျလိစ်သို့ ပျံသန်းခဲ့သော ခရီးစဉ်အမှတ် ၁၁၊ ဘိုးအင်း ၇၆၇ အမျိုးအစားလေယာဉ်နှင့် ခရီးသည် ၅၈ ဦး၊ လေယာဉ်ဝန်ထမ်း ၆ ဦးပါ ဝါရှင်တန်မှ လော့စ်အိန်ဂျလိစ်သို့ပျံသန်းခဲ့သော ခရီးစဉ်အမှတ် ၇၇၊ ဘိုးအင်း ၇၅၇ အမျိုးအစား လေယာဉ်တို့ဖြစ်သည်။ ခရီးစဉ်အမှတ် ၁၁ လေယာဉ်မှာ ကမ္ဘာ့ ကုန်သွယ်ရေးဌာန အဆောက်အဦကို ဝင်တိုက်ခဲ့သော လေယာဉ်နှစ်စင်းအနက်မှ တစင်းဖြစ်သည်ဟု ယုံကြည်ရသည်။
နံနက် ၁၁ နာရီ ၂၆ မိနစ်
ယူနိုက်တက်လေကြောင်း ခရီးစဉ်အမှတ် ၉၃ နယူးဝပ်ခ်မှ ဆန်ဖရန်စ္စကိုသို့ပျံသန်းသော လေယာဉ်မှာ ပစ်ဘာ့ဂ်၏ အရှေ့တောင်ဖက် ပင်န်စဲန်ဗေးနီးယားတွင် ပျက်ကျခဲ့သည်ဟု ယူနိုက်တက်လေကြောင်းက သတင်းထုတ်ပြန်ခဲ့သည်။ ခရီးစဉ် အမှတ် ၁၇၅ အတွက်လည်း အလွန်အမင်းစိုးရိမ်နေသည်ဟု ယင်းလေကြောင်းလိုင်းက ပြောသည်။
နံနက် ၁၁ နာရီ ၅၉ မိနစ်
ခရီးသည် ၅၆ ဦးနှင့် လေယာဉ်ဝန်ထမ်း ၉ ဦးပါ ယူနိုက်တက်လေကြောင်းခရီးစဉ် အမှတ် ၁၇၅ ဘော်စတွန်မှ လော့စ်အိန်ဂျလိစ်သို့ပျံသန်းသော လေယာဉ်ပျက်ကျခဲ့ကြောင်း ယူနိုက်တက်လေကြောင်းလိုင်းက အတည်ပြုသည်။ အခင်းဖြစ်ပွားရာနေရာရှိ ကယ်ဆယ်ရေးလုပ်သားများက အသက်ရှင်ကျန်ရစ်သူမရှိဟု ဆိုသည်။
မွန်းလွဲ ၁ နာရီ ဝ၄ မိနစ်
ကမ္ဘာတဝှမ်းလုံးရှိ အမေရိကန်တပ်များကို တပ်လှန့်ထားမှု အပါအဝင် လိုအပ်သော လုံခြုံရေး အစီအမံများကို ဆောင်ရွက်ထားပြီဖြစ်ကြောင်း ဘာ့ဂ်စ်ဒေးလ် လေတပ်အခြေစိုက်စခန်းမှနေ၍ သမ္မတ ဘုရှ်က ပြောကြားသည်။
မွန်းလွဲ ၁ နာရီ ၂၇ မိနစ်
ဝါရှင်တန်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
မွန်းလွဲ ၁ နာရီ ၄၄ မိနစ်
ဗာဂျီးနီးယားပြည်နယ်၊ နော့ဖော့လ်က် အမေရိကန်ရေတပ်အခြေစိုက်စခန်းမှ လေယာဉ်တင်သင်္ဘော ၂ စင်းနှင့် စစ်သင်္ဘော ၅ စင်းတို့ နယူးယောက်ဧရိယာ အရှေ့ဖက်ကမ်းခြေသို့ ဦးတည်ထွက်ခွာပြီဖြစ်ကြောင်း ပင်တဂွန်မှ ကြေညာသည်။ အဆိုပါ လေယာဉ်တင်သင်္ဘောများသည် နယူးယောက်နှင့် ဝါရှင်တန်ဧရိယာအတွင်း လေကြောင်းလုံခြုံရေးကို အားဖြည့်ရန် ဖြစ်သည်။
မွန်းလွဲ ၁ နာရီ ၄၈ မိနစ်
သမ္မတ ဘုရှ် လူဝီစီယာနားပြည်နယ် ဘာ့က်စ် ဒေးလ်လေတပ်အခြေစိုက်စခန်းမှ ထွက်ခွာလာသည်။
မွန်းလွဲ ၂ နာရီတိတိ
အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ပျက်ကျသွားသော လေယာဉ် ၄ စင်းမှာ ပြန်ပေးဆွဲခံရသည်ဟု ယုံကြည်ရကြောင်း FBI က ဆိုသည်။
ညနေ ၅ နာရီ ၂ဝ မိနစ်
ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦနံဘေးရှိ ၄၇ ထပ် အဆောက်အဦတခု ပြိုကျသွားသည်။
ည ၈ နာရီ ၃ဝ မိနစ်
သမ္မတဘုရှ်က တနိုင်ငံလုံးကို မိန့်ခွန်းပြောရာတွင် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သမားများအား အကာအကွယ်ပေးသည့်နိုင်ငံများကိုပါ အရေးယူ တိုက်ခိုက်သွားမည်ဟု ပြောကြားသွားသည်။ ။
No comments:
Post a Comment