Thursday, September 10, 2009

သူရဲဘောကြောင်လှသည့် လုပ်ရပ်ဆိုး

အမေရိကန်နိုင်ငံ၏သမိုင်းတွင် နှစ်ပေါင်း ၅ဝ ကျော်အတွင်း အကြီးမားဆုံး တိုက်ခိုက်ခံရမှုကြီးကို (မြန်မာပြည်သူ အများစုကြီးမှလွဲ၍) ကမ္ဘာ့ပြည်သူအားလုံး ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရပေပြီ။


နိုင်ငံအများအပြားမှ ရာနှင့်ချီသော ကမ္ဘာ့လူသားတို့ ယခုထိ ပျောက်ဆုံးနေဆဲ။ အသက်ရှင်လျှက် ပြန်တွေ့ရန်မူ မျှော်လင့်ချက်က နည်းလှ၏။


စစ်အေးလွန်ခေတ် ကမ္ဘာ့အင်အားကြီးနိုင်ငံတခု၏ မူဝါဒများ၊ ဝင်ရောက်စွက်ဖက်ခဲ့မှုနှင့် ကမ္ဘာ့ပြဿနာများအပေါ် ဦးဆောင် လွှမ်းမိုး ကြားဝင်နေမှုများကို ကျနော်တဦးတည်းအနေဖြင့် ဘဝင်မကျသော အစိတ်အပိုင်းများရှိပါသည်။ သို့ သော် ယခုဖြစ်ရပ်၌ ပို၍ဘဝင်မကျ ဒေါသဖြစ်ရသည်ကား အကြမ်းဖက်သမားများအပေါ်သာဖြစ်သည်။ တနည်း အကြမ်းဖက်သမားတို့၏ လူမဆန်သော သူရဲဘောကြောင်သည့် လုပ်ရပ်ဆိုးကြီးကိုပင် ဖြစ်ပေ၏။


အခင်းဖြစ်သည့်နေ့က CNN (Cable News Network) သတင်းဌာန ၏ တိုက်ရိုက်ထုတ်လွှင့်ပြသနေမှုကို ရုပ်မြင်ဖန်သားပြင်ပေါ်တွင် အံ့သြထိတ်လန့်ဖွယ်ရာ မြင်တွေ့နေရသည်။


နယူးယော့ခ်တမြို့လုံးအပေါ် လွင့်ပြို ဖုံးအုပ်လာသော မီးခိုးလုံးကြီးများ၊ အလဲလဲအပြိုပြိုနှင့် ပြေးလွှားနေကြ သူများ၊ မီးလောင်နေသော ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦပေါ် ကျန်ရစ်ခဲ့ကြသူများအတွက် အော်ဟစ်ငိုကြွေး အကူအညီတောင်းနေသူများ စသည့် အနိဌာရုံများဖြင့် နယူးယော့ခ်မြို့ကြီး နာကျင်နေတော့သည်။



အကြမ်းဖက်သမားတို့၏ ကျူးကျော်တိုက်ခိုက်မှုပစ်မှတ်သည် အဘယကြောင့် အပြစ်မဲ့ပြည်သူလူထုအပေါ် ဦးတည်ခဲ့ရပါသနည်း။


ရုပ်မြင်ဖန်သားပြင်ပေါ်မှ အဖြစ်အပျက်ဆိုးများကို ကြည့်ရှုနေရင်း အထက်ပါမေးခွန်းက ကျနော်၏ တဒင်္ဂအာရုံထဲ ဝင်ရောက်လာချိန် ကျနော့်အတွေးကလည်း ကျနော်တို့၏ အတိတ်စာမျက်နှာကို ဆွဲလှန်ပစ်လိုက်၏။


ရှစ်လေးလုံး အရေးအခင်းကာလ …။ တပါတီအာဏာရှင်စနစ် နှင့် စစ်အာဏာရှင်စနစ်နှစ်ရပ်ကို ပေါင်းစည်း၍ ဖိနှိပ်အုပ်ချုပ်ခံနေရမှုအောက်မှ လွတ်မြောက်ရေးအတွက် မြန်မာပြည်အဝှမ်းရှိ လူမျိုးစုံ ပြည်သူလူထုနှင့် လူတန်းစား အလွှာအသီးသီးတို့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေသည့်အချိန်။


စစ်အာဏာရှင်ချုပ်မှူးကြီး ဗိုလ်နေဝင်း၏ “ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ တွေမပါဘူး” ဆိုသော ကမ္ဘာကျော် အစွန်းရောက် စကားလုံးကြီး ကြမ်းကြမ်းတမ်းတမ်း ထွက်ကျလာပြီးနောက် များမကြာမီ …။


စစ်အုပ်စု လက်ကိုင်တုတ်တပ်ဖွဲ့ဝင်များ၏ သွေးအေးအေးဖြင့် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြီးကို ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူမျိုးစုံပြည်သူလူထုကြီး ခံလိုက်ရတော့သည်။


လက်နက်ဆို၍ အပ်တိုတချောင်းမျှပင်မရှိသော လူသားအခွင့်အရေး မွတ်သိပ်တောင့်တမှုတို့ကို နှလုံးသားထဲတွင် သယ်ဆောင်လာသော၊ ယုံကြည်ချက်ထဲတွင် ဘဝကို လွတ်လပ်စွာ ရှင်သန်နေထိုင်လိုသော လူမျိုးစုံပြည်သူလူထုကြီးကား လက်နက်သည်သာ တန်ခိုး အာဏာ အမိန့် ဟု အစွန်းရောက် အတွေးအခေါ်ပိုင်ရှင် စစ်အုပ်စု၏ အကြမ်းဖက်မှုကြီးကို အပြစ်မဲ့စွာ ခံခဲ့ရပေသည်။


မှတ်မိသေးသည်။ ရှစ်လေးလုံး အရေးအခင်းကာလမှာပင်ဖြစ်၏။


ကျနော် အပါအဝင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြ တောင်းဆိုလာသော အလွှာအသီးသီး လူစုလူဝေးကြီးနှင့် စစ်အုပ်စုလက်ကိုင်တုတ် တပ်ခွဲတခွဲတို့ ပုဇွန်တောင်ဈေးကြီးရှေ့ လမ်းမပေါ်တွင် ထိပ်တိုက်တိုးသည့်နေ့ …။


“ခင်ဗျားတို့ အားလုံးထိုင်ကြပါ၊ ခင်ဗျားတို့ရဲ့လိုအပ်ချက်ကို ပြောပါ၊ ကျနော်တို့ ဆွေးနွေးကြရအောင် အားလုံး ထိုင်ကြပါ”


စစ်လက်နက်အပြည့်ဖြင့် စီတန်း ပိတ်ဆို့ထားသော တပ်ဖွဲ့ဝင်များ၏ အလယ်မှ စစ်အရာရှိ၏ Hand Speaker ဖြင့် လှမ်းအော်သံအဆုံး …။


မိမိတို့ ဦးတည်ချက်ရောက်သည်အထိ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြမည်၊ စစ်တပ်မှ လမ်းဖယ်ပေးပါဟု ဆွေးနွေးကြမည်ဆိုကာ ကတ္တရာလမ်းမပေါ် ထိုင်လိုက်ကြသည်။


သို့သော် ကျနော်တို့ လူစုလူဝေးကြီး လမ်းမပေါ်ထိုင်ချလို့မှ မပြီးသေး၊ လူအုပ်တွင်းသို့ အဆက်မပြတ် ပစ်ခတ် လိုက်သော သေနတ်သံများ ထွက်လာ၏။


ပြေးသူ ပြေး၊ သေနတ်မှန်၍ လဲကျန်သူ ကျန်၊ ဒဏ်ရာရသူတို့ကို ထမ်းသူကထမ်းနှင့် ကျနော်တို့ လူစုလူဝေးကြီး ကမ္ဘာပျက်ခဲ့ရသည်။ ကျနော်တို့အား ဆွေးနွေးကြရအောင်ဟု လိမ်လည်လှည့်ဖျားသော အဆိုပါ စစ်အရာရှိအပေါ်ကိုလည်း ဒေါသအိုးများ ပေါက်ကွဲခဲ့ရသည်။ အကြံပက်စက်ပြီး သူရဲဘောကြောင်လှသောလုပ်ရပ်နှင့် အာဏာရှင် လက်ကိုင်တုတ် စစ် အရာရှိဆိုးကြောင့် သေကြေဒဏ်ရာရသူတွေ ထိုနေ့က မနည်း … … …။



ဟော … နောက်ထပ် ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦကြီး ပြိုကျသွားပြန်ပြီ။ ပင်တဂွန်စစ်ဌာနချုပ်တွင်လည်း အကြီးအကျယ် မီးလောင်နေ၏။ ရုပ်မြင် ဖန်သားပြင်တခုလုံး လောင်ကျွမ်းနေသည်ဟု ကျနော် ခံစားနေရသည်။


ထို့အပြင် အစွန်းရောက် အကြမ်းဖက်သမားတို့၏ သူရဲဘောကြောင်လှသော လုပ်ရပ်ကြီးကို ရုပ်မြင်ဖန်သားပြင် ပေါ်ကြည့်နေရင်း ရှစ်လေးလုံး အရေးအခင်းကာလ စစ်အာဏာရှင်တို့၏ ပစ်ခတ်ဖြိုခွင်းသတ်ဖြတ်ခဲ့သော မြင်ကွင်းတွေဆီ ကျနော့်အတွေးက လွန်းထိုးနေပြန်တော့၏။


နယူးယော့ခ်မြို့ကြီးပေါ် မီးခိုးလုံးတွေက ဖုံးအုပ်နေဆဲ။


မြန်မာပြည်သူလူထုအပေါ်တွင်လည်း စစ်အာဏာရှင် မီးခိုးမှိုင်းကြီးက အုပ်စီးလွှမ်းမိုးထားနိုင်ရန် ပင်ပန်းတကြီး ကြိုးစားနေဆဲ။


သို့သော်လည်း မချေဖျက်၊ မမေ့ပျောက်နိုင်သောဖြစ်ရပ်က မွေးထုတ်ပေးလိုက်သည့် စိတ်ဓာတ်နှင့် ယုံကြည်မှု အလင်းတန်းတို့က ထိုမီးခိုးမှိုင်းကြီးများကို ဝှေ့ယမ်းဖယ်ရှားနေပြီ မဟုတ်ပါလား။ ။



ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၁၂

အောက်တိုဘာ ၁၆ ရက် ၂၀၀၁ ခုနှစ်



(ဓာတ်ပုံ - အင်တာနက်)


No comments: